Tuesday, May 13, 2008

နည်းလမ်းစဉ် သရုပ်ခွဲပညာ မိတ်ဆက်

ကိုလောရှည်ကတဲ့ပွဲ က အပြန် ဒီဆောင်းပါးလေး ကို ခွင့်ပြူချက်ရယူပြီး မလာခဲ့ပါတယ်။ ဈေးကောင်းရလျင် ပြန်ရောင်းမည် ဖြစ်ပါကြောင်းခင်ဗျား :P။

နည်းလမ်းစဉ် သရုပ်ခွဲပညာ မိတ်ဆက်
ကမ္ဘာအရပ်ရပ်မှာရှိတဲ့ တက္ကသိုလ်တွေ ၊ သုတေသန ဌာနတွေနဲ့ ဓာတ်ခွဲခန်းအသီးသီးမှာ နည်းလမ်းစဉ် (Algorithm) တွေကို လေ့လာပြီး အသစ်တွေ့ရှိချက်တွေကို အပြေးအလွှား မှတ်ပုံတင် (Patent လုပ်) နေကြပါတယ် ။ နည်းလမ်းစဉ်ကို နည်းပညာ (Technology) တစ်ရပ်အဖြစ် သတ်မှတ်လာကြပြီး Google, Miscosoft နဲ့ Oracle စတဲ့ နည်းပညာ လုပ်ငန်းကြီးတွေက နည်းလမ်းစဉ် သုတေသနတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်လာတာကြောင့် နည်းလမ်းစဉ် သရုပ်ခွဲပညာ (Analysis of Algorithm) ရဲ့ အရေးပါမှုဟာ ကျယ်ပြန့်လာပါတယ် ။ ဒီစာတမ်းငယ်မှာ နည်းလမ်းစဉ် သရုပ်ခွဲပညာကို မိတ်ဆက်ပေးဖို့ အောက်ပါပုစ္ဆာလေးကို စဉ်းစားကြည့်ပါမယ် ။ပုစ္ဆာ ။ ။ အပင်တစ်ပင် (Tree) တစ်ခုကို ပေးထားပါမယ် ။ အဆစ်တစ်ခု (Node) တစ်ခုမှာ ကိုင်းခွဲ (Edge) နှစ်ခု ရှိပါမယ် ။ ကပ်လျက် အဆစ် နှစ်ခုရဲ့ ဘယ်ကိုင်းခွဲနဲ့ ညာကိုင်းခွဲက အဆစ်တစ်ခုထဲမှာ သွားဆုံပါမယ် ။ အဆစ်တိုင်းမှာ တန်ဖိုးတစ်ခု တွဲလျက်ရှိပါမယ် ။ အမြစ် (Root) ကနေပြီး အရွက် (Leaf) တစ်ခုကို သွားဖို့ လမ်းတစ်ခုစီ (Path) ရဲ့ တန်ဖိုးကို လမ်းတလျှောက်က အဆစ်တွေရဲ့ တန်ဖိုးတွေပေါင်းလဒ်အဖြစ် အဓိပ္ပါယ်သတ်မှတ်ပါမယ် ။ အနက် - သို့မဟုတ် အမြင့် - (Depth) ၂ သို့မဟုတ် ၂ ထက်ပိုတဲ့ အပင်တွေမှာ အရွက်ပေါင်းများစွာ ရှိမှာဖြစ်ပြီး အရွက်တစ်ရွက်စီကို သွားဖို့ လမ်းကြောင်းကလဲ ၁ ခု သို့မဟုတ် ၁ ခုထက် ပိုမှာဖြစ်ပါတယ် ။ ပုံကို ကြည့်ပါ ။

ပုံမှာ အပေါ်က ပြောထားတဲ့ အပင်မျိုး တစ်ပင်ကို ပြထားပါတယ် ။ အဆစ်တွေနဲ့ အကိုင်းတွေကို စက်ဝိုင်းတွေနဲ့ မျဉ်းကြောင်းတွေနဲ့ ပြထားပါတယ် ။ မျဉ်းထူနဲ့ ပြထားတဲ့ လိုင်းကြောင်းက ဒီအပင်ရဲ့ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်းပါ ။ အောက်က ၂၅ ဆိုတာက အဲဒီ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်းရဲ့ တန်ဖိုးပါ။ အဲဒီတန်ဖိုးကို တွက်ထုတ်တဲ့ ပုစ္ဆာကို စဉ်းစားကြည့်ရအောင်။ဒါမျိုးပုစ္ဆာအတွက်ဆိုရင် လူတော်တော်များများက လောဘကြီးတဲ့ချဉ်းးကပ်နည်း (Greedy approach) ကို စဉ်းစားမိတတ်ကြပါတယ် ။ ဒီပုစ္ဆာမှာတော့ လောဘကြီးတဲ့နည်းနဲ့ ချဉ်းကပ်လို့ မရပါဘူး ။ ဘာလို့လဲဆိုတော့ တတိယမြောက် အဆင့်မှာ ၇ တန်ဖိုးရှိတဲ့ အဆစ်ကနေ ၃ နဲ့ ၄ တန်ဖိုးရှိတဲ့ အဆစ်တွေကို ရွေးရာမှာ လောဘကြီးပြီး တန်ဖိုး ၄ ရှိတဲ့ အဆစ်ကို ရွေးလိုက်ရင် အောက်ဆုံး အဆင့်က တန်ဖိုး ၉ ရှိတဲ့ အဆစ်ကို လွတ်သွားမှာ ဖြစ်လို့ပါပဲ ။ (လောဘကြီးတဲ့ ချဉ်းကပ်နည်းနဲ့ စဉ်းစားလို့ရ ၊ မရကို သက်သေပြတာ ၊ စဉ်းစားလို့ ရအောင် ကြိုးစားကြတာဟာလဲ နည်းလမ်းစဉ် သရုပ်ခွဲပညာရဲ့ အကိုင်းအခက် တစ်ခုပဲ ဖြစ်ပါတယ် ။)စာရေးသူ ၂၀၀၀ ခုနှစ်တုန်းက ဒီပုစ္ဆာကို ရှင်းဖို့ နည်းလမ်းစဉ် (Algorithm) တစ်ခုကို စဉ်းစားဖူးပါတယ် ။ အပင်ကို လှဲ၊ အဆစ်တွေကို အမှတ်စဉ်တပ်ပြီး အမှတ်စဉ်ရေတွက်သလို လမ်းကြောင်းတစ်ခုချင်း အပြန်ပြန်၊ အလှန်လှန် တွက်တဲ့ ပင်ပန်းတဲ့ (Exhaustive) နည်းနဲ့ပါ ။ အောက်ပါပုံမှာ ကြည့်ပါ ။

တွက်ပုံတွက်နည်းကတော့ လက်ရှိပေါင်းကြည့်မဲ့ လမ်းကြောင်းကို တနေရာမှာ သိမ်းထားပါတယ် ။ (၀ ကဘယ်ဘက် ၁ ကညာဘက်ပါ ။ C/C++ နဲ့ ဆိုရင်တော့ Integer variable တစ်ခုထဲကို ၁ ပေါင်း Shift operation တွေနဲ့ ရွှေ့ယူပြီး လမ်းကြောင်းကို တွက်ထုတ်လို့ရပေမဲ့ Pascal ရဲ့ ကန့်သတ်ချက်တွေကြောင့် တစ်ကြောင်း ၊ အဲဒီတုန်းက ငယ်သေးတာက တစ်ကြောင်းမို့လို့ ဒီ Permutation with repetition ကို ကိုယ့်ဘာသာကိုယ် ရေးပစ်လိုက်ပါတယ် ။ )ဒီအပင်ကို တြိဂံပုံ မေးထရစ် မှာသိမ်းထားတယ်လို့ မြင်ရင် ပေါင်းရမဲ့တန်ဖိုး (အဆစ်) တွေရဲ့ တည်နေရာကို current_level တန်း၊ column_of_previous_level + path_value_of_current_level တိုင် မှာ ရှာတွေ့နိုင်ပါတယ် ။ အဲဒီအဆစ်တွေရဲ့ တန်ဖိုးတွေ ပေါင်းလိုက်ရင် လက်ရှိလမ်းကြောင်းရဲ့ တန်ဖိုးကို ရပါပြီ ။ ဒီတန်ဖိုးတွေကို အကြီးဆုံးကိန်းရှာတဲ့ နည်းလမ်းစဉ်ထဲ ထည့်လိုက်ရင် အကြီးဆုံးလမ်းကြောင်းတန်ဖိုးကို ရပြီပေါ့ ။ ဒါပေမဲ့ Borland’s Turbo Pascal 7.0 Compiler နဲ့ Compile လုပ်ထားတဲ့ ပရိုဂရမ်ကို Pentium MMX 166 MHz, 32 MB RAM ပါတဲ့စက်နဲ့ အနက် ၃၀ ရှိတဲ့ အပင်ကို မနက် ၁၀ နာရီကနေ စတွက်တာ ညနေ ၅ နာရီအထိ အဖြေမထွက်နိုင်သေးပဲ တွက်ကောင်းတုန်း ဖြစ်နေပါတယ် ။ (အခု Intel Core 2 Duo E6550 2.33GHz, 2 x 2MB L2 Cache, 1066 MHz FSB, 4 x 1GB DDR2 667MHz RAM နဲ့ တွက်ခိုင်းကြည့်တာ ၃၂ စက္ကန့်ကြာမြင့်ပါတယ် ။ )ဘာမှားသွားလဲ အဖြေရှာမကြည့်ခင်မှာ ကျွန်တော့်ဆရာပေးတဲ့ နည်းလမ်းစဉ်က ၁ မိနစ်အတွင်း တွက်လို့ပြီးတယ်ဆိုတာကို ဖြည့်ပြောချင်ပါတယ် ။ သူသုံးတဲ့နည်းလမ်းကတော့ Recursive with table lookup လို့ခေါ်တဲ့ ပေါင်းစပ် အစီအစဉ်ဆွဲနည်း (Dynamic programming) ဖြစ်ပါတယ် ။ (ပေါင်းစပ်အစီအစဉ်ဆွဲနည်းဟာလဲ လောဘကြီးတဲ့ ချဉ်းကပ်နည်းလိုပဲ အရေးပါတဲ့ နည်းလမ်းတစ်ခုပါ ။ ) သူက အဖြေကို ဒီလို ပုံစံထုတ်ပါတယ် ။ အရွက်မဟုတ်တဲ့ အဆစ်တစ်ခု (အဆစ် ဆ) ကနေ အရွက်တွေဆီသွားတဲ့ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်းဟာ အဲဒီအဆစ်ရဲ့ ဘယ်ဘက် ညာဘက် အဆစ် (ဆ ရဲ့ ဘယ်ဘက် အဆစ် သို့မဟုတ် ညာဘက်အဆစ်) တွေကနေ အရွက်တွေဆီသွားတဲ့ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်း ၂ ခုထဲက ပိုများတဲ့ လမ်းကြောင်းရဲ့ တန်ဖိုးကို အဲဒီ အဆစ် (ဆ) ရဲ့ တန်ဖိုး ပေါင်းထည့်ထားတာဖြစ်ပြီး အရွက်တွေရဲ့ အမြင့်ဆုံးလမ်းကြောင်း တန်ဖိုးကတော့ သူတို့ကိုယ်တိုင်ရဲ့ တန်ဖိုးပဲ ဖြစ်ပါတယ် ။ဟိုး … စာဖတ်သူ … ဟိုး … ဒီအတိုင်း Recursive နဲ့ ရေးလိုက်တဲ့ အစီအစဉ် (program) ဟာလဲ အပေါ်က ပင်ပန်းတဲ့နည်းလိုပဲ နာရီပေါင်းများစွာ ကြာမြင့်သွားနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ အနက် ၂ မှာရှိတဲ့ အဆစ် ၀ နဲ့ အဆစ် ၁ တို့ရဲ့ အဖြေဟာ သူတို့ ၂ ခုရဲ့ ဘုံဆက်ခံသူ အနက် ၃ ၊ အဆစ် ၁ ရဲ့ အဖြေပေါ်မူတည်နေလို့ ဖြစ်ပါတယ် ။ တကယ်လို့သာ ရိုးရိုး Recursive နဲ့ ရေးလိုက်မယ်ဆိုရင် အဲဒီအဖြေကို ၂ ခါပြန်တွက်ရမှာ ဖြစ်ပါတယ် ။ အဲဒါကြောင့်မို့လို့ အဲဒီ အပင်နဲ့ အရွယ်အစားတူ အပင်တစ်ပင်ထပ်စိုက် … အဲ အဲ တည်ဆောက်ပြီး တွက်ပြီးသား ရလဒ်တွေကို သိမ်းထားပါမယ် ။ နောက်တခါ တွက်ဖို့ လိုအပ်လာတိုင်းမှာ အဲဒီရလဒ်တွေကို ပြန်ကြည့်ပြီး တွက်ပြီးသားဆိုရင် ဒီတိုင်းယူသုံးလိုက်မှ အဆင်ပြေပါလိမ့်မယ် ။ပေါင်းစပ် အစီအစဉ်ဆွဲခြင်း စစ်စစ်ကတော့ အောက်ဆုံးအဆင့်ကနေ အထက်ကို ဖြည်းဖြည်းချင်း အဖြေတွက်လာတဲ့ နည်းဖြစ်ပြီး ခုနက နည်းထက် နည်းနည်းပိုမြန်းပါတယ် ။ ဘာလို့လဲဆိုတော့ မှီချက်တွေကို ခေါ်တဲ့အခါ (Function calls) ၀န်ပို (Overhead) နည်းနည်း ရှိတတ်လို့ ဖြစ်ပါတယ် ။ (အခု Intel Core 2 Duo E6550 2.33GHz, 2 x 2MB L2 Cache, 1066 MHz FSB, 4 x 1GB DDR2 667MHz RAM နဲ့ တွက်ကြည့်တာ ၂ နည်းစလုံး ၁ စက္ကန့်အောက်သာကြာမြင့်ပါတယ် ။ )နည်းလမ်းစဉ် သရုပ်ခွဲပညာမှာ အရေးပါတဲ့ အစိတ်အပိုင်း ၃ ခုရှိပါတယ် ။ ပထမတစ်ခုက နည်းလမ်းစဉ်ရဲ့ မှန်ကန်မှု (Correctness of the Algorithm) ဖြစ်ပါတယ် ။ အပေါ်က ဥပမာမှာ နည်းလမ်းစဉ်အားလုံး မှန်ကန်ကြပါတယ် ။ ဒုတိယတစ်ခုက အချိန်ကြာမြင့်မှု (Time Complexity) ဖြစ်ပြီး နောက်ဆုံးတစ်ခုက သိမ်းဆည်းမှု လိုအပ်ချက် (Space Complexity) ဖြစ်ပါတယ် ။ ပင်ပန်းတဲ့နည်းက အချိန်ပိုကြာပေမဲ့ သိမ်းဆည်းမှု လိုအပ်ချက် နိမ့်ပါတယ် ။ အဖြေတွေကို ပေါင်းစပ်တဲ့နည်းက အချိန်မကြာပေမဲ့ သိမ်းဆည်းမှု လိုအပ်ချက် မြင့်တယ်လို့ ကောက်ချက်ချနိုင်ပါတယ် ။ ပုစ္ဆာတစ်ရပ်အတွက် နည်းလမ်းစဉ်အမျိုးမျိုး ရှိနေတတ်တာမို့ နည်းလမ်းစဉ် သရုပ်ခွဲပညာကို ဒီလိုလေ့လာမှုမျိုးလုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်လို့ တင်ပြရင်း မိတ်ဆက်စာတမ်းငယ်ကို နိဂုံးချုပ်အပ်ပါတယ် ။ ယခုလက်ရှိမှာတော့ ကွန်ပျူတာသိပ္ပံမှ ပြဿနာများ စာတမ်းကို ရွှေပွဲလာများ ဖတ်ရှုဖို့ ရေးသားနေပါတယ်ခင်ဗျာ ။အောက်မှာ မြင်ရတာကတော့ စာရေးသူပြန်ရေးထားတဲ့ C Code တွေဖြစ်ပါတယ်ခင်ဗျာ ။

မှတ်ချက်။ မကြာခင် ကိုလောရှည်ဆီမှ တောင်းယူထားသော VC++8.0 Project source code file ကို upload တင်ပေးပါ့မယ် ခန စောင့်စားပေးပါရန် တောင်းပန်ပါတယ်ခင်ဗျာ။ ဘလူးဖီးနစ်

ဆက်လက်ဖတ်ရှုရန်

Monday, May 12, 2008

USB Drive တစ်ခုခုကို ဖြုတ်တဲ့အခါ Ejecting Problem ဖြစ်နေရင် ဘယ်လိုဖြုတ်မလဲ။

ကွန်ပြူတာအသုံးပြုသူအားလုံး ရင်ဆိုင်ရဖူးတဲ့ ပြဿနာတွေထဲက တစ်ခုပါ။ USB Drive ကို Safely Remove Hardware Icon လေး နှိပ်ပြီး ဖြုတ်ပေမယ့် The Device ‘Generic Volume’ cannot be stopped right now. Try stopping the device again later. ဆိုတဲ့ Ejecting Problem message box တက်လာတတ်ပါတယ်။


အဲဒီလိုဖြစ်လာရင် USB Drive ထဲက Program တွေ၊ File တွေ Floder တွေ ဖွင့်ထားသလား Task Bar နဲ့ System Tray မှာ စစ်ကြည့်ပါ။ ဖွင့်ထားရင် ဖွင့်ထားတာတွေ အားလုံးကို ပြန်ပိတ်ပြီး USB Drive ကို ဖြုတ်ကြည့်ပါ။ မရသေးရင် USB Drive နဲ့ ဆက်နွယ်ခဲ့တဲ့ Program တွေဖွင့်ထားရင် ပိတ်ပြီး ပြန်ဖြုတ်ကြည့်ပါ။ ပြဿနာ တက်နေသေးရင် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိပါတယ်။
ပထမနည်းလမ်းကတော့ Task Manager ကိုဖွင့်ပြီး ဖြေရှင်းပါမယ်။ Ctrl+Alt+Delete ကို နှိပ်ပါ။ Windows Vista မှာတော့ Start Task Manager ကို နှိပ်ပါ။ Processes Tab ကို နှိပ်ပါ။ Processes List ထဲမှာ USB Drive ကလို့ထင်ရတဲ့ Process တစ်ခုခုကို ရွေးချယ်ပါ။ End Process Tab ကို နှိပ်ပါ။ ပြီးရင် Safely Remove Hardware Icon ကို နှိပ်ပြီး ဖြုတ်ကြည့် ပါ။


အဲဒီလုပ်လို့မှမရရင် ခုနက Process ကို Right click နှိပ်ပြီး End Process Tree ကို နှိပ်ပါ။ USB Drive ကို ဖြုတ်ကြည့်ပါ။
ဒုတိယနည်းလမ်းကတော့ ကွန်ပြူတာကို Shut Down လုပ်ပြီး USB Drive ကို Remove လုပ်တဲ့နည်းပါပဲ။ ဒါပေမယ့် ဒီနည်းကတော့ Computer ကို Reboot လုပ်ရမှာမို့ အချိန်ကုန်ပါတယ်။
တကယ်လို့ အခု ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးပြုလို့မှ မအောင်မြင်ခဲ့ရင် နောက်နည်းလမ်းတစ်ခုကို သုံးပါမယ်။ USB Safely Remove Program ကို Download လုပ်ပြီး Install လုပ်ပါ။ အဲဒီ Program ဟာ System Tray ထဲက Safely Remove Hardware နေရာမှာ Icon တစ်ခုနေနဲ့ ပေါ်နေမှာ ဖြစ်ပါတယ်။ ဒီ Program ကို သုံးပြီး ဘယ် Process တွေကြောင့် ဒီ ပြဿနာ ဖြစ်ရသလဲ ဆိုတာ သိနိုင်သလို၊ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ Program မှာ အခြား Feature တွေလည်း ပါရှိသေးတယ်။ USB Drive တွေကို နာမည် ပြောင်းပြီး၊ Drive တစ်ခုစီကို ရပ်ဖို့ Hot-key တစ်ခုစီကို Set လုပ်ပြီး၊ Auto Run Option လေးတွေ လုပ်လို့ရတယ်။ တကယ်လို့ Program တွေ Auto loading လုပ်တာ မလိုလားရင် Run on Windows Startup Option ကို 0ff ထားပြီး၊ USB Safely Remove Program ကို လိုအပ်တဲ့ အချိန်မှာပဲ ဖွင့်ပြီး အသုံးပြုနိုင်ပါတယ်မယ်။

(This article is dedicated to beginners only)
Ref: http://www.pcworld.com/ Safely Remove Software post in warez-bb

ဆက်လက်ဖတ်ရှုရန်

Friday, May 9, 2008

How to fix System Restore?

PC မှာ Restore Point ဟောင်းတွေ မရှိတော့ဘူး။ Windows ကလည်း Restore Point တွေ နောက်ထပ် ဖန်တီးမပေးတော့ဘူး။ System Restore ကို ဘယ်လို ပြန်ပြင်မလဲ ???

Windows XP နဲ့ Vista မှာ System Restore ဟာ Registry နဲ့ အရေးကြီးတဲ့ System file တွေကို အလိုလျောက် မကြာခဏ ထိန်းသိမ်းထားပေးပါတယ်။ ဒါပေမယ့် System Restore က Back up တွေ Restore Point တွေကို ဖန်တီး မပေးနိုင်တော့တဲ့ အခြေအနေတွေ ရှိလာတတ်ပါတယ်။
Free Space အလုံအလောက် မရှိတဲ့အခါ။ Restore Point တစ်ခုကို create လုပ်ဖို့ System Partation (သို့) System Drive မှာ အနည်းဆုံး Free Space 200 MB လိုပါတယ်။ တကယ်လို့ Free Space လုံလုံလောက်လောက် မရှိခဲ့ရင် PC ဟာ Restore Point အသစ်တွေကို ဆက်လက် Create လုပ်ပေးတော့မှာမဟုတ်ပါဘူး။ ပြီးတော့ ရှိပြီးသား Restore Point တွေကိုလည်း ဖျက်ပစ်နိုင်ပါတယ်။
Task Scheduler အလုပ် မလုပ်တဲ့အခါ။ System Restore ဟာ Restore Point တွေကို နေ့စဉ်အလိုလျောက် Create လုပ်ပေးနိုင်ဖို့ Windows ရဲ့ Task Scheduler ကို အသုံးပြုပါတယ်။ Task Scheduler အလုပ် လုပ်/မလုပ် စစ်ဆေးဖို့ Start ကိုနှိပ်၊ Run မှာ services.msc ကို ရိုက်ပြီး ၀င်ပါ။ Services Dialog Box ပေါ်လာရင် Scroll Bar နဲ့ အောက်ကိုဆင်း၊ Task Scheduler မှာ Right Click နှိပ်ပြီး Properties ကို ရွေးပါ။ Service Status မှာ Start လုပ်မထားသေးရင် Start ကို နှိပ်ပါ။ ပြီးရင် Startup Type မှာ Automatic ကို ရွေးပြီး OK ကို နှိပ်ပါ။
Operating System မရပ်မနား အမြဲအလုပ်လုပ်နေရတဲ့အခါ။ System Restore ဟာ PC ဖွင့်ထားပေမယ့် အလုပ်မလုပ်ဘဲ နားနေတဲ့အချိန် (Idel State)မှာ Restore Point တွေကို အလိုလျောက် အမြဲ ဖန်တီးပေးပါတယ်။ PC ကို အမြဲ ပိတ်ထားရင် ဒါမှမဟုတ် အမြဲအလုပ်လုပ်နေရင် System Restore ဟာ အလုပ်လုပ်မှာ မဟုတ်ပါဘူး။
System Restore ဟာ ပုံမှန် အလုပ်လုပ်နေရင်တောင်မှ Restore Point တိုင်းကို အသုံးပြုလို့မရပါဘူး။ Restore Point တိုင်းဟာ ပြည့်စုံတဲ့ Back up တွေ မဟုတ်ပါဘူး။ Restore Point တစ်ခုစီဟာ ယခင် Restore Point နောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပြောင်းလဲမှုတွေကိုသာ ထိန်းသိမ်းထားပါတယ်။ မူလအခြေနေကောင်းတစ်ခုခုကို ပြန်လည်ရယူနိုင်ဖို့ System Restore ဟာ Restore Point တွေအားလုံးကို အသုံးပြုရတဲ့ အခြေနေတွေကြုံလာတတ်ပါ တယ်။ အဲဒီလိုကြုံလာရတဲ့ အခြေအနေမျိုးမှာ Restore Point တစ်ခုခု ပျက်စီးသွားခဲ့မယ်ဆိုရင် တခြား Restore Point တွေကိုလည်း သုံးလို့ရတော့မှာမဟုတ်ပါဘူး။
တကယ်လို့ အလုပ်ဆက်လုပ်ဖို့ Restore Point တစ်ခုမှ မရနိုင်တော့ဘူးဆိုရင် Restore Point အားလုံးကို ဖျက်ပစ်ပါ။ System Restore ကို Off လုပ်ပြီး ပြန် On ပါ။ Window XP မှာ Start ကို နှိပ်ပြီး Run မှာ sysdm.cpl ကို ရေးပြီး ၀င်ပါ။ System Restore Properties Dialog Box မှာ System Restore Tab ကို နှိပ်ပြီး Turn off System Restore on all drives ဘေးမှာ အမှန်ခြစ်ကလေး ပေးလိုက်ပါ။ Apply ကို နှိပ်ပါ။ ပြီးရင် စောစောက အမှန်ခြစ်ထားတာ လေးကို ပြန်ဖြုတ်ပြီး OK ကို နှိပ်ပါ။ Window Vista မှာဆိုရင် Start ကို နှိပ်ပြီး sysdm.cpl ကိုရေးပြီး Enter ကို နှိပ်ပါ။ System Protection tab ကို နှိပ်ပြီး ဒါမှမဟုတ် open System Protection ကို ရွေးချယ်ပြီး Local Disk (C:) ဘေးက အမှန်ခြစ်လေးကို ဖြုတ်ပါ။ System Restore Pop-up မှာ Turn off System Restore ကို ရွေးချယ်ပါ။ Apply ကို နှိပ်ပါ။ ပြီးရင် Local Disk (C:) ကို ပြန်စစ်ဆေးပြီး OK ကို နှိပ်ပါ။

(This article is dedicated to beginners only)


Ref: www.pcworld.com

ဆက်လက်ဖတ်ရှုရန်

Thursday, April 24, 2008

ဟက်ကာ ဘာလဲ၊ ဘယ်လဲ

တစ်ခါက ကျွန်တော့် အခြား ဘလောက်တစ်ခုမှာ ရေးခဲ့ဘူးပြီး အဲဒီပို့စ်ကြောင့် ပထမဆုံး ဘလောက် မှာ အဆဲ ခံရဘူးတဲ့ ပို့စ်လေး တစ်ခုပါ။ ကျွန်တော်ဟာ ငယ်ငယ်တည်းက စိတ်ဝင်စားတဲ့ အကြောင်းအရာ တွေ အရမ်းကို များလွန်းခဲ့ပါတယ်။ လူ့ဘ၀ တိုတိုလေးအတွင်းမှာ အဲဒီလို ဟိုယောင်ယောင် ဒီယောင်ယောင်တွေ များခဲ့လို့ ထူးချွန်သင့် သလောက် မထူးချွန်ခဲ့ပါဘူး။ ပိုဆိုးတာက အလုပ်တစ်ခုကို မဖြစ်မနေ လုပ်ရမယ့် အချိန်မျိုးမှာ အခြားတစ်ခုကို အသဲအသန် စိတ်ဝင်စားနေတတ်တာပဲ ဖြစ်ပါတယ်။ အင်ဂျင်နီယာ ပညာရပ်တွေ သင်နေရင်း ကွန်ပြူတာဘက်ကို စိတ်အရမ်းပါသွားခဲ့ပြီး တစ်နေ့ကို နာရီအများကြီး ပေးခဲ့မိပါတယ်။ လေ့လာပြီး တစ်နှစ်မပြည့်မီ ကွန်ပြူတာဂျာနယ်မှာ ဆောင်းပါးတစ်စောင် ရေးနိုင်ခဲ့ပေမယ့် အင်ဂျင်နီယာ ပညာရပ်ဘက်မှာ လစ်ဟင်းခဲ့ရပါတယ်။ နောက်ဆုံး Ciphercad2000 ဆိုတဲ့ cryptography software တစ်ခုရေးပြီး စာတမ်းတင်ကာ ဘီအီးဘွဲ့ကို ရယူဖြစ်ခဲ့ တဲ့ အထိ ရူးသွပ်ခဲ့ ပါတယ်။ ME ဆက်တက်တဲ့ ကာလ တစ်လျောက်လုံးမှာလဲ technical impact အရ အင်မတန်မှ စိတ်ဝင်စားဖို့ ကောင်းတဲ့ အိုင်တီ ပညာရပ်တွေနဲ့ ဆက်လက် လုံးပမ်းနေဖြစ်ခဲ့ပါတယ်။ အဲဒီ အချိန်အထိ ကျောင်းစာမှာ သာမာန်လောက် လုပ်ရုံနဲ့ လိုက်နိုင်နေတယ်လို့ ကိုယ့်ကိုယ်ကို အထင်ကြီးခဲ့ မိတာကြောင့် နောက်ပိုင်းမှာ အခက်အခဲနဲ့ ကြုံခဲ့ရပါတယ်။ PhD ဆက်တက်ဖြစ်တဲ့ အချိန်တွေမှာ မာစတာ တုန်းကနဲ့ အင်မတန် ကွဲပြားတဲ့ အခြေအနေမျိုးကို ကြုံတွေ့ရပါတော့တယ်။ အရင် က အပေါ်ယံလေး သိရုံနဲ့ ဆရာတွေကို ရွှီးလို့ ရခဲ့ပေမယ့် အခုတော့ သေသေချာချာသိဖို့ လိုနေတဲ့ အပြင် သီအိုရီ တိုင်းအတွက် solution များ approach များကို ပေါင်းစပ်ထားတဲ့ program များ ရေးသားထားဖို့ လိုအပ်နေကြောင်း အလန့်တကြား သိလာခဲ့ ရပါတယ်။ (မှတ်ချက်။ တစ်ပိုင်းချင်းစီက တော့ မာစတာတုန်းက ရေးခဲ့ ပြီးပါပြီ)။ အဲလို solution များကို ခုမှ ပြန်လည် ရေးသားနေရတဲ့ အတွက် PhD ကျောင်းသားတစ်ဦး ရဲ့ အဓိက ဖြစ်တဲ့ original idea ကို စဉ်းစားဖို့ အချိန်များစွာကို ဖဲ့ပြီး ပေးရပါတော့တယ်။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ မသိနားမလည်မှုတစ်ခုဟာ calculation တစ်ခု၊ စာတမ်းတစ်စောင်ကို သုံးလေး လ အထိ မပြီးနိုင်အောင် ဖြစ်စေခဲ့ပါတယ်။ လုပ်သင့်တာကို အဓိက မလုပ်ပဲ ဦးစားပေး မှားခဲ့တဲ့ ရလာဒ် ဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးတဲ့ လူငယ်များကို ကျွန်တော့်လို ရေလိုက်မလွဲ ကြရလေအောင် အဆဲခံပြီး ဒီဆောင်းပါးကို ရေးလိုက်ရပါတယ် ခင်ဗျား။

ဖိုရမ်တစ်ခုကို ဖတ်ရင်း ဘာမှန်း၊ ညာမှန်း မသိဘဲ ဟက်ကာဖြစ်ချင်နေကြတဲ့ မြန်မာလူငယ်များကို သွားတွေ့ပါတယ်။ ဟက်ကာ တကယ်ဖြစ်ချင်ပါသလား။ ဒါဆိုရင် ကိုယ့်ကိုယ်ကို အရင်ဆုံးမေးကြစေချင်ပါတယ်။ ဟက်ကာကို ဘယ်လို အဓိပါယ်ဖွင့်ဆိုကြမှာလဲ။ သူများတွေပြောတဲ့ ဟက်ကာမျိုးမဟုတ်ပဲ ကိုယ့်ဘာသာကိုယ် ဘယ်လို ဟက်ကာ အမျိုးအစား ဖြစ်ချင်တယ် ဆိုတာကို သတ်မှတ်ကြစေ ချင်ပါတယ်။ ဒီလိုပြောလို့ ကျွန်တော့်ကို ဆရာကြီးလုပ်တယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် စေတနာက ရိုးစင်းပါတယ်။ အမှားတေ၊ွ လမ်းပိတ်တွေ နဲ့ ပြည့်နေတဲ့ လမ်းကို အကြိမ်ကြိမ်လျောက်ခဲ့ ပြီးတဲ့ လူတစ်ယောက်အနေနဲ့ နောက်လူတွေကို ကျွန်တော့်လို မဖြစ်စေချင်လို့ပါပဲ။ ဘယ်အရာပဲ လုပ်လုပ် ရည်မှန်းချက် ရှိရှိ၊ စံနစ်တကျနဲ့ နည်းမှန်၊ လမ်းမှန် လုပ်စေ ချင်ပါတယ်။ ဘယ်ပညာရပ်မဆို အချိန်ပေးရပါတယ်။ အနည်းဆုံး ဆယ်နှစ်လောက်ပေးတာတောင် ပညာရပ်တစ်ခုကို ပိုင်သွားပြီလို့ မပြောနိုင်ပါဘူး။ ဖြတ်လမ်းနည်းနဲ့ ရတဲ့ ပညာဆိုတာ ဘယ်တော့မှ မခိုင်မြဲပါဘူး။
ဟက်ကာ တစ်ယောက်တစ်ယောက် တစ်ကယ် ပီပီပြင်ပြင် ဖြစ်ချင်တယ်ဆိုရင် ကွန်ပြူတာ ပညာရပ်တွေကို အခြေခံကနေ အကုန်စလေ့လာရပါမယ်။ ဟက်ကာ ဆိုတာ သာမာန် ယူဇာတစ်ယောက်မဟုတ်ဘဲ သူဖြစ်ချင်တာကို သူကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ သူ့မှာရှိတဲ့ ကန့်သတ်ချက်တွေကြားကနေ ရအောင် လုပ်နိုင်တဲ့ သူတွေပါ။ ဒီလိုမျိုး ဘယ်လို အခြေအနေမျိုးလာလာ ဖြေရှင်းပေးနိုင်တဲ့ အရည်အချင်းရဖို့ တစ်ပွဲတိုး နည်းလမ်းတွေကနေပြီး လုပ်မပေးနိုင်တာ အသေအချာပါ။ ပရိုဂရမ်းမင်း နဲ့ စစ်စတမ်ရဲ့ အခြေခံ အလုပ်လုပ်ပုံလေးကိုတောင်မှ သေချာ မသိသေးတဲ့ လူတစ်ယောက်အဖို့ဆိုရင် ပိုပြီး မဖြစ်နိုင်ပါဘူး။ ဥပမာပြောရရင် သာမာန်ယူဇာတစ်ယောက်က စက်တစ်လုံးကို သုံးနိုင်တဲ့ အော်ပရေတာဆိုရင် ဟက်ကာ တစ်ယောက်က အဲဒီလိုစက်မျိုးအကြောင်းကို ကောင်းကောင်းကြီး သိပြီး modify လုပ်နိုင် design အသစ် လုပ်နိုင်တဲ့ အင်ဂျင်နီယာ တစ်ယောက်နဲ့ တူပါတယ်။ တစ်ချို့ က ဆင်ခြေ ပေးကောင်းပေးပါလိမ့်မယ်။ ဒါတွေကို အပျော်လေ့လာတာပါဆိုပြီး။ အချိန်ကုန်တာခြင်း အတူတူ၊ ၀ါသနာ ပါတာခြင်း အတူတူဆိုရင် တကယ်တတ်ပြီး အသက်မွေးဝမ်းကျောင်း ပညာဖြစ်အောင် သင်သင့်ပါတယ်။ သူများအထင်ကြီးရုံလေး လုပ်ပြီး အချိန်တွေ ကုန်သွားရင် လက်တွေ့မှာ အသုံးမကျ ဖြစ်တတ်ပါတယ်။ ကျွန်တော့် ကိုယ်တွေ့ပါ။ တစ်ခုပြောပြချင်ပါတယ်။ ပြည်ပက ငယ်ငယ်နဲ့ ဟက်ကာလုပ်နေတဲ့ ကလေးတွေဟာ ကျန်တဲ့ အခြေခံတွေကို သေသေချာချာ သိပြီး၊ လေ့လာထားပြီသားဆိုတာပါပဲ။ hackers ဆိုတဲ့ ကားကို ကြည့်ဖူးကြမယ်ဆိုရင် ဇာတ်ဝင်ခန်းတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒီမှာ မင်းသားကို ကျန်တဲ့ ဟက်ကာတွေက ပညာစမ်းသလိုမျိုး ကွန်ပြူတာ စာအုပ်တွေထုတ်ပြပါတယ်။ သူက အဲဒါတွေကို အရည်ကျို သောက်ထားတဲ့ သူပါ။ ဒီလောက်ဆို သဘောပေါက်လောက်မယ်လို့ထင်ပါတယ်။ နောက်တစ်ခုက အဲဒီကားထဲမှာ သူတို့ ဟက်လို့ ရလာတဲ့ ဖိုင်အပိုင်းအစလေးကို ဘာလဲဆိုတာ လေ့လာတာ ပါပါတယ်။ တကယ်တော့ အဲဒါ reverse engineering လုပ်တာပါ။ ဒီလို ခက်ခဲ နက်နဲတဲ့ ပညာရပ်တွေကို ဘာမှ စံနစ်တကျ မသင်ထားပဲ မရဘူးဆိုတာ ပေါ်လွင်စေချင်ပါတယ်ခင်ဗျာ။
သူများလုပ်ထားတဲ့ tools လေးတွေသုံးပြီး သူများ အင်တာနက်မှာ ကျူတိုရီယယ်လုပ်တာလေးတွေကို နဲနဲ သိရုံနဲ့ ဟက်ကာထင်ပြီး လမ်းဆုံးသွားမှာ စိုးလို့ ပြောပြမိတာပါ။ အဲဒီ trick လေးတွေကို လေ့လာပါ။ ကောင်းပါတယ်။ လက်တွေ့မှာလဲ အသုံးကျပါတယ်။ ဒါပေမယ့် trick ကို trick လို့ မြင်ပါ။ ပညာကို ပညာလို့ ကွဲကွဲပြားပြား မြင်စေချင်ပါတယ်။ trick တွေက system တွေပြောင်းသွားရင် သုံးလို့ မရတော့ပါဘူး။ ပညာကတော့ system ပြောင်းလဲ သူက လိုက်ပြီး adapt ဖြစ်လာတဲ့ သဘောရှိပါတယ်ခင်ဗျာ။
နောက်တစ်ခုက မိမိလေ့လာတဲ့ ပညာရပ်ကို မိမိနေတဲ့ အသိုင်းအ၀ိုင်း၊ အဖွဲ့ အစည်းမှာ အကျိုးပြုဖို့ ဆိုတဲ့ စိတ်ထားနဲ့ လေ့လာစေချင်ပါတယ်။ မလေ့လာသင့်တဲ့ ပညာ မရှိပါဘူး။ အသုံးမချသင့်တဲ့ ပညာတော့ ရှိတယ်ဆိုတာ မမေ့စေချင်ပါဘူး။ အတွေးအခေါ်မှားမှာ ကိုလည်း စိုးရိမ်မိပါတယ်။ လက်နက်တစ်ခု၊ စွမ်းအင်တစ်ခုဟာ အင်အားကြီးမားလာတာနဲ့ အမျှ သူ့ကို ထိန်းချုပ်ဖို့ကလဲ ပိုမို အရေးကြီးလာပါတယ်။ အတတ်ပညာလေ့လာတဲ့ နေရာမှာ ဘာကြောင့် ဒီပညာကို လေ့လာတာလဲ၊ ဘယ်လို လေ့လာမလဲ၊ ဘယ်လို အသုံးချမလဲ ဆိုတဲ့ အမြော်အမြင်နဲ့ ယှဉ်တဲ့ သုံးသပ်မှုမျိုး လုပ်သင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။
နောင်အားရင် တကယ့် ဟက်ကာတစ်ယောက်ဖြစ်ဖို့ လိုတဲ့ အခြေခံ ပညာရပ်တစ်ချို့ကို ပြောပြပါ့မယ်။ ဟက်ကာဖြစ်အောင်တော့ ဘယ်သူမှ မလုပ်ပေးနိုင်ကြောင်းပါခင်ဗျာ။

ဆက်လက်ဖတ်ရှုရန်