စာတမ်းဖတ်ကြားရာတွင် သတိထားသင့်သည့်အချက်များ...

ဒီရက်ပိုင်း အတွင်းမှာ သီးစစ် စာတမ်းဖတ်မယ့် သူတွေ ရှိနေတဲ့ အတွက် သူတို့ကို ရည်ရွယ်ပြီး ဒီပို့စ်ကို ကျွန်တော်ရေးတာ ဖြစ်ပါတယ်။ နားလည် တတ်ကျွမ်းလွန်းလို့ ရေးတာမဟုတ်ဘဲ ကျွန်တော် သိသလောက်လေးနဲ့ အထောက်အကူ ပြုချင်တဲ့ စေတနာနဲ့ ရေးတာဖြစ်လို့ လိုအပ်ချက်များရှိနေပါက နားလည်ပေးပါလို့ တောင်းပန်ချင်ပါတယ် ခင်ဗျာ။
ပြင်ဆင်ခြင်း နှင့် သတိထားရန် အချက်များ
1. Presentation လုပ်မယ့် သူဟာ အိပ်ရေးဝပြီး အမူအရာ ရွှင်လန်းနေရပါမယ်။ စိုးရိမ်ခြင်း၊ ကြောက်လန့်ခြင်းများ မဖြစ်ပေါ်စေဘဲ စိတ်အေးချမ်းစွာထားပြီး ရဲရဲဝံ့ဝံ့ တည်တည်ငြိမ်ငြိမ်ဖြင့် စာတမ်းကို ဖတ်သင့်ပါတယ်။
2. စာတမ်းကို ဖတ်ရာမှာ ကိုယ်ဟန်ကို ပေါ့ပေါ့ပါးပါး relax အနေအထားဖြင့် ဆောင်ရွက်ပါ။ သူငယ်ချင်းအချင်းချင်း စာပြန်ရှင်းပြနေသလို သဘောထားနိုင်ပါက အကောင်းဆုံးဖြစ်ပါတယ်။
3. အသံကို ကြည်လင်ပြတ်သားအောင် သတိထားပါ။
Presentation ပြုလုပ်ခြင်း
1. သီးစစ် presentation အကြောင်းကို ပြောမယ်ဆိုရင် အရင်ဆုံး ကျောရိုးခိုင်ခိုင်ချထားပါ - မိမိပြောချင်တဲ့ အကြောင်းကို အခန်းအလိုက် ရလာဒ်များမှ သုံးသပ်ချက်များထုတ်ပါ။
2. ဘာကြောင့် ဒီ research ကိုလုပ်ရသလဲ ဆိုတာကို တိုတိုနဲ့ ထိရောက်အောင်ပြောပါ။ မိမိ research အရင် က လုပ်ထားခဲ့သော မိမိလက်လှမ်းမီသမျှ စာတမ်းများမှ လုပ်ဆောင်ချက်များကို အကြမ်းဖျင်း နှိုင်းယှဉ် သုံးသပ်ပြပြီး မိမိက မည်သို့ ထပ်မံတိုးချဲ့ သုတေသန ပြုလုပ်ခဲ့သည်ကို ပြောပြနိုင်လျင် ပိုကောင်းပါသည်။
3. မိမိ သုံးစွဲခဲ့သော algorithms များကို flow chat များဖြင့် အလွယ်တကူ နားလည်အောင် စီစဉ် ရှင်းလင်းပါ။
4. ပုံများကို လူတိုင်းနားလည်နိုင်အောင် အညွှန်းများ ရှင်းလင်းစွာထိုးပါ။
5. ရလာဒ် ကောင်းများ ရထားတာ ရှိပါက ထိုနေရာကို အသားပေးတင်ပြပါ။ မိမိ research ဟာ လက်တွေ့ နည်းပညာ နယ်ပယ်မှာ ဘယ်လို အသုံးဝင်ပုံကို ပေါ်အောင် ပြောဖို့ကြိုးစားသင့်ပါတယ်။
6. အချက်အလက်များကို အတိုဆုံးနည်းဖြင့် တင်ပြပါ။ မိမိတင်ပြမည့်အချက်တိုင်း ထပ်မံ မေးခွန်းထုတ်စရာ မလိုအောင် ရှင်းလင်းဖို့လိုပါတယ်။ အချိန် ၁၅ မိနစ် ခန့်အတွင်း မိမိ ပြောလိုသည်များကို အပြီးပြောသင့်ပါတယ်။
7. ဖြစ်နိုင်လျင် မိမိ ပြုလုပ်ထားသော presentation များကို print ပြုလုပ်၍ ဆရာများကို ကြိုတင် ဝေပေးထားပါ။
8. မိမိ presentation တွင် ကိုယ်အပိုင်အနိုင်ဆုံး ရလာဒ်များ၊ အချက်များကို သာ ဖေါ်ပြပါ။
မေးခွန်းများအတွက်
1. ကိုယ့် စာတမ်း ၏ အားနည်းချက်များကို လေ့လာပါ။ ကာကွယ်ပြောဆိုရန် ပြင်ဆင်ထားပါ။
2. အဆင့်တစ်ခုချင်းစီတွင် အရေးကြီးသော သတ်မှတ်ချက်များ၊ ခြွင်းချက်များ၊ ဒေတာများ ရယူပုံ၊ စသည်တို့ကို မေးလေ့ရှိသဖြင့် ပြင်ဆင်ထားရန်လိုပါသည်။
3. မိမိ မလုပ်ဆောင်နိုင်ခဲ့သော နယ်ပယ် များကို မေးမြန်းလာပါက။ ရိုးသားစွာ မလုပ်ဆောင်ထားကြောင်း ဖြေဆိုရန်သာ ဖြစ်ပါသည်။ (out of paper)
4. အကယ်၍ လုပ်ဆောင်သင့်သော (သို့) မိမိနှင့် တိုက်ရိုက် ပက်သက်သည့် အချက်များမှ မိမိ အချိန်မမှီ၍ ဖြစ်စေ၊ သီအိုရီ မလုံလောက်သေး၍ ဖြစ်စေ မလုပ်နိုင်ဘဲ ကျန်ရှိနေသည်များကို မေးမြန်းလာပါက မိမိ လုပ်ဆောင်ထားသလောက်ကို ရှင်းပြ၍ အချိန်နှင့် သီအိုရီများ ဒေတာများ မလုံလောက်သော အဖြစ်ကို သေချာစွာ ရှင်းပြပါ။
နိဂုံး
ကျွန်တော် အထက်က တင်ပြထားတဲ့ အချက်တွေဟာ ကျွန်တော် ဖတ်ခဲ့တဲ့ စာတမ်းတွေ၊ သီးစစ်တွေမှာ ကြုံခဲ့ရတဲ့ အမှားတွေ၊ အားနည်းချက်တွေ၊ အတွေ့အကြုံတွေကနေ အခြေခံပြီး မှတ်မိသလောက် ပြောပြထားတာဖြစ်ပါတယ်။ လိုအပ်ချက်များရှိနေပါက ခွင့်လွှတ်ဖို့ နဲ့ comment များရေးသား ဖြည့်စွက်ပေးဖို့ကို အထူးပဲ မေတ္တာ ရပ်ခံ ပါတယ်ခင်ဗျား။
သီးစစ်များကို သေသပ်ကောင်းမွန်စွာနဲ့ အဆင်ပြေပြေ ဖတ်ကြားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

Please Share This Post

Share on Facebook Plus on Google+

2 ယောက်က ဒီလိုပြောတယ်

သတိထားစရာတွေ မျှဝေပေးတဲ့ အတွက် ကျေးဇူး အစ်ကိုကြီးရေ.. အားလုံးကို ကော်ပီကူးသွားပြီ :)

တန်ဖိုးရှိလှပါ၏ ၊၊