ဖိုးဇော်နှင့်ခုနစ်ရက်သားသမီးများ

ကိုဖိုးဇော်မှ ရေးသားပေးပို့ ထားခြင်း ဖြစ်ပါတယ်ခင်ဗျာ
ဘလူးဖီးနစ်
ဖိုးဇော်နှင့်ခုနစ်ရက်သားသမီးများ
ဖိုးဇော်ငယ်ငယ်က မဂ္ဂဇင်းတစ်စောင်မှာ လူတစ်ဦးရဲ့ ခုနှစ်ရက်လ(ခရစ် သက္ကရာဇ်) ကိုသိရင် ဘာနေ့ဖွားလဲဆိုတာ တွက်ပေးနိုင်တဲ့ နည်းလမ်းအစီအစဉ်လေးကိုဖတ်ဖူးခဲ့တယ်ဗျ။
အဲဒီအချိန်က ကွန်ပျူတာဆိုတာ လူထုနှင့် အလွန်အလှမ်းဝေးတဲ့အချိန်ဖြစ်နေသေးပေမယ့် ဒီအစီအစဉ်လေးဟာ ကွန်ပျူတာဆိုတာ ဘာမှန်းမသိသော်လည်း ပရိုဂရမ်တစ်ခုရေးတတ်စေဖို့ စိတ်ပါဝင်စားသူတွေကို ကောင်းကောင်း မိတ်ဆက် ရှင်းပြနိုင်ခဲ့ပါတယ်။
နည်းစဉ်ကလေးက လက်နှင့် ကိုယ်တိုင်ချတွက်ဖို့ပါပဲ။ ဒါပေမယ့် ကိုသိချင်တဲ့ အဖြေကိုရဖို့ လိုအပ်နေတဲ့ ဒေတာတွေ (ဘာနေ့သား/သမီးလဲ သိလိုသူရဲ့ မွေးရက်၊ မွေးလ၊ မွေးသက္ကရာဇ် )ကို တောင်းခံရယူ တတ်ရမယ်ဆိုတာ သိစေတယ်။ ပြီးတော့မိမိ အသေအခြာသိထားပြီးတဲ့ နေ့စွဲရက်စွဲတစ်ခုနဲ့ အဖြေရှာလိုတဲ့ရက်အကြားမှာ နေ့ရက် ဘယ်လောက် ကွာခြားနေတာကို တွက်ယူရတယ်၊ (ရက်ထပ်နှစ် အဓိပ္ပါယ်သတ်မှတ်ပုံအရ နှစ်တနှစ်မှာရှိတဲ့ရက်ပေါင်းမတူတာကိုမလွဲစေအောင်တွက်ရတယ်။ လနှင့် ရက် အတွက်လည်း ရက်ပေါင်း ဘယ်လောက် ရတယ် ဆိုတာတွက်ရတယ်။ပြီးတော့မှ အားလုံးကို စုပေါင်းပြီးတော့ (၇)နဲ့ စားကြည့်ကာ အကြွင်း ကို သုံးသပ် အဖြေထုတ်ပေးတာ ဖြစ်ပါတယ်)။
လက်နှင့် ချတွက်ဖို့ဆိုပေမယ့် ပရိုဂရမ်မာ တစ်ယောက် ပရိုဂရမ်တစ်ခုကို ဖန်တီးရလိုပဲ ဘာတွေ တောင်းယူ ရမယ်၊ ဘာပြီးလျှင် ဘာလုပ်ရမယ်၊ ဘယ်အဆင့်က ဘယ်အဆင့်ကို ပံ့ပိုးမှုပေးရမယ် စသည်တို့ကို အားလုံးစီမံတတ်မှ တွက်လို့ ရနိုင်တာဖြစ်ပါတယ်။
အဲဒီဆောင်းပါးထဲမှာပဲ နှစ်တနှစ်ရဲ့ နှစ်ဆန်းတစ်ရက်နေ့ ဟာ ဘာနေ့လည်း သိထားလျှင် အဲဒီနှစ်ရဲ့ လဆန်းရက်တိုင်းကို ဘာနေ့ကျလဲ တွက်လို့ရတဲ့ ဂဏန်း အတွဲလေး တစ်ခုကိုလဲ ဖေါ်ပြပေးထားတယ်။(144,025,036,146)ဖြစ်ပါတယ်။
ဇော်တော့ (တစ်လေးလေး။ သုညနှစ်ငါး။ သုညသုံးခြောက်။တစ်လေးခြောက်) ဆိုပြီး သုံးလုံးတစ်တွဲ သုံးလစာကို တစ်ပိုင်းစီပိုင်းပြီး ကျက်ထား လိုက်ပါတယ်။
ဂဏန်းအစဉ်ကိုအလွတ်ရနေလျှင် အသုံချပုံက ဒီလိုပါ ….
နှစ်ဆန်းတစ်ရက်နေ့ (1st January) က တနင်္ဂနွေ ဖြစ်နေခဲ့လျှင် (1st February) နှင့် (1st March) တို့ဟာ ဗုဒ္ဓဟူးနေ့တွေ ကျရောက်နေမှာကို ဆိုလိုတာပါ။ ကျန်တဲ့ ဂဏန်းတွေကိုလဲ ဒီအတိုင်း အဓိပ္ပါယ်ဖွင့်ပြီးတွေးယူယုံပါပဲ။ (ဥပမာ ၂၀၀၆ ခုနှစ်ကိုပြန်ကြည့်ပါ)
(အကယ်၍ ရက်ထပ်နှစ် ဖြစ်ခဲ့လို့ ဖေဖေါ်ဝါရီလမှာ ၂၉ရက် ရှိနေခဲ့လျှင် မတ်လ ကစလို့ နောက်ပိုင်း လတွေအားလုံးမှာ ကျရောက်တဲ့နေ့တွေလည်း တစ်ရက်စီ နောက်ဖက်ရောက်သွားရပါတယ်။)
(1st January က တနင်္ဂနွေမဖြစ်ခဲ့ပဲ အခြားနေ့တစ်ခုခု ဖြစ်နေလျှင်လည်း ဆက်စပ် ပြောင်းလဲပုံ သဘောကတော့ အတူတူပဲဖြစ်လို့ လဆန်းရက်တွေကို တွက်ယူနိုင်ကြမယ်ထင်ပါတယ်။)
ဒီနည်းဟာ တစ်ကယ်တော့ဘာမှ မဆန်းလှပါဘူး January လမှာ ပါဝင်တဲ့ ၃၁ ရက်ကို နေ့ (၇) နေ့ရှိလို့ ရှိလို့ (၇)နှင့်စားတယ်။ အကြွင်း (၃)ရတယ်။ ဒါကြောင့် January ၁ရက်နေ့ဟာ တနင်္ဂနွေဖြစ်ခဲ့လျှင် လကုန်ရက်ဟာ အင်္ဂါနေ့ဖြစ်ပြီး February ၁ရက်နေ့က ဗုဒ္ဓဟူးဖြစ်သွားရတာပေါ့။ February လဆန်းတစ်ရက်နေ့ကိုသိပြီးနောက် လကုန်ရက်ကိုသိဖို့ ဆိုလျှင် January လနှင့် February လမှာရှိတဲ့ ရက်တွေကိုပေါင်းပြီး (၇)နှင့်စားတယ်။ အကြွင်း (၃)ပဲရမယ်။ ဒါကြောင့် March လ ၁ရက်နေ့ကလည်း ဗုဒ္ဓဟူးပဲ တူနေတယ်လေ။
April တစ်ရက်အတွက်လည်း ဒီလိုပဲ ပြီးခဲ့တဲ့ လတွေမှာရှိတဲ့ရက်တွေကိုပေါင်းပြီးမှ (၇) ဖြင့်စားချင်စားကြည့် အလွတ် ရွတ်ဆိုကြည့်တတ်လို့ လဆန်းရက်အတွက် တန်းသိလျှင်လဲသိ တစ်နည်းနည်းကို သိနေရင်ပြီးတာပဲပေါ့ဗျာ။
ဒီအချက်လေးကို လေးလေးနက်နက် ဆက်တွေးမယ်ဆိုရင် နှစ်တစ်နှစ်မှာ မိမိကနေ့ရက်သိလိုတဲ့ ရက်စွဲတစ်ခုရှိနေလျှင် နှစ်စကနေ ထိုနေ့အထိ နေ့ရက်ပေါင်း မည်မျှရှိသလဲ ဆိုတာရယ် နှစ်ရဲ့အစ ပထမဆုံးနေ့က ဘာနေ့ဖြစ်ခဲ့သလဲဆိုတာရယ် သိရင် အကြမ်းအားဖြင့်လုံလောက်နေပြီ ဆိုတာတွေ့ရပါတယ်။ အမှားအယွင်း ကင်းဖို့ဆိုလျှင်တော့ အဲဒီနှစ်က ရက်ထပ်နှစ် ဖြစ်နေသလား ဆိုတာကိုပါ သတိမူဖို့လိုပါတယ်။
ဒီလိုနည်းဖြင့် မိမိရက်နေ့သိထားပြီးသော ကနဦးနေ့စွဲတစ်ခုမှ စတင်အခြေခံပြီး ထိုနေ့နောက်ပိုင်း ရက်စွဲတစ်ခုခု၏ ဘာနေ့ဖြစ်သည်ကို တွက်ချက်ရှာဖွေနိုင်သောနည်းလမ်းပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။
ကနဦးနေ့စွဲအဖြစ် အချို့က 1900 ပြည့်နှစ် January လ 01 ရက် ကိုအသုံးပြုလေ့ရှိပါတယ်။ အဲဒီက နောက်ပိုင်းကာလ အတွက် ၁နှစ်လျှင် ၃၆၅ ရက်နှုန်းဖြင့် ခုနှစ်သက္ကရာဇ်အရ ကြာမြင့်ချိန်(ရက်ပေါင်း) ကို အကြမ်းဖျင်းတွက်ယူပါတယ်။
ဒီအတောအတွင်းမှာ ရက်ထပ်နှစ်ပေါင်း ဘယ်နှကြိမ်ရှိခဲ့ပြီလဲကို ထပ်မံ၍ အသေးစိတ်တွက်ရပြန်ပါတယ်။
ရက်ထပ်နှစ် နဲ့ပတ်သက်လို့ သတ်မှတ်ပုံကို ၄နှစ်တွင် တစ်ကြိမ်ကျ ရက်ထပ်တယ်၊ ရောက်ရှိသက္ကရာဇ် ကို ၄ဖြင့်စားကြည့်၍ အပြတ်စားနိုင်လျှင် (အကြွင်း သုညရနေလျှင်) ရက်ထပ်နှစ်ဖြစ်တယ်လို့ လူအများစုက သိထား ကြပါတယ်။ ဒါဟာ အကြမ်းအားဖြင့် သာမှန်ပြီး ရက်ထပ်နှစ် သတ်မှတ်ပုံ အတွက် ပြည့်စုံမှု မရှိသေးပါဘူး ခင်ဗျား။
(ရက်ထပ်နှစ်ဟုတ်မဟုတ် စိစစ်နည်းအဆင့်ဆင့်ကိုဒီလိုမှတ်သားထားပါတယ်)
(ပထမအဆင့်)
ခုနှစ်ကိန်းဂဏန်းတစ်ရပ်ကို (၄) ဖြင့်စားကြည့်လို့မှ မပြတ်ခဲ့ဘူးဆိုလျှင် အဲဒီနှစ်ဟာ ရက်ထပ်နှစ် မဟုတ်တာ လုံးဝသေခြာ နေပါတယ်။ ထပ်ဆင့်တွက်ရန် လုံးဝမလိုအပ်တော့ပါ။
(ဒုတိယအဆင့်)
ခုနှစ်သက္ကရာဇ်ကိန်းဂဏန်း ကို ၄ဖြင့် စားကြည့်၍ ပြတ်နေခဲ့သော် ယင်းခုနှစ်ကိန်းဂဏန်းကိုပင် (၁၀၀) ဖြင့် ထပ်မံ စားကြည့်ရန် လိုပါသည်။ အပြတ်မစားနိုင်ကြောင်း တွေ့ရပါက ထိုနှစ်သည်လည်း ရက်ထပ်နှစ်ဖြစ်သည်မှာ သေချာပြန်ပါသည်။ နောက်အဆင့် တွက်ရန်မလိုအပ်တော့ပဲ အတည်ပြုနိုင်ပါပြီ။ (ဥပမာ သက္ကရာဇ် ၂၀၀၈)
(တတိယအဆင့်)
အကယ်၍ ဒုတိယအဆင့်တွင် ၁၀၀ဖြင့် စားရာ၌ ပြတ်နေပါက မူလခုနှစ်ကိန်းဂဏန်း ကိုပင် ၄၀၀ ဖြင့် တစ်ဖန် စားကြည့်ရန် လိုနေပြန်ပါသည်။ ၄၀၀ဖြင့် စားသည့်အခါတွင်လည်း ပြတ်ပါမှ ထိုနှစ်ကို ရက်ထပ်နှစ် ဟုသတ်မှတ်ကြရပါသည်။ (ဥပမာ သက္ကရာဇ် ၂၀၀၀)
(နောက်ဆုံးအဆင့်)
အကယ်၍ စိစစ်မှု တတိယအဆင့်တွင် ခုနှစ်သက္ကရာဇ်ကိန်းဂဏန်း ကို ၄၀၀ ဖြင့် စားကြည့်၍ မပြတ်ခဲ့သော် ထိုနှစ်မျိုးကို ရက်ထပ်နှစ်ဟု မသတ်မှတ်ကြပါ။ (ဥပမာ သက္ကရာဇ် ၁၉၀၀ ပြည့်နှစ်။ သက္ကရာဇ် ၂၁၀၀ ခုနှစ် တို့သည် ရက်ထပ်နှစ်မဟုတ်ပေ။)
အဆိုပါအချက်များကို ကောင်းစွာသဘောပေါက်ပြီးပါက
မိမိက ဘာနေ့ကျကြောင်း သိရှိလိုသော နေ့သည် မိမိ အခြေခံထားခဲ့သောနေ့မှ ရက်ပေါင်းမည်မျှ ကွာခြားခဲ့ပြီကို တိကျစွာ တွက်ချက် ရှာဖွေပြီး (၇)ဖြင့် စား၍ရသော  အကြွင်းကို ရှုမြင်သုံးသပ်ခြင်းဖြင့် တိကျစွာ ဖေါ်ထုတ်နိုင်မည် ဖြစ်ပါသည်။
၁၉၀၀ပြည့် မတိုင်မီကာလကို ကနဦးနေ့အဖြစ် မယူကြခြင်းမှာ ပြက္ခဒိန်အသစ် ပြင်ဆင်ခဲ့ကြခြင်း စသော ကိစ္စရပ်အချို့ကို ရှောင်လွှဲနိုင်ဖွယ်ဖြစ်ဟန်တူပါသည်။
ဇော်အောင်

Please Share This Post

Share on Facebook Plus on Google+