"ကျွန်တော် ရေးသောစာများ"

     လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဘလောက်ဂါများက သူတို့ ဘာကြောင့် စာရေးကြရတယ် ဆိုတဲ့ အကြောင်းလေးတွေကို အွန်လိုင်းမှာ အပြိုင်အဆိုင် ရေးခဲ့ကြတာကို ဖတ်ခဲ့ဖူးပါတယ်။ မှန်တာ ပြောရရင် အဲဒီတုန်းက ကျွန်တော်ကိုယ်တိုင်လဲ ရေးဖို့ စဉ်းစားခဲ့ဘူးပါတယ်။ ဒါပေမယ့် ကိုယ်က စာလေး မတောက် တခေါက်ပဲ ရေးနိုင်တဲ့ သူဆိုတော့ ခေါင်းစဉ်က ကြီးကျယ်လွန်းနေတယ်လို့ ယူဆတာရယ်ကြောင့် မရေးဖြစ်ခဲ့တာပါ။ အခုတော့ ဘာတွေပဲ ဖြစ်နေနေ ကြိုးစားပြီး ပုံမှန် စာရေးတော့မယ်ဆိုတဲ့ ခံစားချက် ပြင်းပြင်းထန်ထန် ပေါ်လာပြီး ဆုံးဖြတ်ချက်ကိုလဲ ခိုင်ခိုင်မာမာ ချထားပြီးပါပြီ။ ဒါကြောင့် ကိုယ့်ခံစားချက်ကို မှတ်မှတ်ရရ မှတ်တမ်းတင်ထားတဲ့ သဘောနဲ့ ဒီ Post ကို ရေးဖြစ်သွားတာပါ။
     ကျွန်တော် စာစရေးဖို့ ကြိုးစားကာစမှာ ယုံကြည်မှု အတော် နည်းခဲ့ရပါတယ်။ အဲဒီတုန်းက ၁၉၉၉ ခုနှစ် ကျွန်တော်က စတုတ္ထနှစ်(E.P) အင်ဂျင်နီယာ ကျောင်းသားပါ။ ကျောင်းသင်ရိုးမှာ ပါတဲ့ ANSI C Programming ဘာသာစကားကို ဝါသနာကြောင့် လေ့လာရင်း အတော်ရေးနိုင်လာပါတယ်။ ကျွန်တော့် ဆရာသမားက ကိုဘုန်းနိုင် ပါ။ သူက စာတွေ့ သေချာ ရှင်းပြခဲ့ပေမယ့် လက်တွေ့ တစ်ခါမှ မပြခဲ့ပါဘူး။ အဲဒီမှာ တခြား ဘာသာရပ်သင်ပေးတဲ့ ဆရာကိုသန်းကျော်ဌေးက လက်တွေ့ ရေးတတ်အောင် မျိုးစေ့ ကောင်းကောင်း ချပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီခေတ်တုန်းက ပြင်ဦးလွင်မှာ ကျွန်တော်တို့ သုံးတဲ့ Turbo C++ v.2.0 လို programming software တွေ ဝယ်လို့ မရပါဘူး။ အဲဒီ version ကို သုံးရတာကလဲ ကျောင်းမှာ သုံးတဲ့ ကွန်ပျူတာတွေက Apple II တွေ မို့လို့ပါပဲ။ DOS memory နဲနဲ လေးပဲ သုံးခွင့် ရှိတဲ့ အတွက် အတော့်ကို ခက်ခက်ခဲခဲ သုံးနေကြရတာပါ။ အဲဒီလို အခက်အခဲကြားမှာ Turbo C++ v.2.0 ရဲ့ ဖိုင် အစိတ်အပိုင်းတွေကို လိုက်စုပြီး သူ့ရဲ့ file structure ကို ခန့်မှန်းယူပါတယ်။ နောက်ဆုံးမှာ compiler, linker, header files, library files, help files စတဲ့ ဖိုင်တွေကို သူ့နေရာနဲ့ သူ ဘယ်လို ထားရမယ် ဆိုတာကို နားလည်သွားပါတယ်။
     အဲဒီမှာ ကျွန်တော် စိတ်ကူးတစ်ခု ရတာက အဲဒီ compiler ကို install လုပ်ဖို့ က ခက်တယ်။ diskette (floppy disk) တစ်ချပ်ထဲနဲ့ လဲ မဆန့်ပါဘူး။ ဒါကြောင့် ဒီအတိုင်း ကော်ပီ ကူးပေးရင် သူငယ်ချင်းတွေ manually install လုပ်ဖို့ ခက်မယ်။ အဲဒီတော့ floppy တစ်ချပ်ထဲနဲ့ ဆန့်အောင် လုပ်ပေးပြီး installer ရေးပေးနိုင်မယ် ဆိုရင် အဆင်ပြေမယ် ဆိုပြီး အကြံရလာတာနဲ့ pkzip ဆိုတဲ့ software လေးကို သုံးပြီး ဖိုင်တွေ ချုံ့လိုက်ပါတယ်။ ပြီးတော့မှ installer software လေးကို C Language သုံးပြီး ရေးပါတယ်။ Menu driven GUI ပါတဲ့ software လေးပါ။ သုံးရတာ အတော်လွယ်အောင် လုပ်ပေးလိုက်ပါတယ်။
     အဲဒီတုန်းက ကော်ပီ တစ်စုံကို ၃၀၀ ကျပ်နဲ့ ရောင်းခဲ့ပါတယ်။ မှတ်မှတ်ရရ သုံးကော်ပီ လောက်ပဲ ရောင်းခဲ့ရတယ် ထင်ပါတယ်။ ကျွန်တော့်မှာက ကွန်ပျူတာ အပြင်မှာ ငှားသုံးပြီး ရေးခဲ့ ရတာ ဆိုတော့ မကိုက်ပါဘူး။ နည်းပညာပဲ အမြတ်ရပါတယ်။ ဒါနဲ့ "ငါးမရရင် ရေချိုးပြန်မယ်" ဆိုတဲ့ စိတ်ထားနဲ့ ဂျူနီယာ တစ်ယောက်ကို အဲဒီ installer ရေးနည်း သင်ပေးရင်း ကက်ဆက်ကလေးနဲ့ အသံသွင်းထားလိုက်ပါတယ်။ နောက်တနေ့မှာ အဲဒီ အခွေလေး ပြန်ဖွင့်နားထောင်ရင်း ကျွန်တော့်ရဲ့ ပထမဆုံး ကွန်ပျူတာ ဆောင်းပါး ဖြစ်တဲ့ Installation software construction ကို ရေးခဲ့ပါတယ်။
     ရေးပြီးပြီးချင်း ကျွန်တော့် စီနီယာ တစ်ယောက်ကို သွားပြမိပါတယ်။ ကျွန်တော့် ဆောင်းပါးကို ကွန်ပျူတာ ဂျာနယ် ပို့ချင်လို့ ဖြစ်နိုင် မဖြစ်နိုင် မေးမိတော့ သူပြန်ပြောတာ ခုထိ မှတ်မိနေပါသေးတယ်။ "ကွန်ပျူတာ ဂျာနယ်ဆိုတာ တကယ့် ပညာရှင်တွေ ဝင်ရေးတာ။ မင်း ရေးတာ အမှားပါရင် အရှက် ရစရာ ဖြစ်မယ်" လို့ အားပေးပါတယ်။ ဒါနဲ့ အားငယ်ငယ်နဲ့ အဲဒီ ဆောင်းပါးလေးကို ချောင်ထဲ သိမ်းထား လိုက်မိပါတယ်။
     ဒီလိုနဲ့ နောက်တစ်နှစ် (2000) မှာ ပညာလဲ တော်တော်လေး စုံလာပါတယ်။ ကိုယ့်ကိုယ်ကို အရင်ကထက် ယုံကြည်မှုလဲ ပိုလာပါတယ်။ တကယ်တော့ အဲဒီ အချိန်တုန်းက ကွန်ပျူတာ ဂျာနယ် ဆိုတာကလဲ ဘာသာပြန်တွေပဲ များပြီး ကိုယ်တိုင် လုပ်ထားတာကို ပြောတဲ့၊ ရေးတဲ့ သူ အတော် နည်းပါသေးတယ်။ ဒါကြောင့် မနှစ်က ရေးထားတဲ့ ဆောင်းပါးလေးကို ဖုန်ခါပြီး ကျွန်တော့် ကိုယ်ရေးအချက်အလက် အပြည့်အစုံရယ် ကိုထွဋ် ဆိုတဲ့ ကလောင် နာမည်နဲ့ ဂျာနယ်တိုက် လိပ်စာအတိုင်း စာတိုက်က ထည့်ပေးလိုက်ပါတယ်။
     ခက်တာက ပြင်ဦးလွင်မှာ အဲဒီအချိန်တုန်းက တစ်မြို့လုံးမှ ကွန်ပျူတာ ဂျာနယ်က သုံးလေးအုပ်ပဲ မှာတာ လို့ ထင်ပါတယ်။ ကိုယ်ကလဲ မှာဖတ်ရလောက်အောင် မုန့်ဖိုး မရှိ ဆင်းရဲလေတော့ ကိုယ့်ဆောင်းပါး ပါ၊ မပါတောင် မသိခဲ့ပါဘူး။ နောက်မှ ကျောင်းစာကြည့်တိုက်မှာ ကွန်ပျူတာ ဂျာနယ်တွေ ယူတယ်ဆိုလို့ ကြည့်လိုက်တော့ 2000 Oct လထုတ် ဂျာနယ်မှာ ကျွန်တော့်ဆောင်းပါးလေးကို ထည့်ထားတာ တွေ့လိုက်ရပါတယ်။ ဒါပေမယ့် ဆောင်းပါး အဆုံးမှာရော အစမှာပါ ကလောင်နာမည် ပါမလာပါဘူး။ ဒါနဲ့ ဖုန်းဆက်ပြီး အကျိုးအကြောင်း စုံစမ်းတော့ ဂျာနယ်တိုက်က ခုလို ပြောပါတယ်။ ကျွန်တော်က စာမူ သက်သက်၊ ကလောင်နဲ့ ကိုယ်ရေးအချက်အလက် သက်သက် ခွဲရေးထားလို့ အယ်ဒီတာဆီကို စာမူပဲ ရောက်သွားပြီး ရွေးလိုက်တဲ့ အခါမှာ ကလောင် ပါမလာဘူးလို့ သိရပါတယ်။ အဲဒါနဲ့ ပဲ ကျေနပ်လိုက်ရပါတယ်။ ရန်ကုန်က အဖေ့ကို ဂျာနယ်တိုက်မှာ ကွန်ပျူတာ ဂျာနယ် တစ်အုပ်နဲ့ စာမူခ ၇၀၀ ထုတ်ဖို့ ပြောရပါတယ်။
     နောက်ထပ် စာရေးဖို့ တွန်းအား အများကြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ကလောင်မပါခဲ့တဲ့ အတွက် ဂျာနယ်တိုက် ပို့ဖို့ တွန့်သွားပါတယ်။ ဒီတစ်ခါတော့ ဆောင်းပါး မဟုတ်ဘဲ စာအုပ် ရေးဖို့ကို တန်းကြိုးစားမိပါတယ်။ အဲဒီတုန်းက C++ သုံးပြီး GUI (graphical user interface) ရေးဖို့ဆိုတာ လူတိုင်း မသိကြပါဘူး။ နောက်တစ်ခု low level ဆင်းရေးတဲ့ အကြောင်းတွေ၊ system programming လေးတွေပါ။ အဲဒီ အကြောင်းတွေ ကိုယ်သိသလောက် ရေးမယ်ဆိုပြီး GUI အကြောင်း စရေးပါတယ်။
     ကျွန်တော်တို့ လေ့လာကာစ မှာ စာအုပ်စာတမ်း အင်မတန်ကို ရှားပါးပါတယ်။ ခုခေတ်ကာလနဲ့ တခြားစီပါ။ ကျွန်တော့်မှာ အကိုးအကားဆိုလို့ Dennis Ritchie ရေးတဲ့ C စာအုပ်လေးရယ် ဆရာကြီး ဦးအောင်မြင့်ရဲ့ Learn C စာအုပ် နှစ်အုပ် ပဲ ရှိပါတယ်။ အဲဒီ စာအုပ်တွေကလဲ အခြေခံ သက်သက် ပဲ ရေးထားတာ ဖြစ်ပြီး ကျွန်တော်ရေးတဲ့ ပရိုဂရမ် အတော်များများဟာ ကျွန်တော့် ဦးဏှောက်ထဲက ဖြစ်ညှစ် စဉ်းစားပြီး ကိုယ်တိုင် ဖန်တီးခဲ့ရတာပါ။
     အဲဒီ GUI ကို ကျွန်တော် အခန်း (၁၅) ခန်းလောက်အထိ ရှင်းလင်းချက်တွေ၊ ကုဒ်တွေ ပုံတွေနဲ့ အတော်လေးကို ကြိုးစား ရေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ တစ်စုံတည်းသော စာမူကို ကျောင်းပြီးလို့ ခွင့် ခဏ ပြန်တဲ့ အချိန်မှာ ရလိုက်တဲ့ တပည့် တစ်ယောက်ကို ပေးထားခဲ့မိပါတယ်။ နောက် ၂ လလောက်နေလို့ ဖုန်းနဲ့ လှမ်းတောင်းတဲ့ အချိန်မှာ အဲဒါတွေ အားလုံး ပြန်မရတော့ပါဘူး။ ကျွန်တော်လဲ အတော်ကြီးကို စိတ်ပျက်သွားပါတယ်။ နောက်တစ်ခုက ကျွန်တော် တာဝန်ကျတဲ့ နေရာဟာ မီးမရတဲ့ နေရာ ဖြစ်နေပါတယ်။ အလုပ်ကလဲ အရမ်းများတာနဲ့ စာရေးတဲ့ အလုပ်ကို ရပ်ထားမိပါတယ်။ အဲဒီလိုကာလတွေကို တစ်နှစ်ကျော် ဖြတ်သန်းခဲ့ပြီး ၂၀၀၂ မှာ ရုရှကို ပညာတော်သင် စေလွှတ်ခြင်း ခံခဲ့ရပါတယ်။
     ရုရှ ကို ရောက်တဲ့ အချိန်မှာ အင်တာနက် ဆိုတာကြီးကို တအံ့တသြ သိလာရပါတယ်။ ကျွန်တော့် အတွက် တော့ အင်တာနက်က ဆော်လမွန် ဘုရင်ကြီးရဲ့ ရတနာသိုက်လိုပါပဲ။ အဖိုးမဖြတ်နိုင်တဲ့ အသိပညာ အတတ်ပညာတွေကို အင်တာနက် က တဆင့် အငမ်းမရ ရှာနေခဲ့ မိပါတယ်။ ရှာရင်း ဖတ်ရင်း စာရေးချင်တဲ့ ပိုးတွေက ကိုယ်တိုင် ဝင်ရေးဖို့ တိုက်တွန်းလာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စာ စရေးကာစတုန်းက မြန်မာလို အဆင်ပြေပြေ ရေးလို့ မရသေးပါဘူး။ ဒါနဲ့ စမ်းသပ်ရင်း ဇော်ဂျီ ပေါ်လာတာနဲ့ မြန်မာလို စရေးနိုင်ခဲ့ပါတယ်။ ကိုမောင်လှတို့၊ ကိုညီလင်းဆက် တို့ ကျေးဇူးနဲ့ ဘလောက် လောကထဲကို စဝင်နိုင်ခဲ့ပါတယ်။ အချိန်ကို သေချာ မမှတ်မိတော့ပေမယ့် ၂၀၀၅-၂၀၀၆ လောက် ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီကတည်းက မအောင်မြင်ခဲ့တဲ့ ကိုထွဋ် ဆိုတဲ့ ကလောင်နာမည်ကို စွန့်လွှတ်ပြီး bluephoenix ဆိုတဲ့ ကလောင်ကို စတင် သုံးစွဲခဲ့ပါတယ်။ ဘလောက် လိပ်စာ အများ အပြား ရှိပေမယ့် အဓိက ရေးနေတဲ့ ဘလောက်ကတော့ http://www.engineer4myanmar.com ပဲ ဖြစ်ပါတယ်။
     ဘလောက် စရေးကာစ ကတော့ ကိုယ်လေ့လာနေတဲ့ Electrical Engineering နဲ့ ဆိုင်တဲ့ သီအိုရီ လေးတွေကို မှတ်စုထုတ်တဲ့ သဘောမျိုး စရေးခဲ့တာပါ။ နောက်ပိုင်း ကျွန်တော့် ဘလောက်မှ ဘလောက်ဂါ သူငယ်ချင်းများ အားဖြည့် ကူညီလာတဲ့ အခါမှာ အကြောင်းအရာ တွေ အတော်လေး စုံလာပါတယ်။
အင်တာနက်မှာ သိချင်တာလေးတွေကို ရှာရင်း wikipedia ကို သုံးရကောင်းမှန်း နားလည်လာပါတယ်။ ကိုယ် မသိတာမှန်သမျှကို http://en.wikipedia.org မှာ ရှာကြည့် ဖြစ်ပါတယ်။ ရှာရင်း ရှာရင်း ဝီကီ ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပုံကို သဘောကျ လာပါတယ်။ ကိုယ်တိုင်လဲ စမ်းသပ် ရေးသားလာမိပါတယ်။ ဝီကီ မှာ ဘာသာစကား ပေါင်းစုံနဲ့ ရေးထားတဲ့ စွယ်စုံကျမ်းတွေ ရှိပါတယ်။ မြန်မာတွေ အတွက်လည်း http://my.wikipedia.org ဆိုပြီး မြန်မာ ဘာသာနဲ့ စီစဉ်ပေးထားပါတယ်။ ဒါပေမယ့် အဲဒီမှာ ဝင်ရေးရတာ ဇော်ဂျီသုံးရေးနေတဲ့ ကျွန်တော်တို့ အတွက် သိပ် အဆင်မပြေတာနဲ့ အိုကီးစံ၊ စည်သူအောင် တို့ နဲ့ ပူးပေါင်းပြီး မြန်မာ အွန်လိုင်း စွယ်စုံကျမ်း MOE (Myanmar Online Encyclopedia) http://www.wikimyanmar.co.cc လေးကို စလုပ်ဖြစ်ပါတယ်။
     ကျွန်တော်က MOE ကို လူသိများလာအောင် ဆောင်းပါးတွေ ရေးပြီး ကြိုးပမ်းကူညီ ပေးခဲ့ ရုံပါ။ နောက်တစ်ခုက ကျွန်တော် သဘောကျခဲ့တဲ့ wikipedia ရဲ့ မူအချို့ကို မြန်မာဆန်အောင် ဘာသာပြန် ပြုပြင်ပြီး ရေးသားခဲ့ပါတယ်။ MOE အတွက် ကံကောင်းတာ တစ်ခုက စိတ်ဝင်စားပြီး ဝင်ရောက် ရေးသားသူတွေ ရက်ပိုင်းအတွင်း များလာတာပဲ ဖြစ်ပါတယ်။ ကျွန်တော် Ph.D စာတမ်း တင်သွင်းနေရလို့ မအားတော့တဲ့ အချိန်တွေမှာ အိုကီးစံ၊ စည်သူအောင်နဲ့ အဲဒီသူတွေကပဲ ဆက်လက် တာဝန်ယူပြီး ခုချိန်အထိ အဆက်မပြတ် Update လုပ် ရေးသားနေကြတာပဲ ဖြစ်ပါတယ်။
     တကယ်တန်း ဝီကီမှာ ဝင်ရေးဖို့ဆိုတာ မလွယ်ကူပါဘူး။ ဝီကီဟာ စွယ်စုံကျမ်း အသွင်ဆောင်တဲ့ အတွက် ရေးချင်ရာရေးလို့ မရပါဘူး။ အကိုးအကား အထောက်အထား အစုံအလင်နဲ့ သေသေချာချာ ပြင်ဆင် ရေးသားရတဲ့ သဘောသဘာဝ ရှိပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ နည်းပညာဆိုင်ရာ ဆောင်းပါးတွေ ဝင်ရေးချင်ပေမယ့် အဲဒီလောက် အချိန်ယူ မရေးနိုင်သေးတာကြောင့် ဝီကီကို ခဏ နားထားရပါတယ်။
     ဒီကြားထဲမှာ ရုရှ-မြန်မာ ကွန်ပျူတာ နဲ့ အွန်လိုင်း အဘိဓာန် လုပ်နေတာလဲ ပါပါတယ်။ ဒါကိုလဲ ဝီကီမြန်မာ ရဲ့ ညီအမ ပရောဂျက် အနေနဲ့ လုပ်ခဲ့တာပါ။ နောက်ထပ် ဝီကီ ယူနီဗာစီတီ လိုမျိုး တစ်ခု ထပ်လုပ်ဖို့ စဉ်းစားထားပါတယ်။ အခု ကျွန်တော်က အင်ဂျင်နီယာ ကျောင်းသားတွေကို စာသင်ပေးနေရတာ ဆိုတော့ အဲဒီ လက်ချာနုတ်စ် တွေကို ပြန်တင်ပေးချင်တဲ့ သဘောပါ။
     နောက်တစ်ခုက ကွန်ပျူတာနဲ့ ပက်သက်ပြီး ကျွန်တော် လေ့လာထားမိသမျှကို ဆောင်းပါး အသွင်နဲ့ ရေးသားတာပဲ ဖြစ်ပါတယ်။ ကျွန်တော် စာစရေးကထဲက ကွန်ပျူတာ အကြောင်း ရေးခဲ့တာဆိုတော့ တကယ်တန်းက အဲဒီဘက်ကို အားသန်ပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်း မှာက ကွန်ပျူတာ အထူးကျွမ်းကျင်တဲ့ သူတွေ များလာပြီး သူတို့ ရေးသားသမျှကို ကိုယ်က ပြန်လေ့လာနေရတာ ဖြစ်လို့ ကွန်ပျူတာပိုင်း ရေးဖို့ နဲနဲ လက်တွန့်နေပါတယ်။ ဒါပေမယ့် မကြာခင် Cryptography နဲ့ ပက်သက်တဲ့ ဆောင်းပါးများ ရေးသားသွားဖို့ စဉ်းစားစီစဉ်နေပါတယ်။ ပညာရေးနဲ့ ပက်သက်တဲ့ ဆောင်းပါး တစ်ပုဒ်ကိုတော့ Living Color မဂ္ဂဇင်းမှာ နာမည်ရင်း ဒေါက်တာ အောင်ဝင်းထွဋ် ဆိုတဲ့ ကလောင်နဲ့ ရေးသားပေးပို့ ခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီ ကလောင် ကိုပဲ သင့်တော်တဲ့ နေရာတွေမှာ သုံးဖြစ်ပါတယ်။
ကျွန်တော်က သတင်းစာဖတ်တဲ့ အခါမှာ အင်္ဂလန်ထုတ် Guardian သတင်းစာကို အွန်လိုင်းကနေ ဖတ်ဖြစ်ပါတယ်။ သူ့ရဲ့ ဆိုဒ် လိပ်စာက http://www.guardian.co.uk ပါ။ အထူးသဖြင့် သိပ္ပံ နဲ့ နည်းပညာဆိုင်ရာ သတင်းတွေကို ဖတ်ဖြစ်တာ များပါတယ်။ ဖတ်ရင်း အများသိသင့်တဲ့ သတင်းတွေကို ချက်ချင်း ဘာသာပြန်ပြီး တင်ပေးဖြစ်ပါတယ်။
     ဆောင်းပါး တော်တော်များကို တော့ ဘလောက်မှာပဲ တင်ဖြစ်တာများပါတယ်။ တကယ်တော့ ကျွန်တော့်က ဆောင်းပါးတွေကို မဂ္ဂဇင်းတွေ ပို့တာထက်စာရင် လွတ်လွတ်လပ်လပ် ရေးသား တင်ပြနိုင်တဲ့ blogging ကိုပဲ အားသန်ပါတယ်။ ဒါပေမယ့် တစ်ချိန်မှာတော့ စာအုပ်များ ရေးသားထုတ်ဝေ သွားဖို့ စိတ်ကူးယဉ်နေမိပါတယ်။
     ကျွန်တော့် အနေနဲ့ စာအရေးအသားမှာ သိပ်ပြီး မည်မည်ရရ အတွေ့အကြုံ မရှိသေးပါဘူး။ ပညာရပ်ပိုင်း ဆိုင်ရာတွေမှာလဲ အားနည်းနေတုန်းပါပဲ။ သို့ပေမယ့် အဲဒီလို အားနည်းတာတွေ တွေးကြောက်ပြီး မှတ်တမ်းတင်ခြင်း၊ ရေးသားခြင်း မပြုခဲ့ဘူးဆိုရင် မတော် သေမင်း လာခေါ်လို့ ကောက်ကောက်ပါအောင် လိုက်သွားရရင် လုပ်ထားသမျှလေးတွေ အလကားဖြစ်ရချည်ရဲ့လို့ ခပ်နက်နက် တွေးလိုက်မိတာနဲ့ စာကို မဖြစ်မနေ ပြန်ရေးဖို့ ဆုံးဖြတ်ချက် ချမိပါတော့မယ်။
     နောက်တစ်ချက်ကတော့ ရေးမယ့် အကြောင်းအရာ ပညာရပ်အပေါ် ကျွမ်းကျင်မှု လိုအပ်တာပဲ ဖြစ်ပါတယ်။ ကျွန်တော် ဘလောက် စရေးကာစက Master ကျောင်းသားဘဝကပါ။ အဲဒီတုန်းက စာသိပ်တော်တဲ့ သူငယ်ချင်း တစ်ယောက်ကို သူကျွမ်းကျင်တဲ့ ဘာသာရပ်တွေ အကြောင်း စာရေးဖို့ တိုက်တွန်းတော့ သူက M.E ဘွဲ့လောက်နဲ့ မရေးရဲသေးဘူးလို့ ဆိုပါတယ်။ တစ်ခါ Ph.D အတူတူ ဆက်တက်ကြပြန်တော့လဲ လက်တွေ့ အတွေ့အကြုံ နည်းသေးလို့ မရေးချင်ဘူးလို့ ငြင်းပြန်ပါတယ်။
     ဒါနဲ့ ကျွန်တော်က သူ့ကို အခုလို ရှင်းပြရပါတယ်။ တကယ်တော့ ကျွန်တော် နည်းပညာ အကြောင်းတွေကို ရေးသားနေတာဟာ အဲဒီ ဘာသာရပ်ကို တစ်ဘက်ကမ်းခတ် ကျွမ်းကျင်နေလို့ မဟုတ်ပါဘူး။ မိမိလေ့လာဆဲ ဘာသာရပ်တစ်ခုမှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ အသုံးပြုခဲ့ရတဲ့ သီအိုရီတွေ၊ ဆော့ဖ်ဝဲတွေ၊ လက်တွေ့ ပြုလုပ်ဖို့ အတားအဆီးတွေ အကြောင်းနဲ့ ၄င်းတို့ကို ဖြေရှင်းခဲ့ တဲ့ အတွေ့အကြုံတွေကို ဆွေးနွေး လက်ဆင့်ကမ်း ချင်တဲ့ ရည်ရွယ်ချက်နဲ့ စာရေးတာပါ။
     နောက်တစ်ခုက ဘလောက်ရဲ့ အားသာချက်အနေနဲ့ ကိုယ်ရေးတဲ့ ဆောင်းပါးအပေါ် ထင်မြင်ယူဆ ချက်တွေကို ကွန်မန့် အသွင်နဲ့ ပြန်လည် ဖတ်ရှုပြီး ဆောင်းပါးပါ အချက်အလက်များ ရဲ့ အားနည်းချက်တွေ၊ အခြားကောင်းမွန်တဲ့ အလှည့်အပြောင်း နည်းလမ်းလေးတွေကို ရရှိနိုင်တဲ့ အတွက် အဖိုးဖြတ်မရအောင် အသုံးတည့်ပါတယ်။ အထူးသဖြင့် သုတေသန ပြုနေတဲ့ ကျောင်းသားများအဖို့ အမြင်ချင်း ဖလှယ်ဖို့ အင်မတန် အသုံးကျပါတယ်။
     ပြီးတော့လဲ ကျွန်တော်တို့က အကျွမ်းကြီး မဟုတ်ဘူးသာဆိုတာ ကိုယ်က Ph.D သမားတွေဆိုတော့ ဘာပဲပြောပြော ဒီဘာသာရပ်မှာ အခြားသူတွေထက်တော့ ပိုနှံ့စပ်မယ်လို့ ယူဆမိပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ဘာသာရပ်ကို လေ့လာမယ့် ကျောင်းသားများကို Study Guide တော့ အနည်းဆုံး လုပ်ပေးနိုင်မယ်။ အကြံဥာဏ်ကောင်းလေးတွေ ပေးနိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။ အခုလက်ရှိလဲ ပြည်တွင်း၊ ပြည်ပ က ကျောင်းသား၊ ကျောင်းသူ အချို့ကို စာတမ်းကိစ္စတွေ တတ်အားသမျှ ကူညီပေးနေပါတယ်။
     တကယ်တော့ ကျွန်တော်တို့ အားလုံးဟာ အလုပ်ခွင် ဖိစီးမှုတွေ၊ အိမ်ထောင်ရေး၊ လူမှုရေး တာဝန်တွေနဲ့ မအားကြတာ များပါတယ်။ ဒါပေမယ့် ဒီအကြောင်းပြချက်တွေကို လက်ကိုင်ထားပြီး စာမရေးဘဲ ထိုင်နေတာထက် အချိန်ကို မရရအောင် ယူပြီး ရေးသင့်တယ်လို့ ထင်ပါတယ်။ ပြောရမယ်ဆိုရင် အခုခေတ် မြန်မာပြည်မှာ အသိပညာ၊ အတတ်ပညာ တွေ ငတ်မွတ် နေကြရတဲ့ လူငယ်တွေ ဒုနဲ့ ဒေးနဲ့ ပါ။ အသိပညာကြွယ်ဝတဲ့ သူတွေကလည်း အလွယ်တကူ ပြည့်ဝလာတာ မဟုတ်ပါဘူး။ ဒါတွေကို လက်ဆင့်ကမ်းမပေးဘဲ နောက်လူတွေကို လွယ်ကူအောင် ပြောမပြခဲ့ဘူးဆိုရင် ပညာဆိုတာ မြန်မာ လူမျိုးများအတွက် အမြဲတမ်း ရှားပါးခက်ခဲ နေမှာ ဖြစ်ပါတယ်။
     မြန်မာဘာသာနဲ့ ရေးသားထားတဲ့ အသိပညာ၊ အတတ်ပညာပိုင်းဆိုင်ရာ စာအုပ်စာတမ်းတွေ ဒီခေတ်မှာ များလာပြီ ဆိုပေမယ့် မြန်မာလူထု တောင်းဆိုချက် ပြည့်မှီအောင် မရှိသေးပါဘူး။ နိုင်ငံတကာ စာကြည့်တိုက်တွေ၊ စာအုပ်အရောင်းဆိုင်တွေ ရောက်ဖူးတဲ့ သူတိုင်း ကျွန်တော် ဆိုလိုချင်တာကို နားလည်မှာပါ။ အမှန်အတိုင်း ပြောရရင် နည်းပညာ ဆိုင်ရာကို လေ့လာ ဖတ်ရှုဖို့ ကတော့ English လို ဖတ်တာ အကောင်းဆုံးပဲလို့ ကျွန်တော် မြင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်က လေ့လာသူ အများစုဟာ အဲဒီလို Original Books တွေကို English လို ဖတ်ဖို့ ဆိုတာ ငွေကြေးအခက်အခဲ၊ အင်္ဂလိပ်စာ အခက်အခဲ၊ အချိန် အခက်အခဲ တွေနဲ့ လက်လှမ်း မမှီကြသေးပါဘူး။
     ဒါကြောင့် နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ သူတို့ လူမျိုးတွေ အတွက် သူတို့ ဘာသာစကားနဲ့ ကိုယ်တိုင် ရေးသား ထုတ်ဝေတာတွေ၊ နိုင်ငံတကာ စာပေတွေကို ဘာသာပြန်ဆို ရေးသားဖို့ ဆိုတာတွေကို အရမ်းကို အားပေးနေကြတာပါ။ တရုတ်၊ ဂျပန်၊ ရုရှ အစရှိတဲ့ နိုင်ငံတွေက အဲဒီလို ဘာသာပြန်ဆိုမှုတွေကို အထူးအလေးထားကြတာ တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ စာအုပ်ကောင်း တစ်အုပ် အင်္ဂလိပ် ဘာသာနဲ့ ထွက်တိုင်း သူတို့ဆီမှာ ဘာသာပြန် တစ်ခါတည်း ထွက်ပါတယ်။ စက္ကူချိုးတဲ့ပညာ ကစပြီး လေယာဉ်ပျံလုပ်တဲ့ စာအုပ်အထိ လိုချင်တာ ရနိုင်ပါတယ်။ ဒါကြောင့် သူတို့ လူမျိုးတွေ ခေတ်နဲ့ အမီ လိုက်နိုင်နေတာ ဖြစ်ပါတယ်။ စိတ်ကူးကောင်းတဲ့ တီထွင်သူတွေ၊ ပညာရှင်တွေ၊ ခေတ်မီတဲ့ အမြင်ရှိတဲ့ ကျောင်းဆရာကောင်းတွေ၊ စီးပွားရေး ပညာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေ ဒါတွေကြောင့် ပေါ်ပေါက်များပြားလာတာ ဖြစ်ပါတယ်။ မြန်မာတွေရော .... ဘယ်လောက် အမှီလိုက်နိုင်နေပြီလဲ။ ကျွန်တော်ကတော့ မြန်မာပြည် ပြန်ရောက်ကတည်းက နည်းပညာတွေမှာ အတော် ကျန်နေရစ်ခဲ့ပါပြီ။ အဲဒီ အချက်တွေကို လေးလေးနက်နက် ခံစားမိပြိး စာရေးဖို့ စိတ်ဓာတ် ပိုမို ခိုင်မာ လာတာပဲ ဖြစ်ပါတယ်။
     ကျွန်တော် စာရေးရခြင်းရဲ့ နောက်တချက်ကတော့ အယူသမား ဘဝ ကနေ အပေးသမား ဘဝကို ပြောင်းလဲ ခံယူချင်တာ ကြောင့် ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ မွေးကတည်းကနေ အခုအချိန်အထိ လောကကြီးကနေ ရသမျှကို လောဘတကြီး သိမ်းကြုံးယူနေမိပါတယ်။ သက်တမ်း တဝက်ကျော် နေပြီးနေပြီ ဆိုတဲ့ အသိလေးနဲ့ ကျန်တဲ့ အချိန်တိုင်းကို တန်ဖိုးထားပြီး နေရတော့မယ် ဆိုတာလေး စိတ်ထဲ အလန့်တကြား ပေါ်လာပါတယ်။ မလွှဲမသွေ ရင်ဆိုင်ရတော့မယ့် သေခြင်းနဲ့ မဆုံဖြစ်သေးခင် စက္ကန့်တိုင်းကို အကျိုးရှိရှိ နေသွားဖို့ လိုလာပါပြီ။ ဒါကြောင့် ယူတာတွေ လျှော့ပြီး ပေးနိုင်သမျှ နည်းနည်းခြင်း စပေးသွားဖို့ ဆုံးဖြတ်မိပါတယ်။ အခြား အလုပ်တွေနဲ့ အတူ စာရေးခြင်းကလဲ ကျွန်တော် လောကကြီးကို ပြန်ပေးမယ့် အဓိက အရာ တစ်ခုပါ။ ကျွန်တော် လောဘတကြီး စုဆောင်းထားတဲ့ အတတ်ပညာ အချို့ရယ်၊ မဖြစ်စလောက် အတွေးအခေါ် အမြော်အမြင် အချို့ရယ်ကို တတ်နိုင်သလောက် လက်ဆင့်ကမ်း ဝေမျှ ပေးသွားချင်ပါတယ်။ အမှားတွေ တလှေကြီး ပါနေနိုင်ပေမယ့် စေတနာကတော့ စစ်မှန် နေမှာပါ။ စာဖတ်သူများရဲ့ ကွန်မန့်များကိုလည်း အားပါးတရကြီး ပြန်ဖတ်ချင်ပါတယ် ခင်ဗျာ။ စာဖတ်သူအားလုံး ကျန်းမာ ပျော်ရွှင် နိုင်ကြပါစေ ခင်ဗျာ။
ဒေါက်တာ အောင်ဝင်းထွဋ်
၂၃-၁၁-၂၀၁၀

Please Share This Post

Share on Facebook Plus on Google+

2 ယောက်က ဒီလိုပြောတယ်

This comment has been removed by the author.

အာူးပေးလေးစားပါတယ်