ဂလိုဘယ်ရေစီးထဲက ညီလေးတို့ရွာ

၂၀၁၀ ဒီဇင်ဘာ နောက်ဆုံးပတ် ထဲမှာ နှစ်ပေါက်အောင် မရောက်တာ ကြာပြီဖြစ်သော ဇာတိချက်ကြွေ မော်လမြိုင်မြေသို့ အလည်တစ်ခေါက် ရောက် ဖြစ်ခဲ့သည်။ ကလေးဘ၀ ကတည်းက ခွဲခွာခဲ့ရသော ရွာကို ကျွန်တော် အလွန် စွဲလန်း မြတ်နိုးပါသည်။ ဘာကြောင့် စွဲလန်းရသလဲ လို့မေးရင် ကျွန်တော့် ဇာတိချက်မြှုပ် အရပ် မို့၊ မေတ္တာဖြင့် ၀န်းဖွဲ့သော ဆွေမျိုးမောင်နှမ များရှိရာ အရပ်မို့ ဟုပဲ ဖြေရပါလိမ့်မည်။ ကျွန်တော့် ချက်ကြွေဇာတိမြေဖြစ်သော ငန်းတေးရွာ သည် ကျွန်တော်၏ နှလုံးသားရှိရာ အရပ် ဟု ဆိုကြပါစို့။ Home is where the Heart is. ဆိုတဲ့ သိုးဆောင်းစကားပုံ ရှိသမဟုတ်လား။ ကျွန်တော်ဘယ်နေရာရောက်ရောက် ကျွန်တော့် နှလုံးသားရှိရာ ငန်းတေးရွာသည် ကျွန်တော့် အိမ်ပဲ ဖြစ်သည်။ ကျွန်တော်သည် ကလေးဘ၀ကတည်းက ရွာလမ်းပေါ်က ဂ၀ံမြေနီကျင်ကျင် ပေါ်မှာ ကစားရင်း ကြီးပြင်း ရသဖြင့် ထိုမြေကြီးကို ကျွန်တော့် ငယ်ပေါင်းပမာ သံယောဇဉ်တွယ်တာ ဖြစ်မည်။ ကျွန်တော့် ဒူးနှင့် တတောင်ဆစ်က အနာရွတ်များသည် ထိုမြေကြီးကပေးသော အမှတ်တရလက်ဆောင်များ ဖြစ်သည်။ ဂ၀ံခဲမြေပေါ်မှာ ပြေးလွှားဆော့ကစားရင်း၊ စက်ဘီးစီးရင်း ချော်လဲ၊ နဖူးကွဲ၊ ဒူးပြဲ ဒဏ်ရာ များက ကျွန်တော့် ဒူးနှင့်တံတောင်မှာ တင်းကြမ်းပြည့်လုလုပင်။ မြစ်နားချောင်းနား ကြီးပြင်းရသော ကလေးပီပီ အိမ်နား ဖြတ်စီးသွားသော ငယ်ငယ်က ရေကူးခတ်ကစားခဲ့ရာ အတ္တရံ မြစ်လက်တက် ကလေးကို ကျွန်တော် မြတ်နိုးစွဲလန်းတာ လည်း ဖြစ်မည်။ သရဲခြောက်သည်ဟု နာမည်ကြီးသော ထိုမြစ်ကမ်းနဖူးက မြစ်ဆုံကြီးတွေ ကုန်းထရုန်းကြွနေသော ဖာဖားဝေေ၀ ပင်စည်ထွားထွား ပညောင်ပင် ကြီး ကို လည်း မှတ်မှတ်ရရ ချစ်ခင်နေတာလည်း ဖြစ်နိုင်သည်။ အဲ..ညောင်ပင် နှင့် မြစ်ဆိုလို့ ကျွန်တော် ဆရာ မင်းသုဝဏ် ရဲ့ အေးရိပ်သာတဲ့ ပညောင်ညို ဥသြတွန်သံချို၊ ဒိုးယိုစီးတဲ့ နဒီတွင်း သမင်ရေသောက်ဆင်း ဆိုတဲ့ ကဗျာလေးကို သွားသတိရမိပါသည်။ ကျွန်တော်တို့ အိမ်နား ဖြတ်သန်းဝန်းခွေကာ စီးသွားသော အတ္ထရံမြစ်လက်တက် နှင့် ထိုညောင်ပင် သည် တကယ်ကို လိုက်ဖက်ပနံရလှပါပေသည်။ ကိုင်းဖျားကိုင်းနားတို့မှ ညောင်မုတ်ဆိတ်တို့သည် တသွင်သွင်စီးနေသော ချောင်းရေပြင်ထက်ဝယ် တွဲရရွဲ ကျနေပုံမှာ ကဗျာဆန် လှသည်။ ထိုညောင်ပင်၏ မြစ်ဆုံမြစ်ပွားတို့သည် မြစ်ကမ်းပါးယံကို မြေထိန်းနံရံများသဖွယ်ကုပ်တွယ်ထားပေးသည်။ တစ်ခုပဲ ကွာသည်။ ဆရာမင်းသုဝဏ်၏ နဒီမြစ်အတွင်း သို့ သမင်ရေသောက်ဆင်းပြီး ကျွန်တော်တို့ အိမ်နားက မြစ်တွင်းသို့ နွားနှင့် မြင်းများ ရေချိုး ရေသောက်ဆင်းကြပါသည်။ ညနေခင်းဝယ် တသွင်သွင်စီးနေသော မြစ်၊ ရွာဆိပ်ကမ်းကပ်လာသော အိုးလှေ၊ မီးသွေးလှေ၊ ထင်းလှေ၊ နွားရေချိုးသူများ၊ ရေခပ်သူ လုံမများ၊ ရေကစားသူ ကလေးများ နှင့် နွေရာသီ ရွာ ဆိပ်ကမ်းနားသည် ယခုပြန်စဉ်းစားသောအခါ လွမ်းမောဖွယ် ပန်းချီကား တစ်ချပ်နှယ်ပင်။ ဒါသည်ပင် ရွာ့သရုပ် ရွာ့သကန် ဖြစ်သည်။ ရွာ့သဘာဝ ဖြစ်သည်။ ရွာ့ဝါဒ ဖြစ်သည်။ ကျွန်တော်တို့ ကလေးဘ၀က ရွာသည် အဆိုတော် သန်းထွန်းလေး၏ ညီလေးတို့ ရွာ သီချင်းထဲက အတိုင်း ကျေးလက်ဆန်ဆန် သာယာလှပါသည်။

ရွာ့ထုံးစံ နံနက်ဝေလီဝေလင်း ဆိုလျှင် နိဗ္ဗာန်ဆော်သံ၊ လင်းကြက်တွန်သံ ကြားရမြဲဖြစ်သည်။ နွားငေါက်သံ၊ နွားခလောက်သံ၊ လှည်းအီသံ တွေ ကြားရတတ်သည်။ ပန်းပဲရွာမို့ ပန်းပဲထုသံ ဖားဖိုညည်းသံ တရှဲရှဲလည်း ကြားနိုင်သည်။ ငယ်ငယ်က ဆိုလျှင် မောင်းထောင်းသံ တွေပင် ကြားရတတ်သည်။ မုန့်ဆန်းထောင်းရုံများသည် ကျွန်တော် ကလေးဘ၀ ၁၀ နှစ်သား အရွယ်လောက်မှာပဲ ရွာမှ ပျောက်သွားသည်ကို သတိထားမိသည်။ ပဲပြုတ်သည်အော်သံ၊ ခေါင်းရွက်သည် ဈေးလည်ဈေးခေါ်သံ တွေသည် ကျွန်တော် ကလေးဘ၀ ၁၉၈၀ ခုနှစ်များဆီက ရင်းနှီးကျွမ်းဝင်နေကျ ရွာ့အသံများတည်း။ ကျောင်းသားများ တစ်အိမ့်တစ်အိမ် အပြိုင် စာအော်ကျက်သံ က လည်း ရွာ့ကျက်သရေပါပင်။

ကျွန်တော်ရွာကို သတိရတိုင်း အာရုံမှာပေါ်လာတတ်သည်မှာ ရွာ့ရနံ့ ဖြစ်သည်။ ဟုတ်ပါသည်။ ရွာ့ရနံ့…။ ရွာမှာရနံ့ ရှိပါသလား။ စပါးခင်းစိမ်းစိမ်းတွေကို ဖြတ်သန်း တိုက်ခတ်လာသော စိမ်းရွှင်ရွှင် လတ်ဆတ်သော လေထု နှင့် ကောက်ရိုးခြောက်နံ့ သင်းသော နွားချေးနံ့သည် ကျွန်တော့် အတွက်တော့ ရွာ့ရနံ့ ဖြစ်သည်။ ထိုရနံ့ကို ကျွန်တော် နှစ်သက်သည်။ ပြီးတော့ ဖုန်နံ့။ နွေဦးပေါက် ကျောင်းကြီးပိတ်ပြီပြီဆိုလျှင် ကျွန်တော်တို့ ကလေးတစ်သိုက်သည် ဖုန်တသောသော ဂ၀ံမြေနီလမ်းမပေါ်မှာ သဲမှုန့်များကို ခဲစင်အောင် ပြာတီးပြီး မှုန့်ညက်နေသော မြေမှုန့်နီနီများကို ရေဖျော်ကာ ပယ်ပယ်နယ်နယ် ကစားရတာလည်း အာရသာ တစ်မျိုးပင်။ ထို့ကြောင့် ကျွန်တော်တို့ကလေးများသည် မြေဓာတ်ရ၍ ကျန်းမာကြသလို၊ ၀ဲလည်း စွဲကြသည်။ ထို့ကြောင့် မြေနံ့၊ ဖုန်နံ့သည် ကျွန်တော့် အာရုံမှာ စွဲနေသည်။ ထိုရနံ့ကို ရွာနှင့် တွဲလျက် အမှတ်ရနေမိသည်။ ညနေစောင်းလျှင် ထိုဖုန်ထူထူ လမ်းမပေါ် မှာ လရောင်အောက်၌ စိန်ပြေးတမ်း၊ ရွှေစွန်ညိုဝဲတမ်း၊ ဘီးရောင်းတမ်း၊ တူတူပုန်းတမ်း၊ တိုင်ဦးတမ်း၊ ထုပ်ဆီးတိုးတမ်း စသည်ဖြင့် အမေများက တုတ်ကောက်ကာ အိမ်ပြန်မခေါ်မချင်း ဗြောင်းဆန်အောင် ချွေးသံတရွှဲရွှဲ ကစားကြသည်။ ငြင်းခုန်လိုက်ကြ၊ ရန်ဖြစ်လိုက်ကြ၊ ပြန်ချစ်လိုက်ကြ နှင့် တကယ့်ကို ပျော်မွေ့စရာ ရွာ့ဘာသာဘာဝ ကလေးဘ၀ပါပေ။

ဒီတစ်ခေါက် ရွာရောက်သည့်အခါ ရက်ကြာကြာနေဖြစ်သဖြင့် ကလေးဘ၀က မှတ်မှတ်ရရ ရှိသော နေရာကလေးများကို အလွမ်းပြေသွားကြည့် မိသည်။ ဆယ်စုနှစ် သုံးခုစာကြာသော ကာလသည် ရွာကို ပြောင်းလဲပစ်လိုက်နိုင်သည်ကို အံသြဖွယ်တွေ့လိုက်ရသည်။ ပြောင်းလဲဆို ခေတ်ကိုက သတင်းနည်းပညာ ခေတ်မဟုတ်လား။ ကမ္ဘာ့အနောက်က သတင်းကို အရှေ့က အချိန်နှင့် တစ်ပြေးညီ သိနိုင်တဲ့ ခေတ်မဟုတ်လား။ သတင်းဆက်သွယ်ရေးနည်းပညာ အင်တာနက်သည် ကမ္ဘာကြီးကို ချုံ့ပစ်လိုက်ပြီလား။ ကမ္ဘာကြီးသည် ရွာ ဖြစ်သွားချေပြီးလား။ ကမ္ဘာတကယ် ပြားပြီလား။ ကျွန်တော်ငယ်ငယ်ကတော့ ရွာသားများအဖို့ ကျွန်တော်တို့ရွာသည်ပင် ကျွန်တော်တို့ကမ္ဘာ ဖြစ်သည်။ အခုတော့ ကျွန်တော့်တို့ ရွာကလေးသည်ပင် ထိုဂလိုဘယ်ရေစီးထဲ သို့ စီးဝင်စပြုနေပေပြီကော။

ဒီတစ်ခါ ရွာရောက်တော့ ငယ်ငယ်က ရင်းနှီးနေကျ ဖုန်ထူထူ ဂ၀ံမြေနီလမ်းမပေါ်က နွားချေးပုံများမတွေ့ရ။ နွားချေးရနံ့သင်းသော ရွာရနံ့မရတော့။ နွားငေါက်သံ၊ နွားခလောက်သံမကြားရတော့။ နွားလှည်းယာဉ်နေရာ ဖွတ်ချက်ဖွတ်ချက် ထရော်လာဂျီသံများ အစားဝင်လေပြီ။ နွားလှည်းမရှိတော့ဆို ရွာလမ်းများသည်လည်း ယခင်လို ဖုတ်ထူထူ ဂ၀ံမြေသားလမ်းမှ မဟုတ်တော့တာကလား။ ကတ္တရာလမ်းတွေအဖြစ် အသွင်ပြောင်းကုန်ကြလေပြီ။ ဒါကို မြို့ပြဖြစ်ထွန်းတို့းတက်မှု (Urbanization) လို့ ဆိုနိုင်မလားမသိပါ။ မော်လမြိုင်ရဲ့ သင်္ကေတ ဘုံပြတ် ခေါ် မြင်းလှည်း တွေလည်း ရွာမှာ မတွေ့ရတော့။ ရွာမှာ မတွေ့တော့ သလို မော်လမြိုင်မြို့ပေါ်မှာလည်း ဆုံးစမြုပ်စ ပျောက်ကြချေပြီ။ နွားလှည်း၊ ဘုံပြတ်တို့ နှင့် အတူ နွားတင်းကုပ်များ၊ နွားချည်တိုင်များ၊ ကောက်ရိုးပုံများ၊ နွားစာခွက်များ၊ မြင်းစောင်းများလည်း ရွာက အိမ်တွေမှာ ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်ရဲ့။ ကျွန်တော်တို့ငယ်ငယ်က လှည်းလမ်းမပေါ်က နွားချေးများကို တတန်တက လိုက်ကျုံးကြသည်။ ညစ်ပတ်လှချည့်ဟူ၍ မရွံရှာကြ။ ထိုနွားချေးသည် စိုက်ခင်းများအတွက် ဘေးထွက်ဆိုးကျိုးကင်းသော သဘာဝမြေသြဇာစစ်စစ်မဟုတ်ပါလား။ နွားမွေးသည့် အိမ်များ၌ နွားချေးကျင်းများတူးကာ နွားချေးများ စုထားကြသည်။ နွားချေးခြောက်များကို မြေသြဇာအတွက် လှည်းနှင့် ပုတ်ပြတ်ဝယ်သုံးကြသည်။ ကျွန်တော်ငယ်ငယ်က ရွာက အဖွားစောလှိုင်သည် အရွယ်ရ၍ သူငယ်ပြန်နေသော်လည်း နံနက်တိုင်း ဘုန်းတော်ကြီးများ ဆွမ်းခံမကြွမီ ရွာလမ်းတစ်လျောက်က နွားချေးပုံများကို ၀တ္တရားမပျက် သုတ်သင်ရှင်းလင်းလေ့ရှိသည်မှာ သူ ကွယ်လွန်သည် အထိဖြစ်သည်။ စည်ပင်သာယာမရှိသော ရွာတွင် အဖွားစောလှိုင်သည် ရွာ့အမာခံ စည်ပင်သာယာအဖြစ် ဒိုင်ခံ ကုသိုလ်ယူထားသည်ကို ပြန်စဉ်းစားကြည့်တော့ အဖွား၏ ပရဟိတစိတ်ဓာတ်ကို သာဓုခေါ်မိသည်။ ယခု ရွာမှာ နွားချေးကျင်းတွေ မတွေ့ရတော့။ နွားလှည်းအစား ထရော်လာဂျီ၊ ဘုံပြတ်အစား ဆိုင်ကယ်ကယ်ရီတွေ နေရာယူလေပြီ။

ကျွန်တော်တို့ငယ်ငယ်က ရွာထွက်ကုန်များ မြို့မှာရောင်းရန် နွားလှည်း နှင့် မြင်းလှည်းကို အဓိက အားကိုးရသည်။ မြို့တက်လျှင် ဘုံပြတ်သုံးကြသည်။ နံနက်အရုဏ်ကျင်း ဝေလီဝေလင်း ဆိုလျှင် ရွာထွက် ထင်းစီးတွေ လှည်းတင်ပြီး မြို့ပို့ကြသည်။ မြင်းခြူကုံးသံကြားတာနှင့် ဒါတော့ ဘယ်သူ့မြင်းလှည်းဆိုတာ မှန်းလို့ရသည်။ ကျွန်တော်ကလေးဘ၀က ငန်းတေးသည် မြင်းခြူကုံးသံတခြွင်ခြွင်၊ ခလောက်သံ ဒိုးဒိုးဒေါင်ဒေါင်၊ ပန်းပဲထုသံ တဂျိမ်းဂျိမ်း၊ မုန့်ကြိတ်ဆုံသံ တကျီကျီ၊ နွားလှည်းသံ တအီအီ နှင့် တစ်ဘာသာ စည်လှသည်။ ခုတော့ ဆိုင်ကယ် ကယ်ရီသံ၊ ထရော်လာဂျီသံ တ၀ုန်းဝုန်း တဂျုန်းဂျုန်း ဖြင့် တစ်မျိုး အလုပ်ဖြစ်နေပြန်သည်။

ပို့ဆောင်ရေးအတွက် နွားနှင့် မြင်းများကို မသုံးကြတော့သလို၊ စိုက်ပျိုးရေးအတွက်လည်း မသုံးကြတော့ပေ။ မသုံးကြတော့ဆို ကျွန်တော်တို့ ရွာက လယ်သမားတော်တော်များများ စပါးမစိုက်ကြတော့တာကို သတိပြုမိလိုက်သည်။ ဤသို့ဆိုသဖြင့် စိုက်ပျိုးရေးကို လုံးဝမလုပ်ကြတော့တာမဟုတ်။ လယ်ရှင်အချို့ ရှိသေးသည်။ သို့သော် လယ်သူရင်းငှားများမှာ နေ့တွက်ပိုကိုက်သော သစ်စက်များသို့ လည်းကောင်း၊ မြို့ပြသို့ရွှေ့ပြောင်းလုပ်ကိုင်ကြ၍လည်ကောင်း၊ သူတို့ဘ၀အာမခံချက်ပိုရှိမည်ဟု ယူဆရသည့် အခြားနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်သား များ အဖြစ်ရွှေ့ပြောင်း လုပ်ကိုင်ကြသဖြင့် လည်းကောင်း လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းသည် ကျွန်တော်တို့ငယ်ငယ်ကဲ့သို့ ရွာ၏ ထိပ်တန်းစီးပွားရေးမဟုတ်တော့။ ရွာကလယ်ကွက်များကို သစ်ခွဲစက်မြေနေရာအတွက်သော်လည်းကောင်း၊ အုတ်ဖုတ်ကျင်းများအတွက်သော်လည်းကောင်း အသုံးချနေကြသည်။ လယ်ယာမြေတော်တော်များများသည်လည်း လူနေရပ်ကွက်များ၊ မြို့သစ်များအဖြစ် ကူးပြောင်းသွားကြလေပြီ။ ကျွန်တော်တို့ငယ်ငယ်က ဈေးကြိုရပ်နှင့် ကျွန်တော်တို့ ငန်းတေးရွာကြားသည် လယ်ကွင်းများနှင့် တရုတ်သင်္ချိုင်းခြားနေသဖြင့် မြို့နှင့် မဝေးလှသော်လည်း မြို့နှင့် အဆက်ပြတ်နေသည်။ ၁၉၈၈ နောက်ပိုင်း တရုတ်သချိုင်းနေရာကို မြိုင်သာယာမြို့သစ်တည်ပြီးနောက် နှင့် ၂၀၀၇ ခုနှစ်နောက်ပိုင်း ရွာအ၀င် လယ်မြေများပေါ်၌ မဟာမြိုင်ရပ်ကွက်သစ်တိုးချဲ့လိုက်သဖြင့် ယခုအခါ ကျွန်တော်တို့ ရွာသည် မော်လမြိုင်မြို့ထဲ ငုံမိသွားသည်။ ယခင်လို မြို့ဆက်ပြတ်မနေတော့ပေ။

နွားနှင့်မြင်းများကို စိုက်ပျိုးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးအတွက် အသုံးနည်းလာသဖြင့် ယခင် နွားရေချိုး၊ရေတိုက်အတွက် သုံးသော ကျွန်တော်တို့ အိမ်နားက အတ္ထရံမြစ်လက်တက်ကလေးသည်လည်း ရေခပ်သူများ၊ ရေကူးခတ်ကစားသူကလေးများ၊ နွားများ နှင့် ယခင်လို မစည်ကားတော့။ ထိုချောင်းကလေးသာ စကားတတ်ပါက "နန်းအလယ် ပန်းစပယ်မပေါ်ခိုက်ဟာမို့ ခံပွင့်ကို သုံးကြတယ်" ဟု ဆိုရှာချေမည်လား မသိပါ။ ယခင်က တစ်ရွာလုံးက နွားများ ရေးချိုးရေတိုက်ရာမှာ သုံးသည့် မြစ်တွင်းဆင်းရာ လျှိုမြောင်လမ်းကြားကလေးသည်ပင် သုံးသူမဲ့ကာ ချုံနွယ်ပိတ်ပေါင်းများနှင့် ပိတ်ဆို့ဖုံးကွယ်နေပြီ။ ရွာကကလေးတွေလည်း ထိုချောင်းကလေးထဲမှာ ရေမကစားကြတော့၊ ရွှံ့လုံးများဖြင့် တစ်ဦးကိုတစ်ဦး ပစ်ပေါက်ကာ စစ်တိုက်တမ်း ကစားရကောင်းမှန်း မသိကြတော့။ ရွှံခူးပြီး လောက်စာလုံး၊ ရွှံရုပ်လုပ်တမ်း မကစားကြတော့။ ထိုလောက်စာလုံးများဖြင့် ရွာရိုးကိုးပေါက်လျှောက်ကာ ငှက်ပစ်မထွက်ကြတော့။ ပုဆိုးစလွယ်သိုင်း ရွာဝိုင်းပတ်လည် ခွေမလှိမ့်ကြတော့။ ဂေါ်လီ မတိုက်ကြတော့။ ပညာခေတ်မို့ ကျောင်း နှင့် ကျူရှင် လွန်းထိုးကာ စာပိနေကြပြီလား မဆိုနိုင်။ လပြည့်ညများ၌ ရွာလမ်းမပေါ် ထုပ်စီးထိုးသံ၊ ဒီထိုးသံ၊ ရွှေစွန်ညိုဝဲသံတွေလည်း ဆိတ်သုဉ်းကုန်ပြီ။ ကိုးရီးယားရုပ်မြင်သံကြားဇာတ်လမ်းတွဲလှိုင်းဂယက်က ရွာက ကလေးတွေကို ရိုက်ခတ်ချေပြီလား။ သို့တည်းမဟုတ် ဗီဒီယိုဂိမ်းတွေက ရွာ့ဓလေ့ မြန်မာ့ဓလေ့ ကစားနည်းတွေကို စွန့်ခွာသွားစေတာလား မသိပေ။ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများနှင့် ဓာတ်ပြားချပ်များသည် ရွာ့ကလေးများကို တီဗွီရှေ့က မခွာရအောင် ဆွဲဆောင်လေပြီ။

ရွာက ကလေးဆိုပြီး အထင်မသေးလိုက်လေနှင့် ဆရာ။ ခုတလော ကမ္ဘာတစ်လွှား ဆယ်ကျော်သက်တွေကြား ရေပန်းစားနေသည့် ကနေဒါလူမျိုး ဆယ်ကျော်သက် ပေါ့ပ်ငွေကြယ်ပွင့် ၁၆ နှစ်အရွယ် ဂျက်စတင်ဘီဘာ ၏ ဘေဘီ ဘေဘီ အစချီ အင်္ဂလိပ်သီချင်းကို ရွာက ဆယ်ကျော်သက် ကလေးတွေ ဟန်ကျပန်ကျ လိုက်ဆို နေကြပြီဗျာ။ လက်တင် ပေါ့ပ်အဆိုတော် ရှကီရာ၏ ၂၀၁၀ ကမ္ဘာ့ဖလား သီချင်း ၀ါကာဝါကာ သည်လည်း ရွာ့ကလေး များ၏ ပါးစပ်ဖျား ရေပန်းစားနေပြီ။ ဘာဘေးဒိုးဖွား R&B အဆိုတော်မလေး ရီဟန်နား နှင့် အမ်မီနမ်တို့ စုံတွဲဆိုထားသည့် လတ်တလော နာမည်ကြီးနေသည့် သီချင်းဗီဒီယိုကို ရွာက လူငယ်များက လတ်လတ်ဆတ်ဆတ် ခံစားကြည့်ရှု့နေကြလေပြီ။ ဂျက်စတင်ဘီဘာ သည်လည်းကောင်း၊ ရှကီရာသည်လည်းကောင်း၊ ရီဟန်နာသည် လည်းကောင်း ဂလိုဘယ်ရေစီးဖြင့် ရွာကို ရောက်ခဲ့ချေပြီ။ ကမ္ဘာ့ဖလားလို အားကစားပွဲများ၊ နာမည်ကျော် ဘောလုံးသမားများ၏ သတင်းစုံ ကို ရွာမှ ကာလသားများ အချိန်နှင့် တပြေးညီ သိ၍ အချေအတင် ဆွေးနွေးနေကြလေပြီ။ နေ့စဉ်ထုတ်၊ အပတ်စဉ်ထုတ် စာနယ်ဇင်းများလည်း ကျေးရွာလူထုကြားရောက်ချေပြီ။ ကမ္ဘာ့အရေး မြန်မာ့အရေးကို လည်း အချိန်မရွေး သိနိုင်ကြလေပြီ။ ကမ္ဘာ့အနောက်ခြမ်းက ပေါ့ပ်ယဉ်ကျေးမှုကို ကျွန်တော့်တို့ရွာလို တတိယကမ္ဘာ့နိုင်ငံက ရွာငယ်ဇနပုဒ်ကလေးဆီသို့ သယ်ဆောင်လာနိုင်သည့် ဂလိုဘယ်ရေစီးနှင့် သတင်းနည်းပညာအစွမ်းကား အံ့မခန်းပါပေ။

အဲ…ရွာဓလေ့ အရုဏ်တက် နိဗ္ဗာန်ဆော်သံကော..။ ကျွန်တော် မကြားခဲ့ရ။ ရွာမှာ ဆွမ်းတော်ခင်ဗျို့ဟု သံရှည်ဆွဲအော်လိုက်သော နိဗ္ဗာန်ဆော်သံ ဆိတ်သုဉ်းသွားသည့်အတွက် ကျွန်တော် စိတ်မကောင်းဖြစ်ရသည်။ လင်းကြက်တွန်သံ လည်းမကြားရတော့။ ကျွန်တော်တို့ရွာသည် ကြက်သံကို ပဟိုရ်ပြုရသည့် တောသူ့ရွာ မဟုတ်တော့ ပြီလား။ ဒါဟာ ဂလိုဘယ်လ်ရေစီးနှင့် ဆိုင်သလား ကျွန်တော် ဆက်စပ်မတွေးတတ်ပါ။ ၀မ်းသာစရာ ကောင်းသည်မှာ ကျွန်တော်တို့ မမွေးခင်ကတည်းက အစဉ်အဆက်ကျင်းပလာခဲ့သည့် ဆွမ်းကြီးလောင်းပွဲတော် ခေါ် စာရေးတံမဲပွဲကို အစဉ်အလာမပျက် ကျင်းပဆဲ ဖြစ်သည်။ ရွာသားများ သဒ္ဓါထက်သန်မှုကြောင့် ငန်းတေး ဆွမ်းကြီးလောင်းပွဲဆိုလျှင် မြို့ရွာအနှံ့က သံဃာတော်များအစ၊ သီလရှင်များအလယ်၊ အယုတ်အလတ်အမြတ်မရွေး ဆင်းရဲနွမ်းပါးသူများ၊ ဖုန်းတောင်းယာစကာများအဆုံး အားလုံးကို ဒါနပြုလှူဒါန်းကြသဖြင့် နာမည်ကျော်ကြားလှသည်။ ဂလိုဘယ်လ်ရေစီးသည် ရွာသားတို့၏ သဒ္ဓါစိတ်ကို မပြောင်းလဲနိုင်ခဲ့သည့်တိုင် လှူဖွယ်ဝတ္ထုများကတော့ ဂလိုဘယ်လ်လှိုင်းနှင့် အတူပါလာသည့် ဈေးကွက်စီးပွားရေးထဲက ပါကင်လှလှ ထုပ်ပိုးထားသည့် တန်ဖိုးမြှင့် ထုတ်ကုန်များ ဖြစ်လာကြသည်။ ဥပမာ..အဆင့်သင့်ဖျော် ကော်ဖီမစ်ထုပ်ကလေးများ၊ အသင့်ထုပ်ပိုးပြီး ဆပ်ပြာမှုန့်ထုပ်များ၊ ဆပ်ပြာခဲများ၊ ခေါက်ဆွဲထုပ်များ စသည်တို့ ဖြစ်သည်။ ရွာက အိမ်ဆိုင်ငယ်ကလေးများတွင် ကျွန်တော်တို့ ငယ်ငယ်က ၀ယ်စားနေကျ အုန်းကပ်စေး၊ သကြားချောင်း၊ ဇီးတော်ဖီတို့ နေရာမှာ အသင့်စား အရောင်စုံ အသွေးစုံ Junk Food ခေါ် သွားရည်စာ အထုပ်ငယ်ကလေးများ ချိတ်ဆွဲနေရာ ယူကြလေပြီ။ ဒါကိုထောက်ရှုခြင်းအားဖြင့် ကျွန်တော်တို့ ရွာသည်လည်း ဂလိုဘယ်ရေစီးထဲက တစ်ခါသုံး (Instant) ယဉ်ကျေးမှုထဲ စီးမျောနေပြီဟု ကောက်ချက်ချနိုင်သည်။

နောက်တစ်ချက် သတိပြုမိသည်မှာ ကျွန်တော်တို့အိမ်တွေမှာ ငါးပိအိုး၊ ဆားအိုးတွေ မတွေ့ရတော့။ မြေသောက်ရေအိုးစင်လည်း မရှိတော့တာကို တွေ့ရသည်။ ဟိုးကျွန်တော်ငယ်ငယ်ကဆိုလျှင် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ သရက်သီးခြောက်၊ မန်ကျည်းသီးခြောက်၊ မရမ်းပြားခြောက်များကို စဥ့်အိုးများဖြင့် နှစ်ပေါက်စာ သိပ်ထား လှောင်ထားတတ်သည်။ ပဲဆီ၊ နှမ်းဆီတို့ကို လည်း ရာဝင်စဥ့်အိုး များဖြင့် လှောင်တတ်ကြသေးသည်။ ယခုတော့ ဈေးကွက်က အလွယ်ဝယ်ယူနိုင်သော အသင့်ထုပ်ပိုးပြီး ကုန်ခြောက်များကြောင့် ထိုစဥ့်အိုးကြီးငယ်တို့သည် အိမ်ထောင့်တစ်နေရာ တွင် ဖုန်တက်ခံ ကာ စံပယ်နေကြရလေပြီ။ ယခင်ကလို အိုးလှေတို့လည်း ရွာမြစ်ဆိပ်သို့ ကပ်ကာ လာမရောင်းကြတော့။ မီးသွေးလှေ၊ ထင်းလှေ များလည်းမကပ်ကြတော့။ အိမ်တော်တော်များများ ကို မီတာများတပ်ဆင်ပေးကြပြီး ဖြစ်၍ လျှပ်စစ်မီးဖို၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်ဟင်းချက်အိုးတို့ကို ရွာက အိမ်တွေမှာ သုံးနေကြပြီ။ ကျွန်တော်တို့ ကလေးဘ၀က အိမ်နားက ချောင်းကို အိုးလှေများ ဆိုက်လျှင် အလွန်ပျော်ရသည်။ အဖွားနှင့် အိုးအ၀ယ်လိုက်သွားလျှင် ကလေးများအား အိုးပုတ်ချိုးရုပ်ကလေးများကို လှေရှင်အိုးသည် ဦးလေးကြီးက လက်ဆောင်ထည့်ပေးတတ်သည်။ အိုးကိုမြစ်ဆိပ်မှာ ရွာက ဆင်းဝယ်ကြသည်မှာ အကြောင်းရှိသည်။ ရေပေါ်မှာ လိုချင်သည့် အိုးကို မျှောလိုက်ခြင်းဖြင့် အိုးမှာ ရေစိမ့်နိုင်သည့် အပေါက်ရှိမရှိ စမ်းပြီးမှ စိတ်ကြိုက်ရွေး ၀ယ်နိုင်သည်။ ဈေးလည်းသက်သာ သဖြင့် တစ်ခါဝယ်လျှင် အရွယ်စုံ ပုံစံစုံ သင်္ကြန်အတာအိုးကအစ ၄-၅ လုံး ၀ယ်တတ်ကြသည်။ ယခု အိမ်နားက ချောင်းကလေးမှာ ဆိုက်ကပ်သူကင်းမဲ့လျက် ဆိပ်ကမ်းမရှိတော့ တာကို တွေ့လိုက်ရသည်။ ဒါဟာ ကုန်းလမ်းခရီး ချောမွေ့တွင်ကျယ်နေပြီဆိုသည့် Globalization ဖြစ်စဉ်၏ မြို့ပြဖြစ်ထွန်းတိုးတက်မှု ပြယုဂ်တစ်ခုပေလား ကျွန်တော် စိတ်ဝင်စားမိပါသည်။

အမှန်စင်စစ် မြန်မာနိုင်ငံ တံခါးဖွင့် ဈေးကွက်စီးပွားရေးကျင့်သုံးခဲ့သည် ၁၉၈၈ ခုနှစ် နှင့် နှိုင်းစာပါက ကျွန်တော်တို့ရွာ ဂလိုဘယ်လ်ရေစီးထဲ မျောပါမှုအလျင်သည် အလွန် အထနှေးသည်ဟု ဆိုရပါလိမ့်မည်။ အကြောင်းမှာ ကျွန်တော်တို့ရွာ သည် ၂၀၀၇ ခုနှစ်နောက်ပိုင်းမှသာ သိသာထင်ရှားသော လူမှုစီးပွားရေး နှင့် မြို့ပြဖြစ်ထွန်းတိုးတက်မှု တို့၏ သဲလွန်စများကို ခြေရာကောက်မိသော ကြောင့်ဖြစ်သည်။ ရုပ်မြင်သံကြား နှင့် လျှပ်စစ်မီးတို့ ကျေးဇူးကြောင့်၊ အဆင့် မြှင့်တင်လိုက်သည့် ချောမွေ့သွားသော လမ်းပန်းဆက်သွယ်ရေးကြောင့်၊ ရွာသူရွာသားများသည် ကျွန်တော်တို့ကလေးဘ၀ ၁၉၈၀ ခုနှစ်များ ကထက် အသိအမြင်များ ပွင့်လင်းလာကြသည်။ ရုပ်ပိုင်းတိုးတက်မှု အထနှေးသော်လည်း ဓလေ့ထုံးစံ၊ ရိုးရာယဉ်ကျေးမှု၊ တန်ဖိုးထားမှုများ၊ မိသားစုသံယောဇဉ် သို့မဟုတ် လူမှုရေး အဆောက်အအုံသည် မြို့ပြမှာလို ရုတ်ချည်း အလွှမ်းမိုးမခံရသဖြင့် ၀မ်းသာရ၏။ ဆရာနေဇင်လတ်က သူ၏ "ယဉ်ကျေးမှုကောင်းကို ဖွံဖြိုးပါစေ" ဆောင်းပါးတွင် "ကမ္ဘာပြုမှု နှင့် ယဉ်ကျေးမှုအသစ်များ" အခန်း၌ အောက်ပါအတိုင်း ဆိုထားပါသည်။

"ကမ္ဘာပြုမှု (Globalization) တွင် ယဉ်ကျေးမှုစုံ (Multi Culture) ကို တွေ့မြင်နိုင်သည်။ Mixed Culture ကိုလည်း အချို့နေရာများ၌ တွေ့ရ၏။ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်ကရှိခဲ့သော နိုင်ငံများ၏ Identity ဟူသော လက္ခဏာရပ်များ အချို့နေရာများတွင် အတော်မှေးမှိန် ပျောက်ကွယ်နေသည်ကို တွေ့နိုင်သည်။ ယဉ်ကျေးမှုသည် ကူးပြောင်းတတ်သောသဘော၊ စီးဆင်းတတ်သောသဘော၊ အသစ်တဖန်မွေးဖွားတတ်သော သဘော ရှိသည်။ ယဉ်ကျေးမှုတစ်ခု မပျောက်ကွယ်ဟု ဆိုလျှင် ဂူအောင်းဘ၀၊ အသားစိမ်းစားဘ၀မှ တက်နိုင်ကြဦးမည် မဟုတ်ပေ။

Human Intellectual Achievement ဖြစ်သဖြင့် ကောင်းသော ယဉ်ကျေးမှုတို့ကိုသာ လက်ခံသင့်ပြီး အပျက်သဘော ဆောင်ယဉ်ကျေးမှုတို့ကို သင်းသတ်သင့်ပါသည်။ နည်းပညာသစ်များသည် ယဉ်ကျေးမှုအသစ်များကို အဓိကသယ်ဆောင်လာသည့် အရာများ ဖြစ်သည်။ မြန်ဆန်၍ မြင့်မားသော နည်းပညာ အသစ်များကြောင့် တစ်နေရာမှ ယဉ်ကျေးမှုတို့က အခြားနေရာတစ်ခုသို့ စီးဆင်းမှု များစွာ မြန်ဆန်စေပါသည်။ (၂၀) ရာစုတစ်ခုလုံးကို ယေဘုယျလေ့လာလျှင် အနောက်ဘက်ယဉ်ကျေးမှုတို့ ပို၍ပျံ့နှံ့လာပြီး အရှေ့ယဉ်ကျေးမှုတို့ အနောက်ကမ္ဘာသို့စီးဆင်းမှုမှာ မပြောပလောက်ခဲ့ချေ။ နည်းပညာ တွင်တွင်သုံးနိုင်သော နိုင်ငံ၊ ငွေကိုရေလို သုံးနိုင်သော နိုင်ငံများ၏ ယဉ်ကျေးမှုတို့က အားကောင်းမောင်းသန် အခြားတူရူဆီသို့ စီးဆင်းသွားနေကြောင်းတွေ့နိုင်မည် ဖြစ်သည်။ "

ရွာအကြောင်းရှေးဟောင်းနှောင်းဖြစ်များ ချေးခြောက်ရေနှူးပြောနေသဖြင့် အတိတ်က ရွှေထီဆောင်းခဲ့သည်ကို လွမ်းနေခြင်းမဟုတ်ပါ။ ပြောင်းလဲတိုးတက်မှုကို ရှေးရိုးစွဲဆန်ဆန် လက်မခံလို ပစ်ပယ်လို၍ ပြန်ပြောင်းအောက့်မေ့နေခြင်းလည်းမဟုတ်ရပါ။ ခေတ်သည် ပြောင်းနေ၏။ အချိန်တို့ လျင်မြန်စွာ ပျံကြကုန်၏။ ယနေ့ သတင်းနည်းပညာ ခေတ်တွင်၊ ကမ္ဘာပြုဖြစ်စဉ်တွင် ယဉ်ကျေးမှုတို့ တိုးတိုက်ကြကုန်၏။ ယဉ်ကျေးမှုတစ်ခုမှ တစ်ခုသို့ ကူးလူးဆက်ဆံကြကုန်၏။ စိမ့်ဝင်ပျံ့နှံ့ကုန်၏။ ဤအချက်ကို လက်မခံလို၍ မရ။ သို့သော် ကောင်းသောယဉ်ကျေးမှုကို လက်ခံ၍ ကိုယ်ပိုင်ပြုရမည်။ တိုးတက်စိမ့်ဝင်ပျံ့နှံ့စေရမည်။ အမြစ်တွယ်စေရမည်။ "ဒါ မြန်မာဟေ့" လို့ လက်ညှိုးထိုးပြနိုင်လောက်သော ထူးခြားသည့် မြန်မာ့ဝိသေသလက္ခဏာများကို ငုပ်လျှိုးပျောက်ကွယ်စေမည့် ယဉ်ကျေးမှုအဖျင်းအဖြုန်းများကို အမျိုးသားရေးကိုယ်ခံအား ကောင်းပါမှ၊ ဘာသာသာသနာသွေး စွေးစွေးနီပါမှ ခုခံချေဖျက်နိုင်ကြပေမည်။ သို့ဖြစ်ရာ တံခါးများဖွင့်လိုက်သည်နှင့် လေကောင်းလေသန့် နှင့် အတူ မှက်၊ ခြင်၊ ယင် နှင့် ဖုန်အမှိုက်များ အလုံးအရင်းဖြင့် ၀င်လာနိုင်ခြေရှိရာ အမျိုးသားဥပဓိလက္ခဏာ တည်းဟူသော ခြင်လုံသံဇကာ ဖြင့် ကာကွယ်စစ်ယူရပေမည်။ ကျွန်တော်တို့အားလုံး အမျိုးသားရေးကိုယ်ခံအား ကောင်းပါမှ ကောင်းနိုးရာရာကို ဆယ်ယူ၍ မကောင်းတာကို ပယ်နိုင်ကြပေမည်။

ကိုဇော်(ရာမည)

Please Share This Post

Share on Facebook Plus on Google+

1 ယောက်က ဒီလိုပြောတယ်:

ရေးထားတာလေး သိပ်ကောင်းပါတယ်အစ်ကို ဆက်ရေးနိုင်ပါစေ။ မော်လမြိုင်သားမဟုတ်ပေမယ့် ၃ နှစ်လောက် နေဖူးတော့ အရေးအသားလေး သဘောကျပါတယ်