အမေရိကန်တို့ တရုတ်ထံမှ သင်ယူစရာ အချက် ၅ ချက်

အာသီသ

            ကျွန်တော်တို့၏ အိမ်နီးချင်း တရုတ်နိုင်ငံ စီးပွားရေးတိုးတက်မှုကို ပြည်တွင်း၊ ပြည်ပစာနယ်ဇင်းများတွင် ဋီကာချဲ့ကာ တခမ်းတနား အရေးပေးဖော်ပြလာကြသည်။ တရုတ်စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးရာများ ကို ရှုထောင့်ပေါင်းစုံမှ သုံးသပ်ရေးသားသော စာအုပ်များ ပလူပျံ ထွက်လာကြသည်။ အဆိုးမြင်ရေးသည်လည်းရှိသည်။ အကောင်း မြင်ရေးသည် လည်းရှိသည်။ မည်သို့ဆိုစေ အိပ်ပျော်နေသော အာရှကာလနဂါးကြီးကတော့ ပုတ်နှိုးခံလိုက်ရပြီ။ တရုတ်သည် ကမ္ဘာ့စီးပွားရေး ဒုတိယဦးဆောင်နိုင်ငံ ဖြစ်လာသည်။ နောင် ၂၇ နှစ်ကြာလျှင် တရုတ်သည် အမေရိကန်ကို ကျော်လွန်၍ ကမ္ဘာ့ထိပ်တန်းစီးပွားရေး နိုင်ငံ ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဟောကိန်းထုတ်နေကြသည်။ တရုတ်၏ စီးပွားရေးတိုးတက်မှု၊ ကမ္ဘာ့ဇာတ်ခုံပေါ် ၎င်း၏သြဇာအာဏာကြီးထွားလာမှုတို့သည် အားကျစရာ ကောင်းလှသည်။ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံလို ကမ္ဘာ့တတိယနိုင်ငံများအတွက် တရုတ်သည် စံနမူနာယူစရာ၊ သင်ခန်းစာ ယူစရာကောင်းလှသည်။ ကျွန်တော်တို့လို တတိယကမ္ဘာ့နိုင်ငံများကို အသာထား၊ စီးပွားရေးကျဆင်းနေသည့် တစ်ခုတည်းသော ကမ္ဘာ့အင်အားကြီး အမေရိကန်ပင် တရုတ်တို့ထံမှ သင်ယူလေ့လာသင့်ကြောင်း TIME မဂ္ဂဇင်းဆောင်းပါးရှင် Bill Powell က ထောက်ပြထားသည်။

"Experience is the best teacher, but it can be expensive if you are learning from your own mistakes. It is better to learn from the mistakes of others."

Warren Buffet

အထက်ပါအဆိုအမိန့်သည် ရင်းနှီးမြှုပ်နှံမှု နှင့် စတော့ သူဌေးကြီး Warren Buffet ၏ အဆိုအမိန့်ထဲက တစ်ခု ဖြစ်သည်။ မှန်ပါသည်။ သူတစ်ပါးအတွေ့အကြုံ၊ တစ်ပါးသူ၏ အမှားမှ သင်ခန်းစာယူခြင်း သည် ပညာရှိတို့၏ အရာဖြစ်သည်။ ကိုယ်တိုင်မှားမှ သိပါက လူမိုက်ဖြစ်သည်။ ပေးဆပ်ရသည့် အရင်း အနှီးလည်း များလှသည်။ ထို့ကြောင့် တရုတ်တို့ ဘာကြောင့် ဤမျှ တိုးတက်လာကြသလဲ၊ အမေရိကန်တို့ ဘာကြောင့် ဆုတ်ယုတ်ကျဆင်းနေသလဲ စသည့် သင်ခန်းစာများကို ထုတ်ယူဆင်ခြင်နိုင်စေရန် 5 Things the U.S. Can Learn from China ဆောင်းပါးကို ဘာသာပြန်ဆိုရန် အာသီသဖြစ်မိပါသည်။ ဆောင်းပါးရှင်က တရုတ်တို့ထံမှ အမေရိကန်တို့ သင်ယူစရာများကို အမေရိကန် တို့၏ ရှုထောင့်မှ ကြည့်၍ ရေးထားသော်လည်း ကျွန်တော်တို့ မြန်မာစာရှုသူများအနေဖြင့် တရုတ်ဘက်ရော အမေရိကန်ဘက်မှပါ သင်ခန်းစာယူ ဆင်ခြင်ဖတ်ရှုကြလျှင် ပို၍ အကျိုးများလိမ့်မည် ထင်ပါသည်။

အမေရိကန်တို့ တရုတ်ထံမှ သင်ယူစရာ အချက် ၅ ချက်

            ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့က ကမ္ဘာ့သက်တမ်းအနုဆုံးနိုင်ငံများထဲက တစ်ခုဖြစ်သည့် အမေရိကန်နိုင်ငံ၏ ငယ်ရွယ်သော ခေါင်းဆောင် သမ္မတ ဘရက်ခ် အိုဘားမားသည် ကမ္ဘာ့ရှေးအကျဆုံးနိုင်ငံများအနက် တစ်ခုအပါအ၀င်ဖြစ်သော တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ်ခရီးကို စတင်ခဲ့သည်။ အိုဘားမား နှင့် တရုတ်သမ္မတ ဟူဂျင်းတောင် တို့တွင် ဆွေးနွေးစရာ အကြောင်းအရာ များစွာရှိနေသည်။ အီရန် နှင့် မြောက်ကိုရီးယား နျူလက်နက်အရေး၊ တရုတ်၏ တိုးမြင့်လာသော စစ်သုံးစရိတ်၊ ကုန်သွယ်ရေး မညီမျှမှု၊ ရာသီဥတုပြောင်းလဲမှု။

            သို့သော် ဤအလည်အပတ်ခရီးစဉ်သည် အမေရိကန်အတွက် ခွတီးခွကျ ကာလ၌ ကျရောက်နေသည်။ နှစ်ပေါင်း ၅၀၀၀ ရှည်လျားသော သမိုင်းကြောင်းချီလင့်ကစား တရုတ်နိုင်ငံသည် အကောင်းမြင်ဝါဒ၊ လက်တွေ့စမ်းသပ်မှု နှင့် ကြီးထွားတိုးတက်မှုတို့၏ မောင်းနှင်အားအဖြစ် ပေါ်ထွက်လာခဲ့သည်။ တရုတ်သည် ကမ္ဘာ့စီးပွားရေးထိုင်းမှိုင်းမှုကို တင်းခံနိုင်ခဲ့သည်။ ကမ္ဘာ့ဇာတ်ခုံပေါ်က ၎င်း၏ သြဇာတိက္ကမသည် တစ်ခါမှ ဤမျှ တန်ခိုးမထွားခဲ့ဖူးချေ။ ဆန့်ကျင်ဘက်အားဖြင့် အမေရိကန်သည် ရုတ်တရက် အိုမင်းချည့်နဲ့လာပုံရသည်။ အမေရိက၏ အမျိုးသားရေးစိတ်ဓာတ်သည် ယောင်ချာချာ ဖြစ်နေဆဲ ဖြစ်သည်။ အမေရိက၏ စီးပွားရေးယိုယွင်းမှု၊ အနီနှင့်အပြာ နိုင်ငံရေးအားပြိုင်မှုသည်လည်း ယခင်လို တူးတူးခါးခါး ဖြစ်နေဆဲ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး အရင်းရှင်နိုင်ငံထဲက တစ်နိုင်ငံဖြစ်ပြီး၊ တရုတ်နိုင်ငံမှာ သက်တမ်းအနုဆုံး အရင်းရှင်နိုင်ငံများ အနက် တစ်နိုင်ငံ ဖြစ်သည်။ သို့သော်လည်း အိုဘားမားက သမ္မတဟူအနားကပ်၍ "သမ္မတကြီးတို့ ဒီလိုဖြစ်လာအောင် ဘာတွေလုပ်ပါသလဲ" ဟုမေးခွန်းထုတ်ခြင်းအတွက် အိုဘားမားအား အပြစ်မတင်သင့်ပေ။

            နွမ်းနယ်နေသည့် တစ်ခုတည်းသောကမ္ဘာ့အင်အားကြီး နိုင်ငံသည် တရုတ်ထံမှ တစ်စုံတစ်ရာကို အမှန်တကယ် သင်ယူနိုင်ပါသလား။ ဤမေးခွန်းသည် နိုင်ငံရေးအရ မှားယွင်းသော မေးခွန်းသာ ဖြစ်သည်။ တရုတ်သည် တစ်ပါတီ အာဏာရှင်နိုင်ငံဖြစ်သည်။ တရုတ်ကွန်ုမြူနစ်ပါတီသည် ၎င်း၏ သြဇာကြီးစိုးရေး အတွက် စိန်ခေါ်မှုမှန်သမျှကို ရက်ရက်စက်စက် ကိုင်တွယ်သုတ်သင်လေ့ရှိသည်။ နှိုင်းယှဉ်မှုအရ ပြောရလျှင် တရုတ်နိုင်ငံသည် ရင်ဆိုင်ဖြေရှင်းစရာ ပြဿနာကြီးများ၊ အကျင့်ပျက်ခြစားမှုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဆင့်အတန်းနိမ့်ကျမှုများနှင့် ဆင်းရဲသော ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအဖြစ် နောက်ကျကျန်ရစ်နေဆဲ ဖြစ်သည်။ ဤအချိန်သည် အမေရိကန်ပြည်ထောင်စုအတွက် နှိမ့်ချအောက်ကျို့ရမည့် အချိန်အခါ ဖြစ်ပြီး တရုတ်နိုင်ငံသည် အရေးကြီးသော ကိစ္စတစ်ချို့ကို မှန်မှန်ကန်ကန် လုပ်ဆောင်နေသည်။ တရုတ်တို့၏ စံနမူနာမှ ဘာကို လေ့လာသင်ယူနိုင်မလဲ ဟု အမေရိကန်တို့က တရုတ်တို့အား မေးခွန်းထုတ်ကြမည်ဆိုပါက ကန်တို့၏ လုပ်ရပ်များ မှန်၏ မှား၏ နှင့် ပတ်သက်သော အမြင်တစ်ချို့ကို မလွဲမသွေ ရရှိကြပေမည်။ အောက်ပါတို့သည် တရုတ်နိုင်ငံအောင်မြင်မှု မှ ထုတ်ယူထားသော သင်ခန်းစာ ငါးခု ဖြစ်ပါသည်။

သင်ခန်းစာ (၁) ရည်ရွယ်ချက်ကြီးမားပါစေ။

            နွေရာသီ တစ်နေ့သ၌ အင်တယ်လ် ကုမ္ပဏီ၏ ဒုဥက္ကဌ ရှောင်မယ်လိုနီ သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၌ ချိန်းဆိုထားရာ နေရာတစ်ခု မှ တစ်ခုသို့ အသစ်စက်စက် တည်ဆောက်ကာစ အဝေးပြေးလမ်းမကြီးများပေါ်ဝယ် ဗင်ကားတစ်စီးဖြင့် လူးလာခေါက်တုံ့ ပြေးလွှားသွားလာရင်း ကမ္ဘာ့အကြီးဆုံး ဆောက်လုပ်ရေးစီမံကိန်းတစ်ခု ကို ကားပြတင်းမှ လှမ်းငေးကြည့် လိုက်မိသည်။ ထိုစီမံကိန်းသည်ကား တရုတ်နိုင်ငံကတည်ဆောက်နေသည့် နိုင်ငံအနှံ့ မိုင် ၁၀ ၀၀၀ (ကီလိုမီတာ ၁၆ ၀၀၀) ဖြန့်ကျက်ထားသော မြန်နှုန်းမြင့် ရထားလမ်းကွန်ယက် တည်ဆောက်ရေးစီမံကိန်းပင် ဖြစ်သည်။ ကွန်ကရစ်ဒေါက်တိုင်များ တစ်ခုနှင့်တစ်ခု ၂၄၆ ပေ (၇၅ မီတာ) စီခြား၍ ထောင်ထားသည် ကို မျက်စိတစ်ဆုံးတွေ့ရသည်။ ကွန်ကရစ်ဒေါက်တိုင်တစ်ခုစီသည် သံမဏိကြိုးများ ဖြည့်ထားပြီး၊ တန် ၈၀၀ မျှ အလေးချိန်ရှိသည်။ "တို့လည်း ဒီလိုဟာတွေ ဆောက်ခဲ့ကြတာပဲ" မာလိုနီက သူ့ဘာသာ တွေးကာ ကောက်ချက်ချသည်။ "ဒါပေမဲ့ ခုဟာက တစ်ခုခု လုပ်ကြတိုင်း ကောင်းရင်ငါ့တာ၊ မကောင်းရင်သူ့ကြောင့် ချည်းဖြစ်နေတယ်။ ခု ဒီမှာတော့ ကောင်းရင်သူ့တာ မကောင်းရင် ငါ့တာ သဘော ပိုဆန်နေတယ်။ ဒီမှာတော့ နေရာတကာ အချိန်အရွေး အလုပ်ဖြစ်နေတာပဲ" ဟု မာလိုနီက အရွှန်းဖောက်သည်။

            အမေရိကကို အကြပ်ရိုက်စေသည်မှာ ကောင်းရင်ငါ့တာ၊ မကောင်းရင် သူ့တာ ဟူသော တပါးသူကိုလက်ညှိုးထိုးအပြစ်တင်ဝါဒ သက်သက်ကြောင့်သာ မဟုတ်ပါ။  အမေရိကန်သည် ယခုနှစ် ဘက်ဂျက်လိုငွေပြမှုဖြင့် ဘဏ္ဍာရေးရိုက်ခတ်မှုကို ခံရလုနီးပါး ဖြစ်နေသည်။ ၂၀၁၀ ခုနှစ်၌ ဘက်ဂျက်လိုငွေပြမှု မှာ တစ်ထရီလျံဒေါ်လာကျော်နိုင်ပြီး၊ ၂၀၁၉ ခုနှစ်ဝန်းကျင်တွင် ဒေါ်လာ ၅၀၀ ဘီလျံအထက်တွင် ဆက်လက် ရှိနေဦးမည်ဟု ကြိုတင်ဟောကိန်းထုတ်ထားကြသည်။ သို့သော် အမေရိကန်နိုင်ငံသည် အနာဂတ်ရင်းနှီးမြှုပ်နှံမှု နှင့် အနာဂတ်အပေါ်အမြင်များ၏ အရိုက်အပုတ်ကို တခါတရံ ခံနေရပုံပေါ်သည်။

            တရုတ်သည် ၎င်း၏ ဖွံ့ဖြိုးမှုအဆင့်နှင့် စာပါက မြန်နှုန်းမြင့်ရထားလမ်းများကဲ့သို့သော ကုန်ကျစရိတ်ကြီးမြင့်သောအရာများအတွက် ပုံအောသုံးစွဲလွန်းအားကြီးနေသည်ဟု အချို့စီးပွားရေးပညာရှင်များက ထင်မြင်ကြသည်။ သို့တစေ အခြေခံအဆောက်အအုံစီမံကိန်းများကို အချိန်ယူ၍ အေးအေးဆေးဆေး သုံးသပ်စဉ်းစားခြင်း၊ ရင်းနှီးမြှုပ်နှံဖို့လိုမလို အငြင်းပွားမှုများ၊ တရုတ်နိုင်ငံ၌ ထင်သာမြင်သာမှုရှိမရှိစသည်တို့သည် ထိုးမည့်ဆင်နောက်တစ်လှမ်းဆုတ်ဆိုသကဲ့သို့ ရှေ့သို့ရွေ့မည့်အဓိပ္ပာယ်၊ အားယူသည့် အဓိပ္ပာယ် ဖြစ်သည်။ ဤအချက်ကို မည်သည့်နိုင်ငံခြားသားမှ ငြင်းလိမ့်မည်မဟုတ်ပေ။ တရုတ်တို့က ဤအချက်ကို မမှိတ်မသုန် ယုံကြည်ထားသည်။ အောက်တိုဘာလအတွင်း ရှန်ဟိုင်း ဆင်ခြေဖုန်းရပ်ကွက်တစ်ခု၌ အသစ်စက်စက် ခြောက်လမ်းသွားလမ်းမကြီးကို ဖွင့်လှစ်ခဲ့စဉ်က ရွှေ့ပြောင်းအလုပ်သမားများကို  မြို့တွင်းနှင့် ၎င်းတို့နေထိုင်ရာမြို့နယ်များသို့ လွန်းထိုးပြေးဆွဲပေးနေသော ဇွန်လီပင်း (Zhong Li Ping) ဆိုသူက "ဒီလမ်းစီမံကိန်း ဘာကိစ္စ ဒီလောက်ကြာမှ ပြီးတာလဲ မသိပါဘူး" ဟုဆိုသည်။ အမှန်စင်စစ် ဤအဝေးပြေးလမ်းတည်ဆောက်ရေးကာလမှာ နှစ်နှစ်သာကြာသည်။ ဤကာလသည် အမေရိကန်၌ အဝေးပြေးလမ်းသစ်ဖောက်လုပ်ရေးအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှင့် အခြားလုပ်ရိုးလုပ်စဉ် ခွင့်ပြုချက်ပါမစ်များရရှိရန် အကြမ်းဖျင်းစောင့်ရသည့် ကာလလောက်သာ ကြာသည်။

            "လုပ်ကိုလုပ်နိုင်ရမယ်" (Can-do spirit) ဆိုသည့် စကားအတွက် တရုတ်ဘာသာစကား၌ တိုက်ရိုက်အဓိပ္ပာယ်ပြန်ဆိုချက်မရှိသော်လည်း ယုန်ဝမ်ဇီကီအန်(yong wang zhi qian) ဟု ဘာသာပြန်လျှင် သင့်တော်ကောင်းသင့်တော်ပါလိမ့်မည်။ ၎င်း၏ လုံးကောက် အဓိပ္ပာယ်မှာ "ရဲရဲဝံ့ဝံ့ ရှေ့သို့ ချီတက်" ဟု အနက်သက်ရောက်သည်။ တရုတ်တို့၌ လုပ်ကိုလုပ်နိုင်ရမယ် ဟူသော စိတ်ဓာတ်သည် မဖောက်မပြန် အမြဲကိန်းအောင်းနေသည်။ အမေရိကန်တို့က ထိုစကားရပ်ကို ကောင်းကောင်း ရင်းနှီးပြီးသား။ သူတို့ကိုယ်တိုင် ထိုစကားကို တီထွင်ခဲ့သည်။ ထိုစကားအား အမေရိကန်တို့ကို အဓိပ္ပာယ်ဖွင့်ဆိုရန် သုံးနှုန်းကြသည်။

            တရုတ် အာဏာရှင်အစိုးရကို ဝေဖန်သူများက ထိုစနစ်ကို "ရအောင်လုပ်၊ မလုပ်နိုင်လို့ကတော့.." (Can do – or else) ဟု ခေါ်လျှင်ပိုသင့်တော်မည်ဟု ဆိုကြပေလိမ့်မည်။ ဝေဖန်သူတို့၌ ရည်ရွယ်ချက်ရှိသည်။ တရုတ်အစိုးရ၏ အာဏာရှင်ဆန်ဆန်ပုံစံကို အတုယူမွေးစားသင့်သည်ဟု ဆိုလျှင် အမေရိက၌ မည်သူမျှ ငြင်းကြမည်မဟုတ်ပေ။ ၁၉၉၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်းက ဟူဘေးခရိုင်၌ တရုတ်အစိုးရ လုပ်ခဲ့သလို အမေရိကန်သည် ရေကာတာကြီးများတည်ဆောက်ရေးအတွက် လူထောင်ပေါင်းများစွာကို အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းစရာ မလိုပေ။ (အပြန်အလှန် စစ်ဆေးထိန်းကျောင်းမှု၏ တန်ဖိုးသည် စင်စစ် အမေရိကန်တို့ တရုတ်ထံမှ သင်ယူစရာများစွာထဲမှ တစ်ခု ဖြစ်သည်။) သို့ဖြစ်လင့်ကစား အမေရိကန်ပြည်ထောင်စုအနေနှင့် မည်မျှ ထိထိရောက်ရောက်တိုးတက်လာသလဲ ဆိုသည်ကို ပြသရန်၊ ရည်ရွယ်ချက်ကြီးမားသော စီမံကိန်းများကို အကောင်အထည်ဖော်ရန် အမေရိကန်တို့အနေဖြင့် ပါတီဝင်ကဒ်ပြားကိုင်ဆောင်ထားသော ကွန်မြူနစ်များဖြစ်ရန် မလိုပေ။ ဥပမာ ဂျိမ်းစ် မက္ကဂရီဂေါ် (James McGregor) ဆိုပါစို့။ သူသည် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် ကူးသန်းရောင်းဝယ်ရေးအဖွဲ့၏ ဥက္ကဌဟောင်း တစ်ဦးဖြစ်သည်။ ယခုအခါ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံအတွက် ၎င်း၏ အချိန်ကို ဝေမျှပေးကာ စီးပွားရေးအတိုင်ပင်ခံ အဖြစ် ဆောင်ရွက်နေသည်။ "ကျုပ်တို့ တရုတ်ဆီကသင်ယူရမယ့် အဓိကအချက်ကတော့ ရည်မှန်းချက်ချမှတ်ခြင်း၊ အစီအစဉ်ဆွဲခြင်း၊ အမျိုးသားနိုင်ငံတော်အဖြစ် နိုင်ငံကို ရှေ့သို့ ရွေ့စေဖို့ အာရုံစိုက်ခြင်း တွေပဲ… ဒီလူတွေဟာ(တရုတ်တွေ) ငါးနှစ်တာအစီအမံဟောင်းကို ချမှတ်ထားပြီး၊ ဒီအစီအမံတွေကို ခေါင်းထဲ အမြဲထည့်ထားတယ်…ဘယ်စက်ရုံအတွက် ဘာကုန်ကြမ်းတွေ ရအောင်လုပ်ရမလဲ၊ ဘာထွက်ကုန်တွေ ထုတ်ရမလဲ၊ ဘယ်လိုတန်ဖိုးသတ်မှတ်မလဲ၊ ဘယ်မှာရောင်းမလဲ ဆိုတာတွေကို ဆုံးဖြတ်ဖို့ထက် သူတို့အစီအစဉ်ထဲမှာ ကမ္ဘာ့အဆင့်မီ စီလီကွန်ပြားစက်ရုံကို ငါးနှစ်အတွင်း ဘယ်လိုတည်ဆောက်ကြမလဲ၊ ကားထုတ်လုပ်ရာမှာ ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်အောင်ဘယ်လို လုပ်ကြမလဲ ဆိုတာတွေကို အဓိက ထားကြတယ်…" ဟု ဂျိမ်းစ် မက္ကဂရီဂေါ်က ဆိုသည်။

            ဤသည်တို့မှာ လျင်မြန်စွာတိုးတက်လာသော နိုင်ငံကြီးတစ်နိုင်ငံ၏ ခေတ်မီအောင်ပြုခြင်း ဖြစ်စဉ်တစ်စိတ်တစ်ဒေသ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် အင်တယ်လ်(Intel) ကုမ္ပဏီ၏  မာလိုနီ (Maloney) ဆိုခဲ့သလို "ကောင်းရင်သူ့တာ မကောင်းရင် ငါ့တာ" နိုင်ငံတစ်နိုင်ငံသာ မဟုတ်ခဲ့ပါက ၁၉ ရာစုနှောင်းပိုင်း အမေရိကန်နိုင်ငံသည် ဘာမှ ဖြစ်လာခဲ့မည်မဟုတ်ပေ။ အမေရိကန်သည် ရည်မှန်းချက်ကြီးမားခဲ့သည်။ တိုးတက်ဖြစ်ထွန်းမှုဟု လှိုက်လှိုက်လှဲလှဲ မြတ်မြတ်နိုးနိုး ခေါ်ခဲ့ကြသည့်အရာ အတွက် စိတ်အားထက်သန်မှုကို အမေရိကအား ပြန်လည်ဆောင်ကြဉ်းပေရန် လျှို့ဝှက်ပုံသေနည်းဟူ၍ မရှိပါ။ သို့တစေ အမေရိကသည် ရင့်ကျက်သော ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့်တိုင်အောင် ထိုက်ထိုက်တန်တန် အလေးပေးမခံရသော အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုများ ရှိနေသည်။ ယခုနှစ် စီးပွားရေးလှုံ့ဆော်မှုကမ်းလှမ်းချက်ကို လည်း  ဤနည်းနှင်နှင် ထပ်မံကျူးလွန်ခဲ့ပုံရသည်။ ၂၀၀၉ ခုနှစ်စောပိုင်း၌ ကွန်ဂရက်လွှတ်တော်က ချပေးခဲ့သည် စီးပွားရေးလှုံ့ဆော်မှု ငွေစာရင်း ၏ ၇၈၇ ဘီလျံဒေါ်လာအနက် ၁၄၄ ဘီလျံဒေါ်လာသာ အခြေခံအဆောက်အအုံအသုံးအရိတ်ဆီသို့ တိုက်ရိုက်ရောက်သည်။ စီးပွားရေးအတိုင်ပင်ခံ IHS ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ သုံးသပ်ချက်အရ အမေရိကသည် နောင်ငါးနှစ်အတွင်း အိုမြင်းဟောင်းနွမ်းနေသော အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရေးအတွက် ၁.၆ ထရီလျံဒေါ်လာ ရင်းနှီးမြှူပ်နှံသင့်သည်ဟု အမေရိကန် အင်ဂျင်နီယာများအသင်းက အခိုင်အမာ တင်ပြလာသည့်အခါ၊ အစိုးရဘက်ဂျက်အခြေအနေကို ထည့်သွင်းစဉ်းစားရသည့်အခါ အမေရိကန်၏ ပို့ဆောင်ရေးအခြေခံအဆောက်အအုံအတွက် အသုံးစရိတ်သည် ၂၀၀၉ ခုနှစ်တွင် ယေဘုယျအားဖြင့် ကျဆင်းသွားဖွယ်ရှိသည်။

            ဆန့်ကျင်ဘက်အားဖြင့် တရုတ်နိုင်ငံကို ယမန်နှစ် စီးပွားရေးအကျပ်အတည်းဂယက် ရိုက်ခတ်ခဲ့စဉ်က ပီကင်းကအတည်ပြုပေးခဲ့သည့် အရေးပေါ်အသုံးစရိတ်ထက်ဝက်နီးပါး (နှစ်နှစ်အတွင်း ဖြန့်ဝေသုံးစွဲခဲ့သည့် ၅၈၅ ဘီလျံဒေါ်လာ) ကို တရုတ်၏ အခြေခံအဆောက်အအုံတည်ဆောက်ရေး အရှိန်အဟုန် မြှင့်တင်ပေးခဲ့သည့် စီမံကိန်းများအတွက် တိုက်ရိုက်သုံးစွဲခဲ့သည်။ "အဲဒီငွေလုံးငွေရင်းတွေဟာ တကယ့်စီးပွားရေးထဲ အလျင်အမြန် စီးဝင်သွားတာကိုး" ဟု နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် ကာနက်ဂျီ ငွေပဒေသာပင် ရံပုံငွေအဖွဲ့ ၏ စီးပွားရေးပညာရှင် အဲလ်ဘတ် ကီဒယ် (Albert Kiedel) က မှတ်ချက်ချသည်။

            ဤအသုံးစရိတ်မှာ တရုတ်ပြည်ကို ကြီးထွားဖွံဖြိုးစေခဲ့သည့် လမ်း၊ တံတား နှင့် မြန်နှုန်းမြင့်ရထားလမ်းကွန်ယက်များအတွက် အရေးပေါ်အသုံးစရိတ်သာ မကသေးပါ။ ပီကင်းရှိ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Tsing Capital မှ အထွေထွေစီးပွားရေးလုပ်ငန်းရှင် ပက်ထရစ် တမ် (Patrick Tam)က တရုတ်အစိုးရသည် ဘဘာဝပတ်ဝန်းကျင်နှင့်အံဝင်ခွင်ကျ ဖြစ်မည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးကို ရက်ရက်ရောရော မြေတောင်မြှောက်အားပေးကူညီခဲ့သေးသည် ဟုဆိုသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့ကြီး ၁၃ မြို့၌ နောင်ငါးနှစ်အတွင်း ရာနှုန်းပြည့် လျှပ်စစ်သုံး ဘက်စ်ကားများ ရှိလာမည် ဖြစ်သည်။ "တရုတ်ဟာ လျှပ်စစ်သုံးယာဉ်ထုတ်လုပ်ငန်းကို တဖြည်းဖြည်း လွှမ်းမိုးသွားဖို့ ရှိနေတယ်…ဘာလို့လဲဆိုတော့ ဒီလိုဖြစ်လာဖို့အတွက် ဗဟိုအစိုးရမှာ အကြံဥာဏ်ရော ဓနအင်အားပါ ရှိတယ်…" ဟု တမ်က ပြောပါသည်။ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်၊ ကယ်လီဖိုးနီးယားတက္ကသိုလ် နှင့် ဘာကလေ တက္ကသိုလ်တို့ မှ ဘွဲ့ရတစ်ဦးဖြစ်သည့် တမ် က "ကျွန်တော် ဒီဘက်ခေတ်မှာ စီလီကွန်တောင်ကြားမှာထက်စာရင် ပီကင်းမှာပဲ စီးပွားရေးလုပ်မယ်…ဘာလို့တုန်းဆို တရုတ်ဟာ ဒီလုပ်ငန်းသစ်တွေ မကြာမီ ထွန်းကားလာမယ့် နေရာဖြစ်တယ်ဆိုတာ ကျွန်တော်ယုံလို့ပဲ…ဒါတွေလုပ်ဖို့ တရုတ်မှာ စွမ်းအင်ရှိတယ်၊ မောင်းနှင်အားရှိတယ်၊ ဈေးကွက်ရှိတယ်…" ဟု သူ့အမြင်ကို ပြောပါသည်။ ဤစကားများသည်  အမေရိကန်ပြည်ထောင်စုနှင့်ပတ်သက်ပြီး စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်များ ပြောလေ့ရှိခဲ့သည့် စကားများ မဟုတ်ပါလား။

သင်ခန်းစာ (၂) ပညာရေး အရေးပါ၏။

            မကြာသေးမီ စနေနေ့လည်ခင်းတစ်ခုတွင် ရှန်ဟိုင်းမြို့လယ်က သားနားကောင်းမွန်သော စားသောက်ဆိုင်တစ်ဆိုင်၌ လီယူဇီ(Liu Zhi) သည် စားပွဲမှာထိုင်နေရင်း သွားချိန်တန်ပြီဟုယူဆသဖြင့် ဖင်တကြွကြွ ဂနာမငြိမ်ဖြစ်နေ၏။ သူ့ဘေးပတ်ပတ်လည်၌  ဆွေမျိုးတစ်စုသည် လီယူ့အဖိုးဖြစ်သူ အသက်ကြီးသော်လည်း ပေါ့ပါးဖျတ်လတ်သော၊ ရည်မွန်သော၊ ဆွေအုပ်မျိုးအုပ် ဖြစ်သူ လင်ရှုဇန် (Ling Shu Zhen) ၏ နှစ် ၉၀ ပြည့် မွေးနေ့အမှတ်တရ တွေ့ဆုံပွဲ အတွက် စုဝေးရောက်ရှိနေကြသည်။ သို့သော်လည်း လီယူမှာ သွားရတော့မည်။ အကြောင်းမှာ ကျောင်းသွားချိန်တန်နေ၍ ဖြစ်၏။ ယခင်စနေနေ့များမှာလုပ်နေကျအတိုင်း ယခုစနေမှာလည်း ကျူရှင်နှစ်ခု တက်ရဦးမည်။ သချာင်္ကျူတိုရီရယ်တန်း နှင့် အင်္ဂလိပ်စာ ကို ယူထားသည်။

            လီယူမှာ ၇ နှစ်အရွယ် ဖြစ်သည်။

            နိုင်ငံခြားသားတော်တော်များများ နှင့် တရုတ်လူမျိုး အချို့တို့က တရုတ်တို့ ပညာရေးအပေါ် စွဲလမ်းမှု ဆုံးခန်းတိုင်သွားပြီဟု ယူဆနေကြသည်။ တရုတ်ပညာရေးစနစ်သည် ကြက်တူရွေးစာအံ အလွတ်ကျက်စနစ်ကို အသားပေးသည်။ အလွတ်ကျက်ခြင်းသည် ကလေးများကို ရူးကြောင်ကြောင် ဖြစ်စေသည်။ ၇ နှစ်အရွယ်ကလေးငယ်တို့ သည် စနေနေ့လိုနေ့လယ်နေခင်း၌ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး နေသင့်သည် မဟုတ်ပါလား။ အလွတ်ကျက်စနစ်သည် စီးပွားရေးရှုထောင့်မှ ပြောရလျှင် လုပ်အားဈေးကွက်အတွက် ကလေးများကို အသင့်မဖြစ်စေသလို၊ စိတ်ခံစားမှုအရ အရွယ်ရောက်လာလျှင်လည်း အကျိုးမရှိနိုင်ပေ။ ထို့အပြင် ကျောင်းသားများအကြား ပြိုင်ဆိုင်မှုပြင်းထန်လာပါက အဂတိလိုက်စားမှုကို လည်း ဖြစ်စေသည်။

            ဝေးလံသီခေါင်သော လယ်သမားရွာများအထိ လက်လှမ်းမီသော ပညာရေးစနစ်တွင် ဆယ်စုနှစ်များစွာ ရင်းနှီးမြှုပ်နှံပြီးနောက် တရုတ်၏ စာတတ်မြောက်မှုနှုန်းသည် ၉၀ ရာခိုင်နှုန်းကျော်လာခဲ့သည်။ (အမေရိကန်ပြည်ထောင်စု၏ စာတတ်မြောက်မှု နှုန်းမှာ ၈၆ % ဖြစ်၏။) တရုတ်နိုင်ငံဆင်ခြေဖုံန်း၌ ကျောင်းသားများသည် စာဖတ်တတ်ရုံတင်မက သချာင်္၊ သိပ္ပံဘာသာရပ်များကိုလည်း သင်ရသည်။ ပီကင်းရှိ အမေရိကန်သံရုံး မစ်ရှင်အဖွဲ့ လက်ထောက်အကြီးအကဲဟောင်း ဖြစ်သူ ၀ီလျံမက္ကာဟီလ်း (William McCahill) က "အခြေခံအားဖြင့် သူတို့(တရုတ်တို့) က သချာင်္နဲ့သိပ္ပံဘာသာတွေမှာ အခြေခံကောင်းကြတယ်…တို့ဆီမှာလည်း သူတို့လို လုပ်ဖို့လိုတယ်…သူတို့ကလေးတွေဟာ တို့ကလေးတွေထက် အမြဲရှေ့ရောက်နေကြတယ်…" ဟု ဆိုသည်။

            တရုတ်တို့သင်ပေးနိုင်တာသည် အမှန်တရား၊ သစ္စာတရားဖြစ်သည်။ ထိုသစ္စာတရားသည် အမေရိကန်၌ ပြန်လည်ခေတ်စားလာသည်။ သို့သော် ထိုအမှန်တရားသည် တွန်းအားသုံး နေရဆဲဖြစ်သည်။ တရုတ်တို့သည် ၀ါယမစိုက်ထုတ်ရာ၊ အလုပ်လုပ်ရာ၌ အစားထိုးစရာ မရှိကြောင်း သိရှိနားလည်ထားကြသည်။ ထို့ထက်ပိုသည်မှာ တရုတ်ကလေးငယ်များသည် အလုပ်များစွာ လုပ်ကြရသည်။ အမေရိကန်ပြည်ထောင်စု၌ ပညာရေးဌာန၏ ၂၀၀၇ ခုနှစ် တိုင်းတာချက်အရ ၂၀၀၂ ခုနှစ် အတွင်းက ၁၀ တန်းကျောင်းသားများ၏ ၃၇ % သည် တစ်ပတ်လျှင် အိမ်စာအတွက် ၁၀ နာရီကျော် အသုံးပြုကြသည်ဟု ဖော်ပြထားသည်။ သိပ်မဆိုးလှပါ။ တကယ်တန်း ယခင်ကထက်စာလျှင် များစွာ တိုးတက်လာသည်ဟုပင် ဆိုရမည်။ (၁၉၈၀ ခုနှစ်များကဆိုလျှင် ကလေးများ၏ ၇ % သာ အပတ်စဉ် ၁၀ နာရီ အိမ်စာအတွက် သုံးကြသည်။) သို့သော် အာရှလူ့အသိုင်းအ၀ိုင်း အဖွဲ့၏ ၂၀၀၆ ခုနှစ်အစီရင်ခံစာအရ တရုတ်ကျောင်းသားများသည် သူတို့နှင့် သက်တူရွယ်တူ အမေရိကန်ကျောင်းသားများ သုံးသည့် အိမ်စာလုပ်ချိန်၏ နှစ်ဆကျော်ကို သုံးနေကြသည်။

            အကြောင်းအရင်းခံ တစ်စိတ်တစ်ဒေသမှာ မိသားစုပါဝင်ပတ်သက်မှုကြောင့် ဖြစ်သည်။ အဘိုး၏ မွေးနေ့ပွဲကို ခွာ၍ စနေနေ့ကျူရှင်သွားရသည့် ၇ နှစ်အရွယ် လီယူကိုပဲ ကြည့်ပါ။ မိဘနှစ်ပါးစလုံး အလုပ်လုပ်ကြရသည်။ ထို့ကြောင့် ကျောင်းမှ အိမ်ပြန်ရောက်တိုင်း သူ့ကို ဆီးကြိုမည့်သူ၊ ကျောင်းပြင်ပအလုပ် များတွင် ကူညီသူမှာ အဖိုးနှင့်အဖွား ဖြစ်သည်။ "ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ…သူနဲ့ရွယ်တူ အတန်းဖော်တွေလည်း ကျောင်းချိန်ပြီးရင် ဒီလိုပဲ အလုပ်လုပ်ရတာပဲ…"ဟု လီယူ့မိခင်က အရိုးခံအတိုင်း ပြောသည်။

            မှန်ပါသည်။ အမေရိကန်တက္ကသိုလ်ထွက် အကောင်းဆုံးကျောင်းသားများသည် ယေဘုယျအားဖြင့် တရုတ်ထိပ်တန်းတက္ကသိုလ်ကြီးများမှ ဆင်းသော သက်တူရွယ်တူကျောင်းသားများ နှင်နှင် ထူးချွန်ကြ၊ တီထွင်ဖန်တီးနိုင်စွမ်းရှိကြသည်ဟု တရုတ်ကော်ပိုရိတ်လုပ်ငန်းရှင်ကြီးများက ဆိုကြပေလိမ့်မည်။ သို့သော် ကျောင်းနေအရွယ် လူဦးရေသည် နိုင်ငံစီးပွားရေး ကျန်းမာသန်စွမ်းမှုအတွက် အခရာကျလှသည်။ ကာယလုပ်အားအပါအ၀င် ထူးချွန်ထက်မြက်သော၊ ပညာတတ်လူဦးရေများလေ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများ အကျိုးဖြစ်ထွန်းလေ ဖြစ်သည်။ စွန်ဦးတီထွင်လုပ်ငန်းရှင် တမ် ပြောခဲ့သည့် တရုတ်နိုင်ငံ နှင့် လျှပ်စစ်သုံးယာဉ်လုပ်ငန်း အကြောင်းကို မှတ်မိဦးမည်ထင်ပါသည်။ လျှပ်စစ်ကားဘက်ထရီ တိုးတက်ရေးလုပ်ဆောင်နေသည့် တစ်ခုတည်းသော ကုမ္ပဏီသစ် BDY Co. သည် ထူးချွန်သော အင်ဂျင်နီယာ ၁၀ ၀၀၀ ကို ခန့်ထားသည်။

            ဝေဖန်သူများ ထောက်ပြကြသကဲ့သို့ တရုတ်သည် နိုဘယ်လ်ဆုရှင်များစွာကို မမွေးထုတ်ပေးနိုင်ပါ (မမွေးထုတ်ပေးနိုင်သေးပါ)။ သို့သော်လည်း လုပ်သားအင်အား၏ အခြေခံပညာရေးဆိုင်ရာ ကျွမ်းကျင်လိမ္မာမှု သည် "ကမ္ဘာ့အလုပ်ရုံနိုင်ငံကြီး" ဖြစ်လာခြင်း၌ အခရာကျသော အချက်မဟုတ်ဟု မထင်လိုက်ပါနှင့်။ ဤသည်မှာ ဈေးပေါသော လုပ်အားကြောင့်သာမက၊ ကျွမ်းကျင်လိမ္မာသော လုပ်အားကြောင့်လည်း ဖြစ်သည်။ "ပစ္စည်းဆင်တဲ့ လုပ်သားဖြစ်ဖြစ်၊ အင်ဂျင်နီယာဖြစ်ဖြစ်၊ ကမ္ဘာ့အနှံ့က ဘယ်လုပ်အားတွေနဲ့မဆို တန်းတူ ဒါမှမဟုတ် ဒီ့ထက်သာတဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ လုပ်သားအင်အားကို ကျွန်တော်တို့ ဒီမှာ ရှာနေတာပါ…." ဟု ရှန်ဟိုင်းမှ ဂျင်နရယ်မော်တာ ထိပ်တန်းအလုပ်အမှုဆောင် နစ်ခ် ရေလီ (Nick Reilly) က ပြောပါသည်။ "ဒါဟာ တရုတ်မိသားစုတွေရဲ့ ပညာရေးအရေးပါမှုကို အလေးထားရာကနေ စတာပဲ…ဒါကပဲ အစိုးရကို ကောင်းမွန်သင့်တော်တဲ့ ပညာရေးစနစ် ဖြစ်ထွန်းစေဖို့ ဖိအားပေးလိုက်တာပါ…." ဟု သူက ဆက်ပြောပါသည်။

            တရုတ်အစိုးရက ထိုဖိအားကို စိတ်ဝင်စားဖွယ်နည်းလမ်းများဖြင့် တုံ့ပြန်လိုက်သည်။ သချာင်္ နှင့် သိပ္ပံဘာသာရပ်သင် မူလတန်းပြဆရာများသည် ထိုဘာရပ်များဖြင့် ဘွဲ့ရထားသူများ ဖြစ်ရမည်ဟု အစိုးရက အခိုင်အမာ ထုတ်ပြန်ထားသည်။ (၇တန်းသချာင်္ဆရာ ထက်ဝက်အောက်သည် အမေရိကန်၌ သချာင်္အထူးပြုဖြင့် ဘွဲ့ရသူများ မဟုတ်ကြပါ။) ဆရာငယ်များကို လမ်းညွှန်ပြသပေးသည့် ဆရာဖြစ်သင်တန်း အစီအစဉ်များ နိုင်ငံအနှံ့အပြား၌ ရှိသည်။ နိုင်ငံတစ်ဝှမ်း အထက်တန်းသင်္ချာ သင်ရိုးများ ပြန်လည်ရေးဆွဲရေး ကြီးကြပ်မှုကော်မတီ၏ ပူးတွဲဥက္ကဌတာဝန်ယူထားသည့် ရှန်ဟိုင်းမြို့တရုတ်အရှေ့ပိုင်းပုံမှန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင် သင်္ချာပါမောက္ခ ဇန် ဒျန်ဟောင် (Zhang Dianhou) က မကြာသေးမီက အပြောင်းအလဲသည် တကယ့်အစစ်အမှန်လောကအား အလေးပေးမှုကို ပိုမိုထင်ဟပ်နိုင်မည့် နိးဒါန်းအစဖြစ်သည်ဟု ဆိုသည်။ ဥပမာအားဖြင့် ကွန်ပျူတာ သိပ္ပံသင်တန်းများကို အထက်တန်းကျောင်းသားများအတွက် သင်္ချာသင်ရိုးထဲ ထည့်သွင်းပေးခဲ့သည်။ တရုတ်နိုင်ငံသည် ကျောင်းသားငယ်များအား အင်္ဂလိပ်စာနှင့် အခြားနိုင်ငံခြားဘာသာများ သင်ကြားပေးရေးကို အထူးအလေးထား အာရုံစိုက်နေသည်။ အကယ်၍ တရုတ်က ၎င်း၏ပညာရေးစနစ်ကို ကောင်းမွန်စွာ ပုံမှန် ပြုပြင်ထိန်းကျောင်းလိုသော ဆန္ဒသည် ယခုမှစ၍ နောင် အနှစ် ၂၀ ၌ ထိရောက်မှုမရှိနိုင်ဟု စာဖတ်သူအနေနှင့် ယူဆပါက၊ ထိုကိစ္စနှင့် ပတ်သက်၍ စာဖတ်သူနှင့် ၀မ်းမြောက်ဝမ်းသာ ဆွေးနွေးမည့်သူကား အစောပိုင်းကပြောခဲ့သည် ရှန်ဟိုင်းက ၇ နှစ်အရွယ် ကျောင်းသားကလေးပင် ဖြစ်သည်။ သူက အင်္ဂလိပ်လိုပင် ဆွေးနွေးပေလိမ့်ဦးမည်။

သင်ခန်းစာ (၃) သက်ကြီးရွယ်အိုများကို စောင့်ရှောက်ပါ။

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံကဲ့သို့ သက်ကြီးရွယ်အိုများအပေါ် ဆက်ဆံပုံခြင်းကွဲပြားခြားနားသော လူ့အဖွဲ့အစည်းနှစ်ခုကို ယှဉ်တွဲစဉ်းစားရသည်မှာ မလွယ်ရေးချမလွယ်။ မလွယ်ကြောင်း ကိုယ်တွေ့အရ အာမခံနိုင်သည်။ ကျွန်တော့်ဇနီး ဂျန်လင်း (Junling) သည် ရှန်ဟိုင်းဇာတိဖြစ်ပြီး ပြီးခဲ့သည့်လက အမေရိကန်ရှိ ကျွန်တော့်ဖခင်ရှိရာ ဘိုးဘွားရိပ်သာသို့ ပထမဆုံးအကြိမ်အဖြစ် အလည်သွားခဲ့သည်။ သူမသည် ဤအတွေ့အကြုံကြောင့် ကတုန်ကယင်ဖြစ်တဲ့ပြီး နောက်မှ ကျွန်တော့်ကို ပြောသည်မှာ "တရုတ်မှာဆို မိဘတွေကို ဘိုးဘွားရိပ်သာ သွားပို့ထားရတာလောက်ရှက်စရာကောင်းတာ မရှိဘူး…သိရဲ့လား" ဟူ၏။ တရုတ်ပြည်၌ လူမှုရေးကတိစာချုပ်သည် ရာစုနှစ်များစွာကြာမျှ တစ်သမတ်တည်းသွားသည်။ မိဘတို့က သားသမီးကို ပြုစုစောင့်ရှောက်ကြသည်။ မိဘတို့၏ ဘ၀နေ၀င်ခါနီးမှာ သားသမီးတို့က မိဘကို တစ်လှည့် ပြန်စောင့်ရှောက်ကြသည်။ ဥပမာအားဖြင့် အိမ်ခြံမြေဖွံ့ဖြိုးရေးဆောင်ရွက်သူ ဂျန်ဇျောင်လီ ((Jiang Xiao Li) နှင့် သူ့ ဇနီးသည် မကြာမီက ရှန်ဟိုင်း၌ ပိုကြီးသော တိုက်ခန်းသစ်တစ်ခန်းဝယ်လိုက်သည်။ ထိုတိုက်ခန်းကို မကြာမီသူ့မိဘများ ပြောင်းရွှေ့လာပြီး သူတို့နှင့် အတူနေကြရန် ရည်ရွယ်၍ ၀ယ်လိုက်ခြင်းဖြစ်သည်။ ဂျန့်မိဘများသည် ဂျန့်သမီးလေးကို ကူညီထိန်းကျောင်းပေးမည် ဖြစ်ပြီး၊ မိဘများအသက်အရွယ်ရလာသောအခါ ဂျန်တို့က တစ်လှည့် သူတို့ကို စောင့်ရှောက်ပေးကြမည် ဖြစ်သည်။ တရုတ်သည် အငြိမ်းစားများအတွက် ရံပုံငွေတောင့်တင်းပြီး ပိုမိုစိတ်ချရသော လူမှုဖူလုံရေးစနစ် တဖြည်းဖြည်း ထွန်းကားအောင်ဆောင်ရွက်နေရာ၊ အတူနေမျိုးဆက်များ၏ စီးပွားရေးလိုအပ်ချက်များ လျော့နည်းသွားမည် ဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံ ချမ်းသာကြွယ်ဝလာသည်နှင့်အမျှ ယဉ်ကျေးမှုစံနှုန်းများ သိသိသာသာ ရွေ့လျောသွားလိမ့်မည်ဟု မည်သူကမျှ မယုံကြပေ။

အမေရိက၌ တစ်မိုးအောက်တည်းမှာ မျိုးဆက်သုံးဆက်တိုင် အတူနေထိုင်သည့် အစဉ်အလာ အတိုင်းအတာတစ်ခုအထိ  ရှိခဲ့ဖူးသည်။ သို့သော် ၂၀ ရာစုအတွင်း အမေရိကသည် ရွေ့လျားနေသော မျိုရိုးဇစ်မြစ်မဲ့ လူ့အသိုင်းအ၀ိုင်းဖြစ်လာခဲ့သည်။ စံတော်ချိန်ဇုံသုံးခုစာကွာသော နယ်ဝေးမှာနေကြသည့် မိဘများကို လှမ်း၍ စောင့်ရှောက်ရေးမှာ ထင်သလောက် မလွယ်လှချေ။

သို့သော် စီးပွားရေးလိုအပ်ချက်အရ အမေရိကန်၌ သက်ကြီးရွယ်အို အိမ်တွင်းစောင့်ရှောက်ရေးသည် ပြန်လည် ခေတ်စားလာဖွယ်ရှိသည်။ အမေရိကန်သက်ကြီးရွယ်အိုအရေအတွက်သည် ၂၀၀၇ ခုနှစ်တွင် ၃၈.၆ သန်းမှ ၂၀၃၀ ခုတွင် ၇၁.၅ သန်းထိ တိုးတက်လာလိမ့်မည်။ မေရီလင်းပြည်နယ်၊ ဘာလ်တီမိုးကောင်တီခရိုင် မှ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာန ဥက္ကဌအဖြစ်မှ မကြာသေးခင်က အငြိမ်းစားယူခဲ့သူ အာနိုး အပ္ပယ်လ် (Arnold Eppel) က "သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာတွေမှာ လူတွေပြည့်နေတာကြောင့် အဘိုးကြီး၊အဘွားကြီးတွေအတွက် နေရာ အလုံအလောက်ရှိမှာ မဟုတ်ဘူး…" ဟု ဆိုပါသည်။ အစိုးရသည် လာလတ္တံသော အကျပ်အတည်းကို ရိပ်စားမိကာ ထိုပြ           ဿနာကို စတင်တုံ့ပြန်ဖြေရှင်းနေပြီ ဖြစ်သည်။ ပဏာမခြေလှမ်းအနေဖြင့် Nursing Home Diversion နှင့် Money Follows the Person အဖွဲ့များက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက် ထောက်ပံ့ငွေများကို ဖြန့်ဝေပေးသည်။ စစ်ပြန်များ၏ကျန်းမာရေးစီမံခန့်ခွဲမှုအဖွဲ့ကလည်း ၎င်း၏ ကိုယ်ပိုင်ခြေလှမ်းသစ်ကို အကောင်အထည်ဖော် လိုက်ပြီဖြစ်သည်။ "သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာ တွေဟာ သိပ်ငွေကုန်ကြေးကျများတာကြောင့်..နောက်ပိုင်း မိသားစုတွင်း သက်ကြီးရွယ်အိုစောင့်ရှောက်ရေးပုံစံဆီကို သွားဖို့ အလားအလာ အများကြီးရှိတယ်…" ဟု အမေရိကန်၌ အိမ်တစ်အိမ်စီ အတွက် မိသားစုတွင်းသက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှစ်စဉ်ကုန်ကျငွေ ၈၅ ၀၀၀ ဒေါ်လာရှိကြောင်း ကိုးကားပြီး အပ္ပယ်လ်က ပြောဆိုခဲ့သည်။

တရုတ်၌ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးကုန်ကျစရိတ်များကို အများအားဖြင့် မိသားစုများက ကျခံကြသည်။ ဆင်းရဲနွမ်းပါသော တရုတ်လူမျိုးသန်းပေါင်းများစွာအတွက် ဤစရိတ်သည် ၀န်ထုပ်ဝန်ပိုးလည်း ဖြစ်သလို တာဝန်ဝတ္တရားလည်း ဖြစ်သည်။ ဤစရိတ်ကြောင့် နွမ်းပါးသောတရုတ်တို့၏ အသုံးစရိတ် နှင့် စုဆောင်းမှုပုံသဏ္ဍာန်ကို တိမ်းချော်သွားစေသည်။ လူလတ်တန်းစား နှင့် ချမ်းသာကြွယ်ဝသော တရုတ်များအတွက်မူ ဤစရိတ်များမှာ ပိုင်ပိုင်နိုင်နိုင်စီမံနိုင်လောက်သော တာဝန်ဝတ္တရားဖြစ်သော်လည်း သူတို့၏ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှုကို အနည်းနှင့်အများ ရိုက်ခတ်မှုရှိသည်။ သို့နှင့်တိုင် ဤဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို ဟန်ချက်ညီစေနိုင်သည့် အကျိုးကျေးဇူးများလည်းရှိသေးသည်။ ဥပမာ အဖိုးအဖွားတို့က မိဘများအလုပ်သွားနေစဉ် မြေးများကို စာပြပေးခြင်း၊ မြေးမြစ်များသို့ နိုင်ငံ နှင့် မိသားစု တန်ဖိုးကို ပြောပြ၍ ယဉ်ကျေးလိမ္မာစေခြင်း၊ တရုတ်လူ့အဖွဲ့အစည်းကို တစ်သားတည်းဖြစ်စေသည့် ယဉ်ကျေးမှုအစဉ်အလာကို လက်ဆင့်ကမ်းပေးနိုင်ခြင်းစသည့် အကျိုးများကို ရရှိစေသည်။ တရုတ်သည် ပိုမိုချမ်းသာကြွယ်ဝသည့် လူ့အသိုင်းအ၀ိုင်းဖြစ်လာသည်နှင့် အမျှ နိုင်ငံ၏ သက်ကြီးရွယ်အို စောင့်ရှောက်ရေးစနစ်ကို သိသာထင်ရှားသော ပြောင်းလဲမှုပြုလုပ်ရန်လိုအပ်သည်။ သို့သော် အသက်အရွယ်ရလာသော မိဘများကို ဘိုးဘွားရိပ်သာများသို့ ပို့သင့်မပို့သင့် သန်းပေါင်းများစွာသော အမေရိကန်မိသားစုများ အကြင်နာမဲ့စွာ ဆုံးဖြတ်နေကြရာ တရုတ်တို့၏ ဤစိတ်ဓာတ်မျိုး၊ဤဓလေ့စရိုက်မျိုး အမေရိကသို့ ရောက်သွားလျှင် အဘယ်မျှကောင်းလိုက်လေမလဲ…။

သင်ခန်းစာ (၄) ချွေတာစုဆောင်းပါ။

            ဤစကားကို အိပ်ပျော်နေရင်းရောင်ရမ်း ရေရွတ်မိလောက်အောင် ထပ်ခါတလဲလဲ ကြိမ်ဖန်များစွာ ကြားဖူးနားစွဲနေပြီးသား ဖြစ်နေလိမ့်မည်။ တရုတ်တို့ ငွေပိုသုံးကြရန် လိုပြီး၊ ပိုမို စားသုံးကြဖို့ လိုသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ထောက်၍ ယုံချင်ယုံ မယုံချင်နေ တရုတ်တို့သည်  အမေရိကန်လူမျိုးများကဲ့သို့ ဖြစ်လာရန် လိုသည်ဟု သမ္မတအိုဘားမားအနေနှင့် ပီကင်းသို့ရောက်သောအခါ လူသိရှင်ကြားထုတ်ပြောရန် ဒွိဟဖြစ်မည်မဟုတ်ပေ။

            မှန်ပါသည်။ သို့သော် ဤညီမျှခြင်း၏ အခြားတစ်ဘက်တွင် အမေရိကန် က ပိုမိုစုဆောင်းဖို့ လိုပါသည်။ လတ်တလော အမေရိကန်နိုင်ငံသားများ အမှန်တကယ် ငွေစုနေကြသည်။ ၂၀၀၅ ခုနှစ်တွင် ပုဂ္ဂလိက ငွေစုနှုန်းများ သုညအထိ ထိုးကျသွားပြီးနောက် ၂၀၀၈ စီးပွားရေးအကျပ်အတည်းဂယက် ခြောက်လှန့်မှုသည် အမေရိကန်တို့၏ ငွေထွက်ပေါက် ပိုက်ဆံအိတ်များကို ဂျိပ်ခနဲ ပိတ်သွားစေသည်။ ငွေစုနှုန်းသည် လက်ရှိ ၄ % ရှိပြီး ယခုနှစ်(၂၀၀၉) တွင် ၆ % မြင့်တက်လာသည်။

            တရုတ်၌ ငွေစုနှုန်းမှာ ၂၀ % ကျော်သည်။ ဤသည်မှာ တစ်စိတ်တစ်ဒေသအားဖြင့် ဖြောင့်မှန်ရိုးစင်းသော မူဝါဒကြောင့် ဖြစ်သည်။ အားလုံးသိကြသည့်အတိုင်း လခစားများသည် မိမိတို့ ကလေးများကိုသာမက၊ သက်ကြီးရွယ်အို မိဘများကိုလည်း ကြည့်ကြရသေးသည်။ အလုပ်လုပ်ရင်း ငွေစုရန် တစ်ဦးချင်းစီကို မက်လုံးပေးဆွဲဆောင်သည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု နှင့် ပင်စင်စနစ်များမှာ လည်း ယနေ့အထိ ခိုင်ခိုင်မာမာမရှိသေးပါ။ သို့သော် တရုတ်သည် အခြားအရှေ့အာရှ နိုင်ငံများကဲ့သို့ပင် ပုဂ္ဂလိက ဘဏ္ဍာရေးဆိုင်ရာခြိုးခြံချွေတာမှုကို ရာစုနှစ်များစွာချီပြီး မြတ်နိုးတန်ဖိုးထားသော လူ့အဖွဲ့အစည်း ဖြစ်၏။ အစိုးရက ပိုမိုကောင်းမွန်သော လူမှုဖူလုံရေးကွန်ယက်များကို ဖန်တီးပေးသည့်တိုင်အောင်၊ ပိုမိုသုံးစွဲလာအောင် အားပေးအားမြှောက်ပြုသည့်တိုင်အောင် ဤ အကျင့်ကို စွန့်ကြလိမ့်မည် မဟုတ်ပေ။

                        အမေရိကသည် ခြိုးခြံချွေတာမှုကို အနည်းငယ်မျှ ဖြစ်စေ အဘယ်ကြောင့် သင်ယူသင့်ပါသလဲ။ အစိုးရ နှင့် စီးပွားရေးလုပ်ငန်း စုငွေများ အပါအ၀င် ခိုင်မာမြင့်မားသော ငွေစုနှုန်းသည် နိုင်ငံတစ်နိုင်ငံ၏ နှစ်ရှည်ဘဏ္ဍာရေး တောင့်တင်းခိုင်မာမှုကို ဖော်ပြနေသည့် သေချာမှုအရှိဆုံး ညွှန်ကိန်းများ ဖြစ်သောကြောင့် ဖြစ်၏။ မြင့်မားသောငွေစုနှုန်းသည် ရင်းနှီးမြှုပ်နှံမှုကို အချိန်နှင့်အမျှ  တိုးတက်စေသည်။ အပြန်အလှန်အားဖြင့် ထိုရင်းနှီးမြှုပ်နှံမှုသည် ထုတ်လုပ်မှုအမြတ်အစွန်း၊ တီထွင်ဖန်တီးမှု  နှင့် အလုပ်အကိုင်အခွင့်အလမ်းတိုးတက်မှုကို ဖြစ်ထွန်းစေသည်။ ချုပ်ပြောရလျှင် စုငွေများသည် စည်းပွားရေးတည်းဟူသော လယ်ယာမြေကောင်းပေါ်က မျိုးစေ့ကောင်းသဖွယ် ဖြစ်သည်။

            သို့ဖြစ်ရာ အမေရိကန်အစိုးရအနေနှင့် တရုတ်နည်းနှင်နှင် ပြုမူရန် လိုအပ်ပါသည်။ တစ်ဦးချင်းစုငွေတိုးလာသည့်တိုင် နှစ်စဉ်ဘက်ဂျက်လိုငွေပြမှုသည် စုငွေလျော့ကျခြင်းပင် ဖြစ်သည်။ အိုဘားမား၏ဘက်ဂျက် ညွှန်ကြားရေးမှုး (Peter Orszag) က အမေရိကန် ဘက်ဂျက် လိုငွေပြမှုကို ဆက်မထိန်းနိုင်ကြောင်း မကြာမီက ထုတ်ဖော်ပြောကြားခဲ့သည်။ ယခုနှစ် (၂၀၀၉) လိုငွေပြမှုမှာ ၁.၄ ထရီလျံဒေါ်လာ ဖြစ်၏။ ဤအချက်ကို ပြောင်းလဲပစ်ဖို့လို သည်။ ဟူဂျင်းတောင် (Hu Jintao) နှင့် တရုတ်ခေါင်းဆောင်များအနေနှင့် ဧည့်သည်တော် သမ္မတကြီးကို သင်ခန်းစာပေး ဟောပြောရန် မရည်ရွယ်သော်ငြား၊ အမေရိကန်၏ ကြွေးမြီဝန်ထုပ်ဝန်ပိုး ထိန်းမနိုင်သိမ်းမရ ဖြစ်မည်ကို စိုးရွံမှုများတိုးတက်လာသဖြင့် ၂၀၀၉ မတ်လကတည်းက ၁၅ % ကျဆင်းသွားသော ဒေါ်လာတန်ဖိုးနှင့်ပတ်သက်၍ ပီကင်းသည် အနည်းငယ် စိုးရိမ်မိကြောင်း အရိပ်အမြွက်မျှ ယဉ်ကျေးသိမ်မွေ့စွာ ပြောကောင်းပြောပေလိမ့်မည်။

            ဤသည်မှာ ကမ္ဘာ့အကြီးဆုံးမြီရှင် ဖြစ်လာသည့်အခါ ဖြစ်တတ်သည့် သဘောဖြစ်သည်။ ဤကဲ့သို့သော အရိပ်မမြွက်စကားများကို ပြတတ်ရမည်။ ထိုအရိပ်အမြွက် ပေါက်ကြားသွားသည့်အခါ သူ့ဖာသာ နိုင်ငံတကာ စီးပွားရေး ကသောင်းကနင်း ဖြစ်မှုကို ဖန်တီးပေလိမ့်မည်။ (တရုတ်၏ အရံငွေ အမေရိကန်ဒေါ်လာ ၂.၁ ထရီလျံကို အစားထိုးရန် အခြားငွေကြေးစနစ်တရပ် ရှာဖွေနေကြောင်း လူသိရှင်ကြားထုတ်ပြန်သည့်အခါတိုင်း ငွေကြေးလဲလှယ်ရေးကုန်သည်များ မျက်ခုံးလှုပ်ကြရသည်။) အမေရိကန်တို့ တရုတ်တို့ကဲ့သို့ များများစု၍ နည်းနည်းသုံးကြပါလျှင် ထိုအဖြစ်များအတွက် စိုးရိမ်သောက ရောက်စရာ  လိုမည်မဟုတ်တော့ပေ။

သင်ခန်းစာ (၅) အမြော်အမြင်ရှိပါစေ။

            နိုင်ငံခြားသားများ တရုတ်သို့ရောက်သည့်အခါ ခံစားရသည့် အငွေ့အသက်၊ သမ္မတအိုဘားမား တရုတ်သို့ရောက်သည့်ခါ သတိပြုခံစားမိကောင်းခံစားမိနိုင်သည့် အငွေ့အသက်သည် နေရာတကာ တွေ့နိုင်သည့် သုတ်သီးသုတ်ပျာ၊ အူယားဖားယား အမူအရာတို့မှ သာ ထွက်ပေါ်လာသည်မဟုတ်ပါ။ တစစကြီးထွားစည်ပင်လာသော အာရုံခံမှုမှ လည်း ထိုအငွေ့အသက်တို့ ထွက်ပေါ်လာ ခြင်းဖြစ်သည်။ အစိုးရသည် ထိုအခြေခံအဆောက်အအုံများအားလုံးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် သက်သက် ကသုက်ကရက် တည်ဆောက်ပေးနေခြင်းမဟုတ်ပါ။ ကလေးများသည်လည်း မအိပ်မနေ သူတို့ဘာသာ စာကျက်နေကြသည်မှာ ပျော်စရာကောင်းလွန်းလှ၍ မဟုတ်ပါ။ လွန်ခဲ့သောနှစ်အနည်းငယ်က တရုတ်ပြည်အလယ်ပိုင်း အလွန်ဆင်းရဲသော စိုက်ပျိုးရေး ခရိုင်တစ်ခုမှ လူငယ်တစ်ယောက်ဖြစ်သူ ကျန်ဇင်း (Zhang Xin) အား ကျွန်တော် တွေ့ဆုံမေးမြန်းခဲ့သည်။ သူ့မိဘများမှာ ဂျုံတောင်သူများဖြစ်ပြီး လယ်ကွင်းနားက အခန်းတစ်ခန်းသာရှိသော အိမ်ကလေးမှာ နေကြသည်။ သူသည် တရုတ်၏ MIT ဟုခေါ်နိုင်သော ဆင်ဟွာတက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ဟွာဝေ (Huawei) ၌ ဆော့ဖ်ဝဲ အင်ဂျင်နီယာ အဖြစ်အလုပ်ရခဲ့သည်။ သူ့အောင်မြင်မှုသည် သူ့မိသားစုဘ၀ကို ထာဝရပြောင်းပစ်လိုက်နိုင်သည်ဟု ကျန်က တစ်နေ့မှာ ကျွန်တော့်ကို ပြောဖူးသည်။ "ကျွန်တော့်ရဲ့နောင်မျိုးဆက် ဘယ်သူမှ ဂျုံခင်းထဲမှာ မလုပ်စေရဘူး…ကျွန်တော့်ကလေးတွေရော…ကျွန်တော့် ကလေးတွေက မွေးလာတဲ့ သားသမီးတွေရောပေါ့ဗျာ…အဲဒီဘ၀ က ပြီးသွားခဲ့ပြီ..." ဟု ကျန် က ပြောပါသည်။ (သူ့မိဘတွေလည်း လုပ်ကြမည်မဟုတ်တော့.။ သူ့အလုပ်ရပြီးမကြာမီမှာပင် ဟောင်ကောင်မြောက်ဘက်နားက တိုးတက်နေသော ရှန်ဇန် (Shenzhen) သို့ ပြောင်းသွားကြသည်။)

            ထိုလူငယ်ကလေး၏ ဇာတ်လမ်းကို သန်းပေါင်းများစွာသောလူဦးရေ ဖြင့် မြှောက်ကာ ဆပွားခြင်းဖြင့် တစ်ခါက လွန်စွာ ခေတ်နောက်ကျနေခဲ့သော လူမှုအဖွဲ့အစည်းသည် အလားအလာကောင်းသော နိုင်ငံအဖြစ် ပြောင်းလဲလာခဲ့သည်ကို မြင်တွေ့ရပေမည်။ တရုတ်နိုင်ငံ၌ အနေကြာသော၊ အမြော်အမြင်ရှိသော အမေရိကန် တစ်ယောက်သည် ဤသို့ ပြောပေလိမ့်မည်။ "တရုတ်ဟာ မဖြစ်သေးတာတွေ ဖြစ်လာဖို့ ကြိုးစားနေတယ်…ပြီးတော့ သိသိသာသာ ထင်ထင်ရှားရှားပဲ တရိပ်ရိပ်တိုးတက်လာနေတယ်…နိုင်ငံရဲ့ လက်တွေ့အောင်မြင်မှုဟာလည်း ဆက်ပြီး တိုးတက်ခိုင်မာလာနေတာ သိပ်ဂုဏ်ယူဖို့ကောင်းတယ်…"

            အလွန်ဂုဏ်ယူစရာကောင်းပါသည်။ အကြောင်းမူကား ကျန် နားလည်ထားသကဲ့သို့ပင် ယနေ့ အလုပ်ကြမ်းသည် သူ ဖန်းတီးခဲ့သည့်ဘ၀သစ်ကို အမွေဆက်ခံမည့် နောင်မျိုးဆက်အတွက် နောင်ဆယ်စုနှစ်များစွာကြာသည့်အခါ ပိုမိုတိုးတက်ကောင်းမွန်သော ဘ၀ဖြစ်သောကြောင့်တည်း။ အကယ်၍ ဤသဘောကို အမေရိကန်တို့ နားလည်ကြပုံရလျှင် ယခုလက်ရှိ ၂၆ နှစ်အတွင်း အဆိုးဝါးဆုံး စီးပွားရေးကျဆင်းမှု၌ သောင်တင်နေသည်မှာ တင်ထိုက်၍ တင်ခြင်းဟု ကန်တို့ သဘောပိုက်ရပေမည်။

မှတ်ချက်။ ၂၀၀၉ နိုဝင်ဘာ ၂၃ ထုတ် TIME မဂ္ဂဇင်းပါ ဆောင်းပါးရှင် Bill Powell ရေးသော 5 Things the U.S. Can Learn from China ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

ကိုဇော် (မောရ၀တီ)

Please Share This Post

Share on Facebook Plus on Google+