လွှမ်းမောပါသည် ဇာတိမြေဆီ…

ကျွန်တော့်ကို မော်လမြိုင်မြို့နားက ရွာလေးတစ်ရွာမှာ မွေးပါတယ်။ ကျွန်တော့်မွေးရပ်ဇာတိ ဖြစ်တဲ့ အဲဒီရွာနာမည်က ငန်းတေးရွာတဲ့ဗျ။ ဟိုးအရင်ကတော့ ငန်းပြေးလို့ ခေါ်တယ်လို့ မှတ်သားဖူးပါရဲ့။ ကျွန်တော် ငန်းတေးရာဇ၀င်ကို ခြေရာကောက်ဖို့ ကြိုးစားသော်လည်း မအောင်မြင်နိုင်သေး။ ငန်းတေးဆိုတဲ့ နာမည်ဟာ ဗမာသံထက် မွန်သံဆန်နေတာကြောင့် အရင်က မွန်ရွာလား။ ဘယ်အချိန်ကတည်း က ဒီရွာရှိနေခဲ့တာလဲ။ ၁၈၂၇ နောက်ပိုင်း စစ်ကဲ မောင်ထော်လေးတို့၊ မောင်ငန်တို့ မော်လမြိုင်ကို ရောက်လာပြီးမှ ပေါ်လာတဲ့ ရွာလား စိတ်ဝင်စားမိပါတယ်။ ခြေခြေမြစ်မြစ်၊ တိတိပပ ပြောနိုင်မယ့် ရှေးမီနောက်မီ အဘိုးအဘွားတွေလည်း ရွာမှာ ဆုံးပါးသွားကြလေပြီ။ ကျွန်တော့်ရွာကလေးဟာ အဲလို သမိုင်းကွင်းဆက်ပြတ်နေတဲ့ မထင်မရှား အညတြရွာကလေးပါ။ အတ္ထရံမြစ်ပေါ်မေးတင်ထားတဲ့ တောမက မြို့မကျ ရွာတစ်ရွာပါပဲ။ ရွာမှာ အဓိကရထင်ရှားတာဆိုလို့ မော်လမြိုင်မြို့ကို လျှပ်စစ်မီး ပေးဝေဖြန့်ဖြူးရာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ရှိနေတာပါပဲ။ သြော်…ပြီးတော့ မော်လမြိုင် တောင်ရိုးတန်းကနေ လှမ်းကြည့်ရင် မြင်နိုင်တဲ့ အတော်ကို မြင့်တဲ့ ကညင်ပင်ကြီးကလည်း ကျွန်တော်တို့ ရွာတည်နေရာကို အလွယ်တကူ ရှာနိုင်တဲ့ သင်္ကေတအမှတ်အသားဖြစ်လို့ ထူးခြားတယ်လို့ ဆိုရမှာပါ။ ခပ်ငယ်ငယ်ကလေးဘ၀က နာဂ၀ီသတောင်တန်းတလျှောက်က ကျိုက်သလ္လံ အပါအ၀င် တောင်ရိုးတန်းဘုရားဖူးသွားတိုင်း ကျွန်တော်တို့ ရွာကလေးကို ဦးခန္ဓီဘုရားတန်ဆောင်းကနေ လှမ်းရှာရတာ အမောပါပဲ။ ဟိုးအဝေးက မီးခိုးခေါင်းတိုင်က မီးခိုးတလူလူထွက်နေတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကလေးရယ်၊ ထီးထီးမားမားကြီး ထိုးထွက်နေတဲ့ ကညင်ပင် အမြင့်ကြီးရယ်ကို တွေ့လိုက်ရရင် ပဲ အဲဒီမှာ ငါတို့ရွာရှိတယ် ဆိုတဲ့ အသိက ကျွန်တော့်ကို ပျော်ရွှင်စေခဲ့တယ်။ အဲဒီ ကညင်ပင်ကြီးနားမှာ ကျွန်တော်တို့ အိမ်ရှိတယ်။ အဲဒီကညင်ပင်ကို ရှာတွေ့တာနဲ့ အဲဒီနားမှာ ငါတို့အိမ်ရှိတယ် ဆိုတဲ့ အသိက ကျွန်တော့် ကို ပိုပြီး စိတ်လှုပ်ရှားပျော်ရွှင်စေခဲ့တယ်။

ကျွန်တော့်ရွာကလေးဟာ နာဂ၀ီသတောင်ရဲ့ အရှေ့ဘက်အခြမ်းမှာ ရှိပြီး၊ မော်လမြိုင်မြို့ ကတော့ တောင်တန်းရဲ့ အနောက်ဘက်အခြမ်းမှာ ရှိပါတယ်။ နာဂ၀ီသတောင်တန်းက မော်လမြိုင်မြို့ကို အရှေ့၊ အနောက် ပိုင်းခြားထားတဲ့ တောင်မြောက်သွယ်တန်းနေတဲ့ တောင်တန်းရှည်ကြီးပါ။ အဲဒီတောင်တန်းပေါ်ကနေ အနောက်ဘက်ကို လှမ်းမျှော်ကြည့်လိုက်ရင် အုန်းပင်ထိုးထိုးထောင်ထောင်စိမ်းစိမ်းစိုစိုတွေကြားက ကိုလိုနီဟန်နှောတဲ့ အမိုးချွန်ချွန် တိုက်တာအဆောက်အအုံတွေရယ်၊ ဟိုးအဝေး က ကွေ့ဝိုက်ပြီးစီးနေတဲ့ သံလွင်မြစ်ရဲ့ အလှရယ်၊ မြစ်ထဲက လှေသမ္ဗာန်တွေရယ်၊ သံလွင်မြစ်ကူးတံတားကြီးနဲ့ ခေါင်းဆေးကျွန်း ကို တွေ့ရလိမ့်မယ်။ အဲဒီ တောင်တန်းပေါ်ကနေ အရှေ့ဘက်ကို ကြည့်လိုက်ရင် လယ်ကွက်စိမ်းစိမ်းတွေရယ်၊ နွေဘက်ဆိုရင်  မီးခိုးတလူလူထွက်နေတဲ့ အုတ်ဖုတ်တဲ့ အုတ်ကျင်းတွေရယ်  ဟိုတကွက်ဒီတကွက် လူနေရပ်ကွက် တွေရယ်၊ ကျွန်တော်တို့ ရွာက ကညင်ပင်ကြီးရယ်၊ မီးစက်ရယ်၊ အတ္ထရံမြစ်ကူးတံတားကို တွေ့ရမှာဖြစ်ပါတယ်။ တောင်ရိုးတန်း ရှုခင်းသာက လှမ်းမျှော်ကြည့်ရင် မြင်ရတဲ့ မော်လမြိုင်အလှဟာ ဆီဆေးပန်းချီကားတစ်ချပ်နှယ် အရောင်အသွေးစုံလှတယ်။ ကျွန်တော်ငယ်ငယ်က ကျွန်တော့်တို့အိမ် ၀ရန်တာမှာ စာထွက်ကျက်တဲ့အခါ ဟိုးအဝေး နာဂ၀ီသတောင်တန်းပေါ်က မီးတွေထိန်ထိန်လင်းနေတဲ့ ဘုရားတွေ ဆီ ငေးမောရင်း တခါတရံ ဘာကို လွမ်းမှန်းမသိ လွမ်းသလိုလို ခံစားရပါတယ်။ အဲဒီတောင်တန်းတွေဆီက လေအဝေ့မှာ လွင့်လာတတ်တဲ့ ပဌာန်းရွတ်သံ တွေ ကို ကြားရတာ ကြည်နူးစရာကောင်းလိုက်ပါဘိ။ နွေကာလ လသာညတွေမှာ ကျွန်တော်တို့ အိမ်မျက်နှာချင်းဆိုင်က ဦးပွကြီးရဲ့ မယ်ဒလင်လက်သံ နဲ့ သူရဲ့ ခန့်ညားအောင်မြင်ပြီး ကြည်လင်ကာ ခံစားချက်ပါတဲ့ ကာလပေါ်တေးသီသံတွေကို လည်း အခုထိ ကြားယောင်နေမိဆဲ။ ကောင်းကင် က လမင်းကြီးရဲ့ အေးမြတဲ့ လရောင်နဲ့၊ စိန်ပွင့် တွေလို တလက်လက်လင်းနေတဲ့ ကြယ်တွေစုံတဲ့ ကတ္တီပါနက်ရောင် နောက်ခံကောင်းကင်ကြီးအောက်မှာ သရက်ပင် နဲ့ အုန်းလက်တွေကို တရှပ်ရှပ်တိုးလာတဲ့ ညှင်းအေးအေး လေညင်းကလေးရယ်၊ ဦးပွကြီးရဲ့ မယ်ဒလင်လက်သံသာသာရယ် ဟာ အင်မတန် လိုက်ဖက်ပြီး လွမ်းမောဖွယ်ကောင်းလှတယ်။ ကလေးမို့ စာသားတွေကို လုံးစေ့ပါဌ်စေ့ နားမလည်သော်လည်း အဆွဲအင် အရှိုက်အဖို အဝေ့အ၀ိုက် နဲ့ ပညာသားပါတဲ့ အဆိုကြောင့် သာယာတဲ့ ဂီတထဲမှာ စီးမျောသွားမိမြဲ။

ကျွန်တော်တို့ရွာကလေးဟာ အတ္ထရံမြစ်နဲ့ သူ့ရဲ့ မြစ်လက်တက်ကလေးပေါ်မှာ တည်ရှိပါတယ်။ "ချောင်းပတ်ခွေကာ၊ မောင်တို့ရွာ ရောက်လာရွှင်မြူး၊ ပျော်ပုံထူး မြူးတယ်လေး၊ ထူးတယ်လေး…." ဆိုသလို ကျွန်တော်တို့ အိမ်နားကနေ အတ္ထရံမြစ်ရဲ့ မြစ်လက်တက်ကလေး ဝေ့ကာဝိုက်ကာ ဖြတ်သန်းစီးဆင်းသွားပုံဟာ ကဗျာဆန်လှတယ်။ ကလေးဘ၀က နွေရာသီ ရေရှားချိန် အိမ်မှာ အလှစိုက်ထားတဲ့ ပန်းပင်တွေ ရေလောင်းဖို့ မြစ်ထဲက ရေငင်ရင်း၊ ရေးကူးဆော့ကစားခဲ့တဲ့ အခိုက်အတံ့တွေကလည်း ကျွန်တော့်ဘ၀ရဲ့ မေ့မရနိုင်တဲ့ ပျော်စရာအချိန်ကလေးတွေပေါ့။ အတ္ထရံမြစ်ဟာ ကျွန်တော်တို့ ရွာရဲ့ အသက်သွေးကြောပါ။ အတ္ထရံ မြစ်လက်တက်ပေါ်က လယ်ကွင်းတွေ၊ ရွာအနောက်ပိုင်းက လက်ကွင်းတွေနဲ့ စိုက်ခင်းတွေကို ရေသွင်းတာလဲ ဒီမြစ်ပဲ။ ရွာရဲ့လယ်ယာစိုက်ပျိုးရေးမှာ အသုံးပြုတဲ့ ခိုင်းနွားတွေကို ရေချိုးသန့်စင်တာ၊ ရေတိုက်တာလည်း ဒီမြစ်ပါပဲ။ ရွာအရှေ့ပိုင်းက တံငါလုပ်သားတွေနဲ့ ရွာသားတွေ အတွက်ရေချိုငါးလတ်လတ်ဆတ်ဆတ် တွေ၊ ပုဇွန်ထုတ်ကြီးတွေကို ပေးတာလဲ ဒီမြစ်ပဲ။ ရွာရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ သစ်ခွဲစက်အတွက် လိုအပ်တဲ့ ကုန်ကြမ်းသစ်ဝါးဖောင်တွေ မျှောဖို့ အသုံးချတာလဲ ဒီမြစ်ပဲ။ အတ္ထရံ မြစ်ဟာ ကျွန်တော်တို့ ရွာသူရွာသား မျိုးဆက်ပေါင်းများစွာကို ၀၀လင်လင်  ကျွေးမွေးနိုင်တဲ့ အသက်သခင်ကျေးဇူးရှင် မြစ်ပါ။ ကျွန်တော်ဟာ အတ္ထရံမြစ်ထဲက ရေနဲ့ စိုက်လို့ ရတဲ့ ဆန်နဲ့ ဟင်းသီးဟင်းရွက်တွေရယ်၊ အတ္ထရံမြစ်က ကျွေးတဲ့ ငါးပုဇွန်ကို စားသုံးပြီး ကြီးပြင်းလာခဲ့ ရတဲ့ အတွက် အတ္ထရံမြစ်ကို ကျေးဇူးတင်တယ်။ အတ္ထရံမြစ်ထဲက ဆူဖြိုးတဲ့ ငါးသလောက်ပေါင်း နဲ့ ကျွန်တော် က အမေလို့ ခေါ်တဲ့ ကျွန်တော့်အဘွားကြိုက်တတ်တဲ့ လတ်လတ်ဆတ်ဆတ် ရေချိုပုဇွန်တုတ်ကင် မွှေးမွေးကို သံပုရာရည် နဲ့ တို့စားရတဲ့ အာရသာဟာ နတ်ပေးတဲ့ သြသဓဆေးလိုပါပဲ။ ဥတွေနဲ့ ငါးပုဏ္ဏားချိုချိုနဲ့ ငါးပြက်တွေ ဟာ အတ္ထရံက ကျွန်တော်တို့ ရွာကို ပေးတဲ့ အစားအစာတွေပေါ့။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်ငယ်ငယ်က ငါးပုဇွန်တွေကို ဒီလောက်မကြိုက်တတ်ခဲ့ဘူး။ ပေါပေါများများရနေတာလဲပါတာပေါ့လေ။ ပေါတော့ တန်ဖိုးမထားတတ်တာ လူ့သဘာဝများလား မသိဘူး။ ခုလို ရေချိုငါး ပုဇွန်တွေကို ရှားပါးပြီး အဆမတန် ဈေးကြီးပေးဝယ်ရတဲ့ အရပ်ဒေသကို ရောက်လာတဲ့အခါမတော့ အတ္တရံမြစ်ရဲ့တန်ဖိုးကို ပိုတိုးလို့ နားလည်လာခဲ့ရတယ်။ အဲဒါကြောင့် မြန်မာပြည်သားတစ်ယောက်အနေနဲ့ ဧရာဝတီကို ချစ်သလို၊ မွန်ပြည်နယ်သား တစ်ယောက်အနေနဲ့ သံလွင်ကိုချစ်သလို၊ ငန်းတေးရွာသားတစ်ယောက်အနေနဲ့ အတ္ထရံကို ချစ်တယ်။

 

ဖိလစ်ပိုင်လူမျိုး ကဗျာစာဆို Dr. Jose  Rizal က Momories of My Town ကျွန်တော့်ဇာတိရပ်မြေ အောက်မေ့ဖွယ်များ ဆိုတဲ့ အမည်နဲ့ ဇာတိမြေတမ်းချင်းတစ်ပုဒ်ရေးခဲ့ဖူးတယ်။ အဲဒီကဗျာထဲမှာသူက…သူ့ဇာတိမြေကို လွမ်းဆွတ်ပုံကို ဒီလို ဖွဲ့ထားပါတယ်။

"လေပြင်းမုန်တိုင်းမှ နှင်းပန်းပွင့်ဖြူများ၊ မွှေးပျံ့သောရနံ့၊ ရိုးသားချစ်ဖွယ်သောမြို့လေးကို သတိရနေ။

အဲဒီမှာ ကျွန်တော်ပျော်ရွှင်စွာ အိပ်နေ၊ ထိုင်နေတဲ့ ပုခက်လေးပေါ်မှာ ဘာမဆိုလိုတရခဲ့တာလေ….။ "

Dr. Jose Rizal ခံစားလွမ်းဆွတ်သလိုပဲ ကျွန်တော် လိုတာ ဘာမဆိုရနိုင်တဲ့ ကျွန်တော့်ဇာတိမြေကိုလည်း လွမ်းလိုက်ပါဘိ။ ကျွန်တော့်ဇာတိမြေကို ချစ်ခင်စွဲလန်းရသော အကြောင်းအရင်းကတော့ ကျွန်တော့်ရဲ့ ကလေးဘ၀ ဖြတ်သန်းကုန်ဆုံးခဲ့ရာ  အိမ်…ချိုသောအိမ် (Home Sweet Home) ရှိရာအရပ်ဖြစ်တာကြောင့်ပါ။ သရက်ပင်တွေ၊ အုန်းပင်တွေ ၀ိုင်းရံထားတဲ့ အိမ်ဝိုင်းကြီး မှာ ဆွေမျိုးမောင်နှမတွေ တသိုက်တ၀န်းကြီးနဲ့ နွေးထွေးကြင်နာမှုတွေ၊ နားလည်ဖေးမမှုတွေ၊ လုံခြုံမှုတွေ ၀န်းရံလျက် ကလေးဘ၀ကို ပျော်ရွှင်စွာ၊ အပူအပင်ကင်းမဲ့စွာ ဖြတ်သန်းခဲ့ရတယ်။ ကျွန်တော်တို့ အိမ်မှာ တစ်ခုခု ချက်စားကြပြီဆိုရင်ဖြင့် အလှူပေးသလို အိုးကြီး နဲ့ မီးဆက်အောင် ချက်ရပါတယ်။ ၀ိုင်းထဲနေတဲ့ အမျိုးတစ်အုပ်တစ်မကြီးရယ်၊ ရွာထဲက ဆွေမျိုးတွေရယ်၊ အိမ်က သံကြိတ်စက်အလုပ်သမားတွေအတွက်ရယ် ချက်ရတာ တကယ့်ကို အလှူကြီးအတိုင်းပဲ။ တစ်နေကုန်တစ်နေခန်း တစ်စွတ်စွတ် စားကြတော့တာကလား။ အလုပ်သမားတွေကလဲ မိသားစုဝင်တွေလိုပဲ ဆာတဲ့အခါ ကြုံရင်ကြုံသလို ၀င်စားသွားကြတာပဲ။ မော်လမြိုင်မုန့်တီဆို ခွက်တစ်ဆယ်၊ အစိတ် ချက်ရတာ။ ထမင်းလွတ် အ၀စားပဲ။ အဖွားတွေ၊ အဒေါ်တွေကလည်း ဒိုင်ခံချက် တာ တနေကုန် နေ့မီးညမီးဆက်သွားတဲ့ အထိ။ ငါးရံ့တွေကလည်း ပေါသဟာမို့ ငါးပြုတ်မုန့်ဟင်းခါးရည်ဆို ငါးပြုတ်ဖတ် နိုင်းချင်း၊ ကြွက်သွန်ဥ နိုင်းချင်းနဲ့ ချိုစိမ့်ပြီးမွှေးကြိုင်နေတာ။ နေ့လယ်နေ့ခင်း သွားရည်စာ စားချိန်ဆိုလည်း၊ သဘောင်္သီးသုပ်၊ ဇီးသီးခြောက်သုပ်၊ မရမ်းပြားသုပ် ချဉ်ချဉ်ငံငံစပ်စပ် မွန်သုပ်ကို ရေနွေးပူပူ တဖူးဖူးမှုတ်သောက်လိုက်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့် တရှူးရှူးကိုက်လိုက်၊ နှက်သုတ်လိုက် နှင့် စားရတာ မြိန်စရာကြီးပါပဲ။ အသုပ်အစပ်အဟပ်တည့်ပြီဟေ့ဆို ဇွန်းမချကြေး၊ ခေါင်းမဖော်ကြေး လုစားကြ တာကလည်း ပျော်စရာ။ အဲသလို လက်ရည်တစ်ပြင်တည်း လုစားရတာကို က အသုပ်ရဲ့ အာရသာမဟုတ်လား။ အသုပ်ကို အီပြီဆိုရင်ဖြင့် အုန်းနို့နိုင်းချင်းနှင့် သာကူပြုတ်၊ မုန့်ပိန္နဲစေ့၊ မုန့်လက်ဆောင်း၊ မုန့်ဦးနှောက်၊ ငှက်ပျောပေါင်း၊ ရွှေရင်အေးစသဖြင့် အမျိုးမျိုးမရိုးအောင် လုပ်စားကြတယ်။ ဒါကြောင့် အခြားနယ်တွေက မော်လမြိုင်သား အစားလို့ ဆိုကြတာ ဖြစ်ပါလိမ့်မယ်။ အဲသလို စုပေါင်းဝိုင်းဖွဲ့စားသောက်ကြတာ မိသားစုတွင်း၊ ဆွေမျိုးတွင်း၊ ရွာတွင်း စည်းလုံးညီညွတ်မှုကို ခိုင်မာစေတယ်ဆိုတာ သံသယ နည်းနည်းမှ မဖြစ်မိပါဘူး။ ကျွန်တော်တို့ ရွာရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ဟာ ၀ိုင်းလုပ်ဝိုင်းစား သမ၀ါယမစိတ်ဓာတ်ပဲ။ ဥပမာ၊ သင်္ဘောသီးသုပ်စားမယ် လို့ တစ်ယောက်ယောက်က အဖော်စပ်တာနဲ့ သင်္ဘောသီးခူးသူခူး၊ ခွာသူခွာ၊ ခြစ်သူခြစ်၊ ငါးပိဖုတ်သူဖုတ်၊ ကြက်သွန် ဖြူနီခွာသူခွာ တက်ညီလက်ညီ ၀ိုင်းဝန်းလုပ်ကိုင်လိုက်ကြတာ၊ ဟောဗျာ… တစ်ခဏအတွင်း သင်္ဘောသီးသုပ် ဖြစ်ကရော။ ပြီးရင် အဆာပလာတွေကို ကြွေရည်သုတ်သံဇလုံကြီးထဲ ရောနယ်တဲ့ပြီး၊ ၀ိုင်းဝန်း စားသောက်ကြတော့တာ ရွာရဲ့ စည်းလုံးမှု၊ ညီညွတ်မှု ပြယုဂ်တစ်ခုပါပဲ။ ကျွန်တော် ဒီဓလေ့ကို သိပ်ချစ်ပါတယ်။

ကျွန်တော့်ငယ်ဘ၀ဟာ ပြန်ပြောင်းအောက်မေ့စရာ အတိတ်တွေ၊ စိတ်ခံစားမှုတွေ၊ အတွေးတွေ၊ ဆန္ဒတွေနဲ့ ပြည့်နေခဲ့တယ်။ တခါတခါ ကလေးဘ၀ကို ပြန်ပြောင်းအောက်မေ့တဲ့အခါ၊ ဆိုဗီယက် ကဗျာဆရာ Yevtushenko ရဲ့ ကိုယ်တိုင်ရေး အထ္တုပ္ပတ္တိလို့ ဆိုနိုင်တဲ့  Zima Junction ကဗျာရှည်ကြီးမယ် သူ့ရဲ့ ငယ်ဘ၀ဖြတ်သန်းကုန်ဆုံးခဲ့ရာ ဘိုင်ကားရေကန်နားက မြို့ငယ်ကလေးသို့ တမ်းတပုံကို ရေးခဲ့ဖူးတာ သွားသိတရမိသေးတယ်။ အဲဒီကဗျာမှာ သူဖွဲ့ပုံက…

My life has often been by backward glances,

few personal emotions, thoughts or wishes,

and in my life, its even turns and courses,

some generous impulse but nothing finished.

Yet always here these means for a new design,

new strength, touching the same ground,

where you first moved bare-footed, kicking up dust.

I rely often on this ordinary thought:

near Lake Baikal my own town waiting for me.

Yevtushenko ကဗျာရဲ့ဒီအပိုဒ်ကို ဖတ်မိတိုင်း ကျွန်တော်ကလေးဘ၀က တချို့ အဖြစ်အပျက်တွေ၊ နေရာတွေ၊ ပုံရိပ်တွေဟာ တခါတရံ ရုပ်ရှင် အနှေးပြကွက်တွေလိုပဲ တရိပ်ရိပ် အစီအရီ ပြန်ပေါ်လာကြလေရဲ့။ ကျွန်တော့်အတွက် အမှတ်တမဲ့လိုလိုပေမဲ့ ရွာကထွက် လာပြီးနောက် ဦးနှောက်ထဲမှာ မှတ်မှတ်ရရ ဖြစ်နေတာက အိမ်ခြေရင်းက မချစ်စု သရက်ပင်ကြီးပဲ။ အဲဒီသရက်ပင်ကြီးဟာ ကျွန်တော့် အဖွားရဲ့ ဖခင်ဖြစ်သူ၊ ကျွန်တော့် အဘိုးက စိုက်ခဲ့တာဖြစ်ပြီး၊ အင်မတန် မျိုးကောင်းတဲ့ အပင်ကြီးဖြစ်ပါတယ်။ ကျွန်တော့်ထက်တောင် အဲဒီအပင် က အသက်ကြီးသေးတယ်။ ကျွန်တော် သိတတ်တဲ့ အရွယ်မှာတောင် အဲဒီသရက်ပင်ဟာ လုံးပတ်ထွားထွားဖြောင့်ဖြောင့်၊ အခက်အလက်တွေ ဝေဆာစိမ်းစိုနေတာပဲ။ အရိပ်အာဝါသ ကောင်းကောင်းပေးနိုင်လောက်အောင် ကြီးပါတယ်။ သီးတဲ့ အသီးတွေလည်း ကြီးထွားပြီး အနံ့အာရသာ အင်မတန် ပြည့်စုံကောင်းမွန်လှတယ်။ သီးတဲ့အခါမှာလည်း ပြွတ်ခဲနေအောင်သီးတတ်တယ်။ ကျွန်တော်က မချစ်စု သရက်ကို မမှည့်သေးခင် ၀မ်းရောင်သီးကို ဆေးသကြား၊ ငရုတ်သီးမှုန့်၊ ဆားတို့နဲ့ စားရတာကို အလွန်ကြိုက်ပါတယ်။ နေ့လည်နေ့ခင်း သွားရည်စာစားကြချိန်မှာ မိသားစုတွေ စုပြီး စကားပြောရင်း သရက်သီး ချိုချဉ်စပ် စားရတဲ့ အရသာ ကို ခုထိမမေ့နိုင်သေးပါဘူး။ သရက်သီးအစိမ်းတွေကို ခူးပြီး သရက်သီးခြောက်လုပ်တန်တာလုပ်ပြီး ကျန်တာတွေကို အမှည့် အုပ်ထားတတ်ပါတယ်။ မှည့်တဲ့ အချိန်မှာလည်း အိမ်မှာစားလို့ ပိုတဲ့ အပြင်၊ အသိမိတ်ဆွေတွေ၊ ဆွေမျိုးတွေကို လက်ဆောင် ဝေငှပေးနိုင်လောက် အောင်ကို အဲဒီသရက်ပင်ကြီးက အသီးတွေ လှိုင်လှိုင် သီးတတ်ပါတယ်။ အိမ်ခေါင်းရင်းမှာ ရင်ကွဲပင်တစ်ပင် နဲ့ ခြံအနောက်ဘက်မှာ မနွယ်နွယ် သရက်ပင် တစ်ပင်ရှိပေမဲ့ သူတို့ ကတော့ ကျွန်တော့အတွက် သိပ်အမှတ်တရ မရှိလှဘူး။ ကျွန်တော့် အဘိုးစိုက်ခဲ့တဲ့ သရက်ပင်ကြီးဟာ သားစဉ်မြေးဆက် ယခုတိုင် ကျွေးမွေးထားနိုင်လို့ ကျွန်တော့်အဘိုးရဲ့ စေတနာ နဲ့ အမြော်အမြင်ကြီးမှုကို လေးစားရပါတယ်။ ငယ်ငယ်က ခြံထဲမှာ အဘိုးအိမ်နားက မလကာချဉ်သီးပင်က အသီးတွေခူးပြီး ဆား၊ ဆေးသကြား၊ ငရုတ်သီးမှုန့်နဲ့ တို့စားခဲ့တာကို လည်းသတိရမိသေးတယ်။ အိမ်ခြံဝိုင်းဟာ ပဲပုဇွန်ပင်တွေ၊ ဒန့်သလွန်ပင်၊ ဆူးပုပ်ပင်၊ ကင်ပွန်းပင်၊ ဂွေးသီးပင်၊ မန်ကျည်းပင်၊ မရမ်းပင်၊ ကွမ်းပင်၊ ငရုတ်ကောင်းပင်တွေနဲ့ စိမ်းစိုနေတတ်ပြီး ချက်စားလိုတဲ့ အခါ လတ်လတ်ဆတ်ဆတ် စားနိုင်တာမို့ စရိတ်လည်း သက်သာ ကျန်းမာရေးနဲ့လည်း ညီးညွတ်ပါတယ်။ ကျွန်တော့် အဘိုးဟာ အသက် ၇၀ကျော် အထိ သူနိုင်သလောက် အပင်တွေ စိုက်တုန်းပါပဲ။ အိုးကြီးအိုမနဲ့ မြေဆွေးတွေသယ် အပင်တွေစိုက် တာ သူ့အတွက်မဟုတ်တာတော့ သေချာတယ်။ သားမြေးတွေအတွက် ထားတဲ့ အဘိုးရဲ့ စေတနာကို တော့ ဘယ်အရာမှ တုနှိုင်းမယှဉ်သာပါဘူး။ ဒီနေရာမှာ ကျွန်တော် ဖတ်ဖူးတဲ့ အရှေ့အလယ်ပိုင်း စကားပုံတစ်ခု ကို သွားသတိရမိတယ်။ "လူတစ်ယောက် အသိဥာဏ်ပညာကြွယ်ဝမှုဟာ သူဘယ်တော့မှ အဲဒီအရိပ်အောက်မှာ မနေရမှန်းသိလျက်နဲ့ သစ်ပင်တစ်ပင်ကို စိုက်တဲ့အခါမှာ စပါတယ်" တဲ့။ ကျွန်တော်တို့ အဘိုးဟာ သူ့မျိုးဆက်အတွက် သစ်ပင်တစ်ပင်မက စိုက်ခဲ့ပြီးပြီ။ အဲဒီအပင်ရဲ့ အသီးအပွင့်တွေကို လည်း သားစဉ်မြေးဆက် ခံစားနိုင်ခဲ့ပြီ။ ပြီးတော့ ကျွန်တော်တို့ မော်လမြိုင်အိမ်ဟာ အပင်တွေနဲ့ ၀န်းရံထားတာမို့ နွေရာသီမှာ မပူပဲ ရာသီဥတု အင်မတန် မျှတပြီး နေရတာ သက်သောင့်သက်သာရှိလှပါတယ်။ ကျွန်တော့် အဘိုးရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိကို တော့ ကျွန်တော် မချီးကျူးဘဲ၊ မလေးစားဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။

 

ကျွန်တော့်ဇာတိမြေဟာ ကျွန်တော်တို့ကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် အခြေခံပညာတွေ ဖြန့်ဖြူးဝေငှရာ ဌာနကြီးလည်း ဖြစ်ပါတယ်။ ရွာမှာ အလယ်တန်းကျောင်းတစ်ကျောင်းနဲ့ မူလတန်းကျောင်းတစ်ကျောင်းရှိပါတယ်။ ရွာရဲ့ အလယ်တန်းကျောင်းကလေးဟာ သေးပင်သေးငယ်ပေမဲ့ အဲဒီကျောင်းကလေးကနေပဲ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ စစ်ဗိုလ်တွေ၊ စက်မှုလက်မှုပညာရှင်တွေ၊ အသိပညာရှင်အတတ်ပညာရှင်တွေ၊ အသင်အပြကောင်းတဲ့ ဆရာဆရာမ ပေါင်းများစွာကို မွေးထုတ်ပေးခဲ့ ပြီးဖြစ်ပါတယ်။ ရေနံချေးတွေဝနေတဲ့ မူလတန်းကျောင်းဆောင်ကလေးဟာ ကျွန်တော်တို့ မျိုးရိုးစဉ်ဆက် ပညာရင်နို့ သောက်စို့ခဲ့ရာ နေရာမို့ ကျွန်တော် အလွန်ပဲ သံယောဇဉ်တွယ် စွဲလန်းရပါတယ်။ ကျောင်းရဲ့ ကွန်ကရစ် လှေခါးထစ်တွေမှာ မူလတန်းကျောင်းသား ဘ၀က ကျောက်တံသွေးခဲ့တာ ကိုလည်း ပြန်တွေးတိုင်း လွမ်းတုန်း။ ကြည်နူးမျက်ရည်ဝဲရတုန်းပါပဲ။ အစဉ်အဆက် ကျောက်တံသွေးခဲ့လို့ ကျောက်တံရာအမြှောင်းတွေနဲ့ ပြည့်နေတဲ့ ကျောင်းဆောင်ရဲ့ လှေခါးထစ်တွေ က သူ့ရဲ့ ရင့်ကျက်မှု လို့ ကျွန်တော် ခံစားမိတယ်။ အောက်စဖို့ တက္ကသိုလ်ကျောင်းသားတွေက သူ့တို့ရဲ့ ဟောင်းမြင်းတဲ့ ရှေးအဆောက်အအုံတွေအတွက် ဂုဏ်ယူသလို၊ ကျွန်တော်ကလည်း ကျွန်တော့်ကို ပညာအခြေခံပေးခဲ့တဲ့ အဲဒီကျောင်းဆောင်ကလေးက ကျောက်တံသွေးရာတွေပြည့်နေတဲ့ လှေခါးထစ်တွေ အတွက် ဂုဏ်ယူတယ်။ ကျောက်တံသွေးတယ်ဆိုတာ စာများများရေးလို့ တုံးသွားတဲ့အခါမှာ သွေးရတာမဟုတ်လား။ ဒီတော့ အဲဒီကျောက်တံသွေးရာတွေ ဟာ ဒီကျောင်းကလေးကနေ မျိုးဆက်ဘယ်နှစ်ခုကို ပညာတွေ ဘယ်လောက် ပေးလိုက်သလဲ ဆိုတဲ့ ခြေရာကလေးတွေပါပဲ။ အဲဒီကျောင်းကလေးကနေပဲ ကျွန်တော်တို့ကို အင်္ဂလိပ်အက္ခရာတွေကို အသံထွက် မှန်မှန်ဖတ်တတ်အောင်၊ မြန်မာစာစာလုံးပေါင်း သတ်ပုံမှန်ကန်အောင်၊ လက်ရေးလက်သားသေသပ်လှပအောင်၊ အပေါင်းအနှုတ် အမြှောက်အစား နိုင်နင်းကျွမ်းကျင်အောင် အခြေခံအုတ်မြစ်ကောင်းကောင်း ချပေးခဲ့လို့ ရှေ့ဆက် ပြီး အဆင့်မြင့်ပညာတွေ ဆက်လက်သင် ယူနိုင်ခဲ့တာ မို့ ကျွန်တော့် ရဲ့ ရွာကျောင်းကလေးကို ချစ်မြတ်နိုးကျေးဇူးတင်လှတယ်။ သံယောဇဉ်တွယ် ရပါတယ်။

 

နောက် ကျွန်တော်တို့ ရွာနဲ့ပတ်သက်ပြီး ချစ်စရာကောင်းတဲ့ ဓလေ့ကတော့ ဆွမ်းကြီးလောင်းပွဲတော်လို့ ခေါ်တဲ့ စာရေးတံမဲ ပွဲပါပဲ။ ကျွန်တော် ကလေးဘ၀တုန်းကတော့ ဆွမ်းကြီးလောင်းပွဲတော်ရောက်ပြီ ဆိုရင် အင်မတန်ပျော်ပါတယ်။ မုန့်တွေ အများကြီးစားရတဲ့ အပြင်၊ ဆွမ်းလောင်းပွဲမနက်မှာ ၀တ်ကောင်းစားလှ ၀တ်ပြီး ရွာထဲမှာ လမ်းလျှောက်၊  အသိအိမ်တွေကို မုန့်ဝေငှကြသလို၊ သူ့အိမ်က မုန့်ကိုယ့် ပို့၊ ကိုယ့်အိမ်က မုန့် သူ့ဝေမျနဲ့ မုန့်မျိုးစုံအောင် စားခွင့်ရလို့ ကလေးပီပီ ပျော်မိတယ်။ ညဘက်မှာလည်း ဇာတ်ပွဲ ၊ စတိတ်ရှိုးကြည့်ကြရမှာ မို့ အင်မတန် ပျော်စရာ ကောင်းပါတယ်။ ကျွန်တော်ငယ်ငယ်က ဇာတ်ပွဲကို အလွန် ကြိုက်နှစ်သက်ပါတယ်။ ခုတော့ ရွာက ဆွမ်းကြီးလောင်းပွဲတော်နဲ့ ဝေးနေတာ ဆယ်စုနှစ်တစ်ခုမက ကြာခဲ့ပါပြီ။ ကျွန်တော်ကတော့ ကလေးဘ၀ က ဆွမ်းကြီးလောင်းပွဲတော်ကာလ ကို ခုထိလွမ်းတုန်းပါပဲ။ မေ့မရနိုင်အောင်ရှိတုန်းပါပဲ။

 

"ဇာတိချက်ကြွေ၊ ရန်အောင်မြေ နဲ့ ရေသွန်းခံရာ ဤသုံးဌာနကို မမေ့စကောင်း" လို့ ဆိုစကားရှိပါတယ်။ ဒီလို ချစ်စရာ ကောင်းတဲ့၊ ကျွန်တော့်ကို လူလားမြောက်အောင် ပြုစုပျိုးထောင်ကျွေးမွေးခဲ့တဲ့၊ အခြေခံပညာတွေ သင်ပေးခဲ့တဲ့ ကျွန်တော့် မွေးရပ်ဇာတိကို ကျွန်တော် ဘယ်လိုခွန်အားနဲ့ မေ့လို့ရပါ့မလဲ။ ဒီလို ကျေးဇူးတွေ ဆပ်မကုန်အောင် များပြားတဲ့ ကျွန်တော်ချစ်တဲ့ ရွာငယ်လေးအတွက် ကျွန်တော် တတ်နိုင်သမျှ ကျေးဇူးဆပ်ရပါဦးမယ်။ ကျွန်တော့်ရွာ ရဲ့ ဆပ်မကုန်တဲ့ ကျေးဇူးတွေ ကို အောက်မေ့မိတိုင်း ဆရာဇော်ဂျီရဲ့ သင်သေသွားသော်ဆိုတဲ့ ကဗျာလေးက ခေါင်းထဲဝင်လာတယ်။

သင်သေသွားသော်

သင်ဖွားရာမြေ၊

သင်တို့ မြေသည်

အခြေတိုးမြင့် ကျန်ကောင်းသင့်၏ ….တဲ့။

Henry Wadsworth ရဲ့ Psalm of Live မှာလည်း ဆရာဇော်ဂျီရဲ့ သင်သေသွားသော်သဘောနှင်နှင် ဒီလို ဆိုထားသေးတယ်။

Lives of great men all remind us

We can make our lives sublime,

And departing, leave behind us

Footprints on the sand of time;

ပြီးတော့ ဆရာမဂျူးက သူ့ဝတ္ထု ပင်လယ်နှင့်တူသောမိန်းမများကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတဲ့ တစ်ခါက ဧရာဝတီညများမှာ ဟင်္သာအဖြစ် သရုပ်ဆောင်မဲ့ လွင်မိုးကို ပြောစေတဲ့ ဒိုင်ယာလောခ့်ကို လည်း သဘောကျမိတယ်။ "မျိုးဆက်တိုင်းဟာ သူ့ရှေ့ကမျိုးဆက်ထက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးဖို့ တာဝန်ရှိတယ်"…တဲ့။ သိပ်ကောင်းတာပဲ။ ကနေ့ကာလဟာဖြင့် What can the State do for us? လို့ မေးရမဲ့ အချိန်မဟုတ်တော့။ What can we do for the State? လို့ မေးချိန်တန်ပြီဖြစ်ကြောင်း ဖတ်လိုက်ရဖူးပါတယ်။ ဒီတော့ ကျွန်တော်တို့ကကော ကျွန်တော်တို့ရွာအတွက် ဘာတွေလုပ်ပေးနိုင်ပါသလဲ။ ကျွန်တော်တို့ ရွာသူရွာသားတွေ အားလုံးရဲ့ လူနေမှုဘ၀တွေ မြင့်မားစေဖို့အရေးဟာ ကျွန်တော် အမြဲတမ်း မက်တဲ့ အိပ်မက်ဖြစ်တယ်။ ဟုတ်ကဲ့…ဒါ ကျွန်တော့် အိမ်မက်ပါပဲ။ အိန္ဒိယ သမ္မတဟောင်း  အဗ္ဗဒူကလမ်က ကျောင်းသားတွေနဲ့ အမေးအဖြေလုပ်တဲ့အခါမှာ အိပ်မက်နဲ့ ပတ်သက်ပြီး ဒီလိုပြောခဲ့ဖူးတာကို မှတ်သားမိဖူးပါတယ်။ ကျောင်းသားတစ်ယောက်က အိန္ဒိယရဲ့ ရန်သူ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ ဘာလုပ်သင့်သလဲလို့ မေးတဲ့အခါ အဗ္ဗဒူကလမ်က "အိပ်မက်မက်ပါ" လို့ ဖြေလိုက်သတဲ့။ ဒီအခါ အဲဒီကျောင်းသားကပဲ ဘာကြောင့်လဲဆရာကြီးလို့ ပြန်မေးရော။ ဒီမှာ သမ္မတကြီး ရှင်းပြပုံဟာ သိပ်မှတ်သားဖို့ကောင်းတယ်။ သူဖြေပုံက "အိပ်မက်မက်မှ အိုင်ဒီယာရမှာ၊ အိုင်ဒီယာရှိမှ အလုပ်ဖြစ်မှာ၊ အလုပ်လုပ်မှ အောင်မြင်မှုရမှာ…၊ ဒီတော့ အောင်မြင်မှုရဲ့အစဟာ အိမ်မက်ပဲ…" ဟူသတဲ့။ အစစ်ပဲ…ဒီကနေ့ တယ်လီဖုန်း၊ လေယာဉ်ပျံ၊ အာကာသလွန်းပျံ၊ အင်တာနက် စတဲ့နည်းပညာတွေဟာ ဟိုးယခင်က မဖြစ်နိုင်ဘူးထင်ရတဲ့ အိပ်မက်တွေကပဲ ဆင်းသက်လာကြတာမဟုတ်လား။ အဓိကက အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ စိတ်ခွန်အား ပဲလိုတာမဟုတ်လား။ ကျွန်တော့်မှာလည်း ရွာနဲ့ပတ်သက်တဲ့ အိပ်မက်တွေ ရှိပါရဲ့။ ကျွန်တော့်ရွာလေးကို စိမ်းလန်းပြီး လေကောင်းလေသန့်ရတဲ့၊ လူမှုစီးပွားရေးတိုးတက်တဲ့ ဥရောပက ရွာကလေးတွေလို တိုးတက်စေချင်ပါဘိတောင်း။ တစ်ရွာလုံးက လျှပ်စစ်မီး အသုံးမပြုနိုင်သေးတဲ့ အိမ်တွေကို လျှပ်စစ်မီးရစေချင်တယ်။ အိမ်ပေါက်စေ့ ကို ပိုက်တွေသွယ်တန်းပြီး သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိစေချင်တယ်။ ရွာလမ်းမတွေကို ကတ္တရာလမ်းတွေ အဖြစ်ပြောင်းလဲ ပစ်ချင်တယ်။ ကျွန်တော်စာသင်ကြားခဲ့တဲ့ အလယ်တန်းကျောင်းကလေးကို ဒီ့ထက် ပိုပြီး အဆင့်မြင့်အောင် စွမ်းဆောင်ပေးချင်တယ်။ ရွာက ကလေးတွေကို ကျွန်တော်သိထားတဲ့ ပညာရပ်တစ်ချို့ကို မျှဝေပေးချင်မိတယ်။ ရွာသားတွေအားလုံး မျက်စိပွင့်၊ နားပွင့် ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်စေ့ချင်တယ်။ ကျွန်တော့် ရွာဟာ နဂိုကတည်း က စံပြရွာတစ်ရွာဖြစ်ပြီးသားပါ။ ဆေးပေးခန်းရှိတယ်။ ခြံဝင်းလေးတွေနဲ့ ရေလောင်းအိမ်သာများနဲ့ စာသင်ကျောင်းနဲ့ မြို့နဲ့လည်း အလှမ်းမဝေးလှလို့ အတန်အသင့် ခေတ်မီတိုးတက်တယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က ၈၀ံ(ရှစ်ဆယ်ဒီဂရီမြေ) လို့ အပြောင်အပြက် ခေါ်တဲ့ နီကျင်ကျင် ဂ၀ံ မြေသားလမ်းတွေဟာ ခုအခါမှာ ကျောက်ချောလမ်းတွေ အဖြစ်တိုးတက် လာခဲ့ပါပြီ။ ယခင်က ရေနံဆီမီးခွက်ကို သုံးရတဲ့ အိမ်တစ်ချို့ဟာ ခုအခါမှာ လျှပ်စစ်မီးသုံးနေကြရပြီဖြစ်ပါတယ်။ ရွာရဲ့ တိုးတက်မှု တွေ မြင်ရတိုင်း ကြည်နူးပီတိ ဖြစ်မိတယ်။ ခွန်အားဖြစ်မိတယ်။ ကျွန်တော် ရွာနဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့ နေရာရောက်နေပေမဲ့  ရွာက ကညင်ပင် နဲ့ မီးစက်ကို အင်တာနက်ထဲက ဂူဂယ်မြေပုံပေါ်မှာ ရှာမိတုန်းပါပဲ။ လက်ဝဲသုန္နရအမတ်ကြီးလို "သည်တွင် ရွှေမြို့၊ သည်သို့ စေတီ၊ သည်ဆီ ရွှေနန်း" မျှော်ကာရမ်း လွမ်းရတုန်းပါပဲ။ ဂူဂယ်မြေပုံပေါ်မှာ ကျွန်တော့်ရွာကို ရှာတွေ့တိုင်းလဲ ဘယ်တော့မှ ကြည့်လို့ဝတယ်လို့ မရှိလှဘူး။ ဟိုကလေးဘ၀က နာဂ၀ီသတောင်တန်းပေါ်ကနေ လှမ်းမျှော်ရှာဖွေလို့ တွေ့ရတဲ့ ခံစားမှု အတိုင်း ထပ်တူခံစားရတုန်းပါပဲ။ ကြည်နူးစိတ်နဲ့၊ လွမ်းဆွတ် မျက်ရည်ဝဲရတုန်းပါပဲ။ အိမ်ပြန်ရောက်သွားသလို ခံစားရဆဲ။ စိတ်လှုပ်ရှားပျော်ရွင်ရဆဲ။ ဂုဏ်ယူရဆဲ။ နွေးတွေး လုံခြုံသွားသလို ခံစားရဆဲပါပဲ။ တခါတခါတော့လည်း ယုန်နားရွက်လို အတောင်ကလေး နှစ်ဘက်ပါတဲ့ ဝေ့ကာဝိုက်ကာ လေဟုန်စီးပြီး ကြွေကျတတ်တဲ့ ကညင်သီးကလေး ဖြစ်ချင်သားပဲ။ ကညင်သီးသာဖြစ်ခွင့်ရခဲ့ ရင် ကျွန်တော့်ဇာတိမြေရှိရာကို လွမ်းတိုင်း လေဟုန်စီးပြီး ပြန်မိမှာပဲ။ ဒါ ကျွန်တော့်ကို မွေးဖွားခဲ့တဲ့ ကျွန်တော့် ဇာတိမြေကို ချစ်မြတ်နိုးစိတ်လို့ အမည်တပ် မယ် ဆိုရင် ကျွန်တော့်ကို ပိုရန်ကောလို့ အပြစ်မဆိုကြပါနဲ့ဗျာ….။ ဘာကြောင့်လဲဆိုတော့ ဇာတိသွေး၊ ဇာတိမာန်ဆို တာ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်မြေကိုယ့်ရေကို ချစ်တဲ့စိတ်မှာ မြစ်ဖျားခံလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်ကဗျာဆရာကြီး Sir  Walter Scott က

Breathes there the man with soul so dead,

Who never to himself hath said

This is my own my native land!

လို့ ဖွဲ့ဆိုခဲ့တာ ဖြစ်ပေလိမ့်မယ်။

 

Please Share This Post

Share on Facebook Plus on Google+

1 ယောက်က ဒီလိုပြောတယ်:

ကျနောက တောင်ပေါ်တန်းကို နာဂဝီသတောင်တန်းလို့  ခေါ်တယ်ဆိုတာ ခုမှသိရတယ်ဗျာ.. ကျိုက်သန်လန်ဘုရားပေါ်ကနေ အကို့ ဇာတိမြေကို ငေးခဲ့သလိုပဲ ကျနော်လည်း မော်လမြိုင်ကိုကျော်ပီး မပျတပျမြင်နေရတဲ့ ဇာတိမြေ ဘီလူးကျွန်းကို ငေးခဲ့ဖူးတယ်.အထူးသဖြင့် နေဝင်ဆည်းဆာအချိန်ဆို သံလွင်မြစ်နဲ့ အပြိုင် လှချင်တိုင်းလှနေတဲ့ ကျွန်းပျိုလေးပါ့ဗျာ.. ဒီစာကို ဖတ်ပီး ဇာတိမြေကို တကယ်လွမ်းသွားတယ်ဗျာ.. အကို့ ရဲ့  ဇာတိမြေအပေါ် ထားတဲ့ စိတ်စေတနာ ခံယူချက်တွေအကုန်လုံးကိုလည်း လေးစားမိတယ်ဗျာ.. ညှပ်ညှပ်ပီးသုံးသွားတဲ့ မြန်မာ အင်္ဂလိပ် ကဗျာလှလှလေးကိုလည်း နှစ်ခြိုက်မိပါကြောင်းးးး အိမ်လွမ်းသူများထဲက တစ်ယောက်
ဘီလူးကျွန်းသား