အင်္ဂလန်နိုင်ငံသား ဥာဏ်ကြီးရှင် အလန်ကျူးရင်း

ဗြိတိသျှ သင်္ချာပညာရှင် အလန် ကျူးရင်း သည် ကွန်ပျူတာ သိပ္ပံဘာသာရပ်နှင့် အသိဥာဏ်တု (AI) ပညာရပ်များ တည်ထောင်သူများတွင် အရေးအပါဆုံး ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ခြင်း ခံရသူဖြစ်သည်။ သင်္ချာတွက်ချက်မှုများနှင့် အီကွေးရှင်းများကို ဖြေရှင်းနိုင်သော စက်တစ်လုံးကို ပထမဆုံး အသေးစိတ် ကြံဆ ဖော်ပြခဲ့သူလည်းဖြစ်သည်။ သူလုပ်ဆောင်ခဲ့သမျှတွင် symbolic logic ဘာသာရပ်၊ numerical analysis၊ electrical engineering နှင့် mechanical vision of human thought processes စသည်တို့ ပေါင်းစပ် ပါဝင်ပါသည်။ အလန် မသီဆန် ကျူးရင်း ကို လန်ဒန်တွင် မွေးဖွားခဲ့သည်။ 

ငယ်စဉ်က ပုံမှန်ကျောင်းပညာရေး သင်ကြားခဲ့ရသည်။ အစောပိုင်းကပင် သိပ္ပံပညာကို စိတ်ဝင်စားမှု ရှိခဲ့သည်။ သင်္ချာကျောင်းသား တစ်ဥိး ဖြစ်လာခဲ့သော်လည်း ဖီလော်ဆော်ဖီနှင့် ရူပဗေဒ ဘာသာရပ်များကို လည်း ပေါင်းစပ် လေ့လာခဲ့သည်။ ငယ်စဉ်က ရင်းနှီးသည့် ကျောင်းနေဖက်တစ်ဦး သေဆုံးသွားခဲ့မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိစီး ခံစားခဲ့ရသည်။ ၁၉၃၅ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ် ရှိ ကင်း ကောလိပ် သို့ တက်ရောက် သင်ကြားခဲ့သည်။ သင်္ချာပညာရှင် Kurt Gödel ကိုအားကျ၍ symbolic logic နှင့် စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုများ လေ့လာခြင်းကို ပေါင်းစပ်နိုင်ရန် စတင်ကြိုးစားခဲ့သည်။ 
၁၉၃၇ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သော "On computable Numbers" ဟူသော စာတမ်းတွင် ပုံသေ တွက်ချက်နည်း သို့မဟုတ် algorithm ကို သတ်မှတ်ပေးမည့် ကျူးရင်းစက် ၏ အနှစ်ချုပ် အယူအဆကို စတင်မိတ်ဆက်ပေးခဲ့သည်။ ထို့ပြင် ထည့်သွင်းပေးလိုက်သည့် မည်သည့် ညွှန်ကြားချက်ကိုမဆို ဆောင်ရွက်ပေးနိုင်မည့် "universal" Turing machine ကိုလည်း ထုတ်ဖော်တင်ပြခဲ့သည်။
သင်္ချာပညာရပ်တွင် အဓိက ပြဿနာတစ်ရပ် ဖြစ်နေသော "decidability" ကို ဖြေရှင်းပေးခဲ့သည်။ သူ၏ စွမ်းဆောင်မှုများကြောင့် ခေတ်သစ်ကွန်ပျူတာများအတွက် (ကွန်ပျူတာ ပစ္စည်းတစ်ခု ဘာလုပ်နိုင်သည် ဆိုသည့်) တွက်ချက်မှုစွမ်းရည်ဆိုင်ရာ သီအိုရီ အသစ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ပါရဂူဘွဲ့ကို ၁၉၃၈ ခုနှစ်တွင် အမေရိကန် နိုင်ငံရှိ ပရင်စတန် တက္ကသိုလ်မှ ရရှိခဲ့ပြီး နောက် အင်္ဂလန်သို့ ပြန်လာခဲ့သည်။
  (၁၉၃၉-၁၉၄၅) ခုနှစ်များတွင် ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားခဲ့ခြင်းကြောင့် ကျူးရင်း၏ သင်္ချာပညာရှင် ဘဝ အဆုံးသတ်ခဲ့ရသည်။  ဗြိတိသျှ နိုင်ငံခြားရေးရုံး တွင် သိပ္ပံပညာဆိုင်ရာ အတွေးအခေါ်များကို ဝှက်စာဖော်ရာတွင် အကောင်းဆုံး ထည့်သွင်း အသုံးချနိုင်ခဲ့သည့် ဝှက်စာသမားအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ 
အကျော်ကြားဆုံး ဖြစ်ရပ်မှာ ဂျာမန်ရေတပ်သုံး အီနစ်ဂမာ (Enigma) ဆိုက်ဖာကို ဖော်နိုင်သည့် စက်ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သူ၏ အောင်မြင်သည့် ဝှက်စာဖော်နိုင်မှုများကြောင့် အန္တလန်တစ် သမုဒ္ဒရာတွင် ဂျာမန် သင်္ဘောများကို ခြေရာခံနိုင်ခဲ့ပြီး စစ်ပွဲတွင် မဟာမိတ်များ အောင်ပွဲခံနိုင်ရန် အရေးပါသော အားသာချက်တစ်ခု ဖြစ်ခဲ့သည်။ 
တာရင်းကို သူ၏ လုပ်ဆောင်ချက်များကြာင့် ဗြိတိသျှ အင်ပါယာ၏ Order of the British Empire (OBE) ဆုတံဆိပ်ကို ချီးမြှင့်ခြင်း ခံရသည်။ ၁၉၄၆ ခုနှစ်တွင် သူ၏ အီလက်ထရောနစ် နည်းပညာ အတွေ့အကြုံများကို အသုံးပြု၍ ယခင်က တင်ပြခဲ့သော universal turing machine ကို ဒီဂျစ်တယ် ကွန်ပျူတာ ဒီဇိုင်းအသေးစိတ် အဖြစ် ပြောင်းလဲ ဒီဇိုင်းပြုလုပ်ခဲ့သည်။
  အမေရိကန် သုတေသန သမားများအနေဖြင့် အလားတူ တင်ပြမှုများ ယခင်ကပင် ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း တာရင်း၏ ဒီဇိုင်းက နည်းပညာ အသစ်တစ်ခု၏ နယ်ပယ်ကို ဆုပ်ကိုင်နိုင်လောက်အောင် ပိုမို ခရီးရောက်ခဲ့သည်။ သို့သော် သူအလုပ်လုပ်နေသော အမျိုးသား ရူပဗေဒ ဓာတ်ခွဲခန်း (National Physical Laboratory) အနေဖြင့် သူတင်ပြသော ကွန်ပျူတာမျိုး လက်တွေ့ မတည်ဆောက်ဖြစ်ခဲ့ပေ။ 
၁၉၄၈ ခုနှစ်တွင် ကွန်ပျူတာ တည်ဆောက်မှုလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ရန် မန်ချက်စတာ တက္ကသိုလ်သို့ ပြောင်းရွေ့လာခဲ့သည်။ ကျူးရင်း အနေဖြင့် လူ့ဦးဏှောက်လုပ်နိုင်သမျှကို ကွန်ပျူတာက လုပ်နိုင်သည်ဆိုသော အခြေခံ အယူအဆကို ဆွဲကိုင်ထားခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် တင်ပြခဲ့သော "တွက်ချက်မှုဆိုင်ရာ စက်ပစ္စည်းများနှင့် အသိဥာဏ်" (Computing Machinery and Intelligence) ဟူသော စာတမ်းသည် သိပ္ပံပညာနှင့် အသိဥာဏ်တု ဘာသာရပ်အတွက် သီအိုရီတစ်ခုကို မှတ်တိုင်တစ်ခုအဖြစ် စိုက်ထူနိုင်ခဲ့သည်။
တာရင်း တင်ပြခဲ့သော နည်းလမ်းမှာ ထိုခေတ်က အသုံးပြုလျက်ရှိသည့် တယ်လီပရင်တာလင့် teleprinter link မှ တဆင့် ကွန်ပျူတာနှင့် လူသားတို့ ချိတ်ဆက်ကာ စစ်ဆေးရန် ဖြစ်သည်။ အကယ်၍ မေးခွန်းတစ်ခုကို ကွန်ပျူတာမှ ပြန်လည်ဖြေကြားမှုသည် လူသားမှ ပေးသည့် အဖြေနှင့် ခွဲခြား၍ မရနိုင်လျှင် ကွန်ပျူတာအနေဖြင့် အသိဥာဏ်ရှိကြောင်း ပြသရာရောက်သည်ဟု ကျူးရင်းက အဆိုပြုခဲ့သည်။
ကျူးရင်း၏ စက်အသိဥာဏ်ကို စမ်းသပ်ချက် အယူအဆသည် ယခုအချိန်အထိ စိတ်ပိုင်းဆိုင်ရာ ဖီလော်ဆော်ဖီ ဘာသာရပ်ကို ကာလရှည်ကြာစွာ လွှမ်းမိုးထားခဲ့ပြီး မကြာခဏ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ၁၉၅၁ ခုနှစ်တွင် ကျူးရင်းကို တော်ဝင်သိပ္ပံ အသင်းသားအဖြစ် လက်ခံခဲ့သည်။ နောက်တစ်နှစ်တွင် သက်ရှိသတ္တဝါများ ၏ ပုံစံ နှင့် ပုံသဏ္ဍန် ပြောင်းလဲပုံကို သင်္ချာနည်းဖြင့် ရှင်းလင်းထားသည့် စာတမ်းတစ်စောင်ကို စတင်ထုတ်ဝေခဲ့သည်။
သို့ရာတွင် ကျူးရင်း၏ ပုဂ္ဂလိက အဖြစ်အပျက်အချို့ကြောင့် သူ၏ ပညာရှင်ဘဝ အဆုံးသတ်ခဲ့ရသည်။ ၁၉၅၂ ခုနှစ်တွင် လိင်တူဆက်ဆံမှုနှင့် ဗြိတိန်နိုင်ငံတွင် ရာဇဝတ်မှု ကျူးလွန်ခဲ့မှုကြောင့် တရားရင်ဆိုင်ခဲ့ရသည်။ သူ့အား ယုံကြည်စိတ်ချရမှု မရှိဟု တရားရုံးမှ သတ်မှတ်ခဲ့သောကြောင့် ထောင်ဒဏ်ကျခံရမည်ကို ရှောင်ကြဉ်ရန် အီစတိုဂျင် ထိုးသွင်းခြင်းကို လက်ခံခဲ့ရသည်။
သူက လိင်တူ စိတ်ဝင်စားမှုကို ရှက်ရွံ့မနေဘဲ ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့သည်။ သို့သော် ထိုအချိန်က လိင်တူဆက်ဆံမှုကို စိတ်ရောဂါ တစ်ခုအဖြစ် သတ်မှတ်ထားသည် ဖြစ်ရာ ဆေးကုသမှု ခံယူခဲ့ရသည်။ ၁၉၅၄ ခုနှစ်တွင် ဆိုက်ယာနိုက် အဆိပ်သင့်၍ သေဆုံးခဲ့ရသည်။ သူသေဆုံးရသည့် အကြောင်းရင်းကို သေချာစွာ မသိရှိရသော်လည်း တရားရုံးက မိမိကိုယ်မိမိ သတ်သေခြင်း အဖြစ် သတ်မှတ်ခဲ့သည်။
ကျူးရင်း၏ ဘဝသည် ပညာရှင်ဆန်လွန်းသည်။ သူ၏ ဘဝ တစ်လျောက်လုံး သင်္ချာပညာ၊ ကွန်ပျူတာ၊ နိုင်ငံအတွက် ဝှက်စာဖော်ပေးခြင်း၊ အသိဥာဏ်တုဆိုင်ရာ သီအိုရီများ စသည်တို့ကို လေ့လာတီထွင်ရင်း သူ၏ဘဝ ကို မြှပ်နှံထားခဲ့သူဖြစ်သည်။ အောင်မြင်မှုများစွာလည်း ရရှိခဲ့သည်။ သို့ရာတွင် ပုဂ္ဂလိကဘဝ၏ အမှားတစ်ခုအတွက် ဘဝကို အရှုံးပေး အဆုံးသတ်ခဲ့ရသဖြင့် သူ့အတွက်ရော နိုင်ငံအတွက်သာမက သူ၏ နည်းပညာများကို အသုံးပြုနေသည့် လူအများပါ ထိခိုက်နစ်နာခဲ့ရပါသည်။
Dr. အောင်ဝင်းထွဋ်
(bluephoenix)
ရည်ညွှန်းချက်
"Alan Turing." Microsoft Encarta 2009 DVD. Redmond, WA: Microsoft Corporation, 2008.

Please Share This Post

Share on Facebook Plus on Google+