Showing posts with label ဖိုးဇော်. Show all posts
Showing posts with label ဖိုးဇော်. Show all posts

Wednesday, June 4, 2008

Understanding and application of Windows XP command line utility in real life (၂)

Windows XP Command shell overview
တကယ်တော့ Windows XP မှာ အသုံးပြုနေကြသော command shell သည် user နှင့် OS ကြား တိုက်ရိုက် ဆက်သွယ်ပေးသော သီးခြား software လေးတစ်ခုသာ ဖြစ်ပါသည်။ ၄င်းသည် MS DOS ကဲ့သို့ kernel operating system တစ်ခုမဟုတ်ပါ။ အများစုက ၄င်းကို အမှတ်မှားနေလေ့ရှိပါသည်။ သို့ရာတွင် ၄င်း၏ ပြုမူဆောင်ရွက်ပုံများမှာ MS DOS နှင့် ချွတ်စွတ်တူနေ၍ အသုံးပြုသူများအတွက် မည်သို့မျှအဓိပါယ် ပြောင်းလဲသွားခြင်း မရှိပါ။ power user များအနေဖြင့် သိရှိထားရန်သာဖြစ်ပါသည်။ ၄င်းသည် 32 bit fully program ဖြစ်ပါသည်။ MS DOS တွင် command interpreter သည် command.com ဖြစ်၍ Windows XP တွင် cmd.exe ဖြစ်ပါသည်။ (Windows Help and Support Center – command shell overview မှ)။
များသောအားဖြင့် Windows XP တွင် command shell ကို စီမံခန့်ခွဲမှု ရည်ရွယ်ချက် (administration purpose) အတွက် အသုံးပြုကြပါသည်။ batch files (scripts files) များရေးသားရန် နှင့် (automated routine tasks) အလိုအလျောက် တာဝန်များ သတ်မှတ်ခိုင်းစေရန် ၊ ဥပမာ (backup) ပြုလုပ်ရန် အသုံးပြုလေ့ရှိပါသည်။ batch files များသည် OS ၏ ဆောင်ရွက်မှုနှင့် စွမ်းဆောင်ရည် မြင့်မားလာစေရန် အကူအညီပေးပါသည်။

Practical application(calling command prompt)
Windows XP တွင် command shell ကို ခေါ်ယူရန် များသောအားဖြင့် Start ->Run တွင် cmd ဟု ရိုက်ထည့်ကာ Enter ခေါက်ကာ ခေါ်ယူလေ့ ရှိပါသည်။ သို့မဟုတ် Start->All Programs->Accessories->Command Prompt မှခေါ်ယူနိုင်ပါသည်။ အကယ်၍ ၄င်း command prompt ၏ default settings များကို မကြိုက်ပါက customize လုပ်နိုင်ပါသည်။ command prompt window ၏ title bar ကို right click လုပ်၍ properties မှတဆင့် စိတ်ကြိုက်ပြုပြင်နိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Wednesday, February 20, 2008

လျှပ်စစ်ဓါတ်အား ထုတ်ယူမှုဆိုင်ရာ သီအိုရီများ

(အပိုင်းအပြတ်လေးတွေကို ၀ိုင်းဖတ်ပေးပါ)

အကြောင်းအရာတွေကို ကောင်းစွာမစီစဉ်နိုင်အားလို့
ခေါင်းမှာပေါ်သလို ရေးသီရတာ
မပီပြင်ဖြစ်နေမလား
စိုးရိမ်စိတ်ပွားမိသေးတယ်။

တတ်နိုင်ဘူးကွယ် ဆိုပြီး
အမြန်ရေးလိုက်တာမို့
ကျန်သေးတာတွေရှိလို့နေတယ်လေ။

ဇော်အောင်

သံလိုက်မှ လျှပ်စစ်ဓါတ်အား ဘယ်လိုထွက်ပေါ် လာတာလည်း သိရှိလိုကြတဲ့ ညီငယ်/ညီမငယ်များအတွက် ဇော်ကြားဖူး တွေ့ဖူး ထားတာလေးတွေကိုပြန်ရှင်းပြချင်ပါတယ်။

သံလိုက်ဓါတ်အားကိုအခြေခံပြီး လျှပ်စစ်ဓါတ်ထုတ်ယူနိုင်ဖို့ဆိုတာမှာ
ဖေါ်ပြပြီးဖြစ်တဲ့ အရေးပါသောအချက်ကြီးများလည်းဖြစ်တဲ့
သံလိုက်နယ်မြေ (Magnetic field)
လျှပ်ကူးနန်းကြိုးခွေ (Conductor)
လှုပ်ရှားမှုအား (Motion) တို့ ပြည့်စုံမှုရှိရန်အပြင် နည်းမှန်လမ်းမှန်စီစဉ်ဆောင်ရွက်ဖွယ်ရာလေးတွေ ရှိနေပါသေးတယ်။

နည်းလမ်းမကျလျှင် Induce EMF လို့ခေါ်တဲ့ (ညှို့ခြင်းကြောင့်ဖြစ်ထွန်းသော လျှပ်စစ်ဓါတ်အား) လုံးဝမပေါ်ပေါက်တာမျိုး၊ ပြည့်ပြည့်၀၀ မပေါ်ပေါက်တာမျိုးဖြစ်နိုင်ပါတယ်။


ပထမအချက် သံလိုက်နယ်မြေ Magnetic field ရရှိဖို့ကအလွယ်ဖန်တီးနိုင်ကြပါတယ်၊
ရှင်းပြလို့လွယ်ကူအောင်ဒီလိုလုပ်ကြမယ်။
စားပွဲခုံတစ်ခုပေါ်မှာ အမြဲတန်းသံလိုက်( တောင်/မြောက် ၀င်ရိုးစွန်း) တစ်စုံ ကိုအနည်းငယ်ခွါပြီး တည်ငြိမ်နေအောင် နေရာချထားတယ်ဆိုပါစို့။
ဒီအခါမှာ သံလိုက်အားလမ်းကြောင်းတွေက ၀င်ရိုးစွန်းနှစ်ခုအကြားတွင် ယက်ကန်းစဉ်မှ ချည်မျှင်များသဖွယ် အပြိုင်သွယ်တန်းတည်ရှိနေကြပါတယ်။ (လမ်းကြောင်းတွေကို မျက်စေ့ဖြင့် တိုက်ရိုက် မမြင်တွေ့နိုင်သော်လည်း သံမှုန့်များသုံးစွဲလေ့လာကြည့်ရှု တဲ့ခေတ်ဟောင်းနည်း/ အာထရာဆောင်း ဓါတ်မှန်ရိုက်သလို ပုံဖေါ်ကြည့်နိုင်တဲ့ ခေတ်မီနည်း တွေရှိပါတယ်။ ပုံမှာ ကြည့်ပါဗျာ။

နောက်တစ်ချက် အရေးပါတဲ့ Conductor ဆိုတဲ့အပိုင်းမှာလက်တွေ့အားဖြင့် ဗို့အားများများရစေရန်အတွက် လျှပ်ကူးနန်ကြိုးခွေကိုသုံးစွဲကြသော်လည်း သီအိုရီအရ ဒင်္ဂါးပြားလို အလျားတိုတို လျှပ်ကူးပစ္စည်းရှိလျှင်ပင် လျှပ်ညှိုအားဖြစ်ထွန်းရရှိဖို့ လုံလောက်ပါတယ်။
ဒီနေရာမှာ ချွန်ထားတဲ့ ခဲတန်တစ်ချောင်းကို Conductor အဖြစ်သုံးကြတယ်လို့ မြင်ကြည့်ရအောင်နော်။

နောက်ဆုံးအချက်ဖြစ်တဲ့ Motion အပိုင်းမှာ လှုပ်ရှားပေးပုံ နည်းလမ်းမှန်ဖို့ အရေးကြီးကြောင်းသတိပြုဖွယ်ဖြစ်ပါတယ်။

၁) သံလိုက်အားလမ်းကြောင်းများအတွင်းသို့ ခဲတန်ကိုထိုးသွင်းလိုက်/ဆွဲထုတ်လိုက် ဖြင့် လှုပ်ရှားပေးလျှင် ခဲဆံ အစွန်းနှစ်ဖက်တွင် မည်သည့်လျှပ်စစ်အားမှဖြစ်ပေါ်နိုင်မည်မဟုတ်ပါ။

၂) ခဲတန်ကို သံလိုက်အားလမ်းကြောင်းများအတွင်း လမ်းကြောင်းနှင့်အပြိုင်ရွေ့လျားကာ ၀င်ရိုးစွန်း တစ်ဖက်မှ ကျန်တစ်ဖက်သို့ အပြန်ပြန်အလှန်လှန်လွန်းပြန် လှုပ်ရမ်းပေးနေခြင်းဖြင့်လည်း ခဲဆံ အစွန်းနှစ်ဖက်တွင် မည်သည့် လျှပ်စစ်ပိုတင်ရှယ်ခြားနားခြင်းမှ ဖြစ်ပေါ်စေမည်မဟုတ်ပါ။

၃)သံလိုက်အားလမ်းများအား (ချည်ခင်များကို ဓါးဖြင့်ပိုင်းဖြတ်ခုတ်သလို) ခဲတန်ဖြင့် အပေါ်မှအောက်ရိုက်ချသလိုဖြစ်စေ၊ အောက်မှအပေါ် ပင့်တွန်းသလိုဖြစ်စေ တင်/ချ ရွေ့လျားပေးမှသာလျှင် ထိုခဲတန်၏ ရှေ့အစွန်းနှင့် နောက်အစွန်းတို့တွင် ဆန့်ကျင်ဖက် လျှပ်စစ်ဗို့အားများဖြစ်ထွန်းပေါ်ပေါက်နေမှာဖြစ်ပါတယ်။
(ခဲတန်၏ရွေ့လျားမှုကို သံလိုက်၏ မည်သည့်ဝင်ရိုးစွန်းနှင့် နီးကပ်စွာလှုပ်ရှားသည်ဖြစ်ဖြစ်၊ အလယ်တည့်တည့်တွင်ဆောင်ရွက်သည်ဖြစ်စေ ထူးခြားချက်များစွာမရှိပဲ အပေါ်မှအောက်/အောက်မှအပေါ်စသည့် ရွေ့လျားပုံ လားရာတူညီလျှင် ညှို့ဝင်လျှပ်စစ်ဓါတ်အားတူညီစွာဖြစ်ထွန်းမည်ဖြစ်ပြီး ခဲဆံအစွန်းတွင်ရရှိမည့် (+) Polarity, (-) Polarity များလည်းတူညီမည်ဖြစ်ပါသည်။)

၎) ခဲတန်ကို သံလိုက်အားလမ်းကြောင်းများအတွင်းဒေါင်လိုက် တည့်တည့်မတ်မတ် မဖြတ်သန်းပဲ ထောင့်ချိုးတစ်ခုအတိုင်း စွေစောင်းရွေ့လျားဖြတ်သန်းပါက ခဲဆံတွင် ဖြစ်ထွန်းသော ဗို့အားမှာ သံလိုက်အားလမ်းဦးတည်ရာနှင့် ခဲတန်ရွေ့လျားမှုလားရာတို့ အကြား ထောင့်ချိုး၏ (Sine) ဆိုင်းတန်ဖိုး အချိုးအရ ပြောင်းလဲသေးငယ်ရရှိနေမည်ဖြစ်ပါသည်။

သံလိုက်အားလမ်းများအား နန်းကြိုးခွေက ကြိမ်ဖန်များစွာ ထပ်ပြန်တလဲလဲ ဖြတ်သန်းအောင်စီစဉ်အားထုတ်ကြခြင်းဖြင့် လက်ရှိမြင်တွေ့ကြရသော နမူနာပုံစံငယ် အခြေခံ လျှပ်ထုတ်စက်များ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။

အခြေခံသဘောနှင့်ညီညွတ်အသုံးဝင်အောင် စီစဉ်ထားကြပုံမှာအောက်ပါအတိုင်းဖြစ်ပါသည်။


လက်တွေ့အသုံးချ နမူနာပြ လျှပ်ထုတ်စက်ငယ်တို့တည်ဆောက်ရာတွင် အချွန်လားရာဖက်တူညီအောင်စုစည်းထားသော ခဲတန် အစည်း နှစ်ထုပ်ကို လေးထောင့် ဘောင်ခွေ၏တစ်ဖက်တစ်ချက်၌ တစ်ဖက်လျှင်ဦးတည်ရာလမ်းကြောင်းမတူအောင်နေရာချထားပြီး အဆိုပါဘောင်ခွေတစ်ခုလုံးအား သံလိုက်နယ်မြေအတွင်း လွတ်လပ်စွာလည်ပတ်လှုပ်ရှားနိုင်အောင် ကြံဆောင်ထားပုံမျိုးဆန်ဆန် တည်ဆောက်ကြပါသည်။

ခဲတန်တစ်ထုပ်က သံလိုက်အားလမ်းများအား အောက်မှအပေါ်သို့ ရွေ့လျားရင်းဖြတ်နေစဉ်တွင် ကျန်တစ်ဖက်တွင်နေရာချထားသော တစ်ထုပ်က သံလိုက်လမ်းကြောင်းများအား အပေါ်မှ အောက်ရွေ့လျားပုံမျိုးဖြတ်သန်းနေပါမည်။
ထိုအခါ ရွေ့လျားပုံဦးတည်ရာမတူကြသော်လည်း မူလက ခဲတန်အချွန်ဖက်ဦးတည်ရာကို တစ်ထုပ်နှင့်တစ်ထုပ်မတူအောင်ထားခဲ့သည်ဖြစ်ရာ ခဲတန်တစ်ချောင်းစီတိုင်း၌ အချိန်တစ်ချိန်တွင်ဖြစ်ပေါ်သော လျှပ်စစ်ဗို့အားနှင့် လားရာမှာ တူညီနေပါသည်။
ခဲတန်တစ်ချောင်းစီကို ဓါတ်ခဲကလေးတစ်လုံးစီနှင့် တူညီနေသည်ဟုလည်းတွေးခေါ်နိုင်ပါသည်။
ယင်းတို့ကို စနစ်တကျစုရုံးဆက်သွယ်ပေးခြင်းသည် Conductor coil ရစ်ခွေထည့်သွင်းသည်နှင့် အကျိုးရလဒ်တူညီနေရခြင်းဖြစ်ပါသည်။

လေးထောင့်ဘောင်ခွေနှင့် အတူ လည်ပတ်နေသော နန်းကြိုးခွေတွင် ညှို့ဝင်ဖြစ်ပေါ်နေသည့် လျှပ်စစ်ဖိအားခြားနားမှုကို ၀င်ရိုးပေါ်ရှိ Commutator မှတစ်ဆင့် ပြင်ပသို့ ထုတ်ယူရန် နည်းလမ်းတည်ဆောက်ထားပုံ အပေါ်မူတည်၍ တိုက်ရိုက်စီး(DC) လျှပ်ထုတ်စက် နှင့် ပြန်လှန်စီး (AC)လျှပ်ထုတ်စက် တို့ကွာခြားဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။

မူလက ရှင်းနေတာကို ရှုပ်အောင်လုပ်မိသလို ဖြစ်နေလျှင်ဖြင့် အပိုဆာလာများကိုဖယ်နှုတ်ကာ သီးခံဖတ်ရှုကြဖို့ တောင်းပန်ပြောကြားရင်း တစ်ဖြတ်နားပါဦးမည်။
ဇော်အောင်



ဆက်လက်ဖတ်ရှုရန်

Generator ခေါ်လျှပ်စစ်ဓါတ်အားထုတ်စက်

ရေးသားသူ၊ ကိုဇော်အောင်(ဖိုးဇော်)

မိတ်ဆွေတို့ရေ သံလိုက်တွေက သူ့အပေါ် စိတ်ဝင်စားမိတဲ့ ဇော်ကို အမြဲလိုလိုညှို့ငင်နေပြီး (Generator) ဂျင်နရေတာ လို့ခေါ်တဲ့ လျှပ်စစ်ဓါတ်အားထုတ်စက် တွေဆီ အရောက် ခေါ်သွားတာခဲ့သေး တာဗျ။
အစက ဘာမသိမထားပေမယ့် တွေ့ပါ မြင်ပါ များလာတော့ နည်းနည်းချင်း ပိုသိသိလာလေးတွေ ပြောပြရဦးမယ်။
ပထမဆုံးကြားဖူးတာက (Dynamo) ဒိုင်နမိုတဲ့ စက်ဘီးတွေမှာ တပ်ဆင်ပြီး လျှပ်စစ်ဓါတ်အား ရယူကြတဲ့ စက်ကလေးတွေပေါ့။
အဖေ့မှာ ရာလေး စက်ဘီးကြီးရှိပေမယ့် ဒိုင်နမိုမပါလို့ မီးမထွန်းနိုင်ဘူး၊ သူများစက်ဘီးမှာ ဒိုင်နမို တပ်ထားတာကို သွားသွား ကြည့်ရတယ်။
ပိုင်ရှင်လစ်တုန်း ဒိုင်နမိုရဲ့ ခေါင်းပိုင်းလေးကို လက်နှင့်လှည့်ကြည့်ခဲ့သေးတယ်။ ကိုယ်က တစ်စိတ်စာလောက် လှည့်ပြီး လက်လွှတ်ကြည့်လိုက်တိုင်း ခေါင်းကထားတဲ့နေရာရပ်မနေပဲ သူ့အလိုလို နည်းနည်းခုန်ရွှေ့သွားပြီးမှ ရပ်ရပ်သွားတာတွေ့ရတယ်။
အထဲမှာ အမြဲတမ်းသံလိုက် ရှိနေလို့ဒီလိုဖြစ်ရပုံကို (လက်တွေ့ပစ္စည်းမရှိမီကတည်းက ဗဟုသုတ ရနိုင်သမျှနေရာတွေက စပ်စပ်စုစု လုပ်ထားသူမို့) ဇော် ကြိုသိထားတယ်လေ။ နောက်ပြီးတော့ လျှပ်စစ် ဓါတ်အားကို စွမ်းအင်အသီးသီးမှ အသွင်ပြောင်းကာရယူနိုင်ဖို့ နည်းလမ်းခွဲတွေ အမျိုးမျိုးနဲ့ ထုတ်ယူ ရနိုင်တာတွေလည်း ကြိုသိထားတယ်။ အဲဒီအထဲမှာ ယန္တယားနည်းစဉ်လို့ခေါ်တဲ့ စက်မှုစွမ်းအင်ကိုသုံးပြီး သံလိုက်ဓါတ်အားမှ လျှပ်စစ်ဓါတ်အား ထုတ်ယူတဲ့နည်းကို တော်တော်လေးစိတ်ဝင်စားမိတယ်ပေါ့ဗျာ။
ဇော်ဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာရှင်းပြထားတာက ယန္တယားနည်းစဉ်ဖြင့် လျှပ်စစ်ဓါတ်အား ဖြစ်ထွန်းရရှိရန် အရေးပါသော အချက်ကြီး ၃ချက် ပြည့်စုံရန်လိုပြီး လျှပ်စစ်ဓါတ်အားထုတ်စက်တို့ တွင် အခြေခံအစိတ်အပိုင်းကြီး ၅ခု ပါဝင်လေ့ရှိတယ်တဲ့။ အရေးပါသောအချက်ကြီး ၃ချက်ကတော့
၁) သံလိုက်နယ်မြေ (Magnetic field)
၂) လျှပ်ကူးနန်းကြိုးခွေ (Conductor)
၃) လှုပ်ရှားမှုအား (Motion) တို့ဖြစ်ပြီး
လျှပ်စစ်ဓါတ်အားထုတ်စက်များရှိ အခြေခံအစိတ်အပိုင်းကြီးများကတော့ (လည်ပတ်သောအပိုင်းမှ လျှပ်စစ်ထုတ်ပေးသော ပုံစံတွင်ဖြစ်ပါသည်)။
၁) ကိုယ်ထည်ပိုင်း (Yoke)
၂) သံလိုက်နယ်မြေဖန်တီးပေးရာအပိုင်း (Magnetic pole shoes)
၃) လျှပ်စစ်ဓါတ်အား ညှို့ဝင်ဖြစ်ပေါ်ရာအပိုင်း (Armature)
၎) လျှပ်စစ်ဓါတ်အားပြောင်းလည်းပေးပို့ သောအပိုင်း (commutator)
၅) ရှေ့နောက် ထိပ်ပိတ်များ(End covers)
ဟူ၍ဖြစ်ပါသည်တဲ့။
အဲဒီ စာအုပ်မှာပဲ အခြေခံကျသော ဒီစီ လျှပ်စစ်ဓါတ်အား ထုတ်စက် တို့၏ (Armature coil နှင့် Field coil) ဆက်သွယ်ပုံ အမျိုးအစားကွဲများ
1) Series generator
2) Shunt generator
3) Compound generator
a) Short-shunt
b) Long-shunt
စတဲ့ အခြေခံသဘောများ ကိုသေချာ ရှင်းပြပြီးမှ အေစီ လျှပ်စစ်ဓါတ်အား ထုတ်စက်အကြောင်း၊ သံလိုက် ဓါတ်အား အတွက် သံလိုက်ပြုခွေ (Magnetic field coil) သို့ DC လျှပ်စီးကြောင်း ပေးသွင်းပုံနည်းများကို
၁) ပြင်ပမှသီးခြားပေးသွင်းနည်း (Separated-field excitation method)
၂) ကိုယ်တိုင်ဓါတ်အားပေးသွင်းနည်း (Self-excitation method)
စသည်ဖြင့် (Excitation ပေးသွင်းပုံ/ထိန်းချုပ်ပုံ) အမျိုးမျိုးနှင့်တကွ ဆက်ရှင်းပြပါတယ်။ ပြီးတော့မှ (Alternator/ Generator) ခေါ်အကြီးစား ဓါတ်အား ထုတ်စက်ကြီးများ အကြောင်း ဆက်လက်ရှင်းပြထားတာ တွေ့ရပါတယ်။
လျှပ်ထုတ်စက်များတွင် လည်ပတ်သောအပိုင်းမှ လျှပ်စစ်ဓါတ် ထုတ်ယူသောအမျိုးအစား (revolution armature type) နှင့် တည်ငြိမ်သောအပိုင်းမှ လျှပ်စစ်ဓါတ်အား ထုတ်ယူသော အမျိုးအစား (revolution field type) ဟု အဓိက ခွဲခြား လေ့လာနိုင်ကြောင်းလည်း စာတွေ့ဖြင့်ပဲသိခဲ့ရပါတယ်။ ထုတ်လုပ်မှုပမာဏ (Capacity) ၂၅၀ ကီလိုဝပ် အထက်စက်ကြီးများကို (revolution field type) နည်းလမ်းဖြင့်သာ တည်ဆောက်လေ့ရှိကြပြီး
(revolution field type) စက်တို့တွင် Commutator slip ring type နှင့် Brush less type တို့ ကွာခြား တည်ရှိနိုင်ပုံတို့ကို လည်းထပ်မံ ရှင်းပါသေးတယ်။
နည်းလမ်းကွဲ အားလုံးအတွက် အထွက်လျှပ်စစ်ဗို့အား ချိန်ညှိ ထိန်းချုပ်နိုင်ရန်ကိုလည်း အခြေခံသဘော သိရှိစေပါတယ်။ စာထဲမှာတွေ့ဖူးတာတွေကို စာချည်း သက်သက်ပဲရယ်လို့ စိတ်မပျက်နိုင်အားပဲ အားလုံး နားမလည်နိုင်သည့်တိုင် စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ဖူးတာကြောင့် စာသင်ခန်းများအတွင်းမှ လက်တွေ့ပစ္စည်းကရိယာများနှင့် ထိတွေ့ခွင့်ရလာချိန်မှာ အလွန် ရင်းနှီးကျွမ်းဝင်နေပြီးသား ဖြစ်စေတာကို ကိုယ်တွေ့တင်ပြလိုက်ပါတယ်။
စာသင်ခန်း / အလုပ်ရုံခန်းများမှ ထပ်ဆင့်သိရှိလာရတဲ့ ပညာဗဟုသုတ များကလည်း နောင်အချိန်မှာ လျှပ်စစ်ဓါတ်အားပေးစက် အမျိုးမျိုး ထိန်းသိမ်းကိုင်တွယ် မောင်းနှင်နိုင်ရန်၊ ပြုပြင်ထိန်းသိမ်းမှု ပေးရန် တို့အတွက်ပါ လုံလောက်သော အတွေ့အကြုံများ ရှိစေပါတယ်။ အချက်အလက်များကို အကြမ်းအားဖြင့် ပြည့်စုံအောင် စုပေါင်း ဖေါ်ပြရတဲ့အတွက် တစ်ပိုင်းစီ အသေးစိတ် မဖေါ်ပြနိုင်ပဲ ရှိနေပါတယ်။
အသေးစိတ် သိလိုသည်များရှိလို့ ဆက်သွယ် မေးမြန်းလာခဲ့ပါက ၀ိုင်းဝန်း ဆွေးနွေး ဖြေကြားကြဦးမှာဖြစ်လို့ ယခုထက်ပိုပြီး စုံလင် တိကျ မှန်ကန်စွာ သိနိုင်ကြဦးမှာဖြစ်ကြောင်း တင်ပြလိုပါတယ်။

ဇော်အောင် (ဖိုးဇော်)


ဝီကီ တွင်ဆက်လက်လေ့လာရန်..

Tags:

ဆက်လက်ဖတ်ရှုရန်