Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts

Thursday, April 24, 2008

ဟက်ကာ ဘာလဲ၊ ဘယ်လဲ

တစ်ခါက ကျွန်တော့် အခြား ဘလောက်တစ်ခုမှာ ရေးခဲ့ဘူးပြီး အဲဒီပို့စ်ကြောင့် ပထမဆုံး ဘလောက် မှာ အဆဲ ခံရဘူးတဲ့ ပို့စ်လေး တစ်ခုပါ။ ကျွန်တော်ဟာ ငယ်ငယ်တည်းက စိတ်ဝင်စားတဲ့ အကြောင်းအရာ တွေ အရမ်းကို များလွန်းခဲ့ပါတယ်။ လူ့ဘ၀ တိုတိုလေးအတွင်းမှာ အဲဒီလို ဟိုယောင်ယောင် ဒီယောင်ယောင်တွေ များခဲ့လို့ ထူးချွန်သင့် သလောက် မထူးချွန်ခဲ့ပါဘူး။ ပိုဆိုးတာက အလုပ်တစ်ခုကို မဖြစ်မနေ လုပ်ရမယ့် အချိန်မျိုးမှာ အခြားတစ်ခုကို အသဲအသန် စိတ်ဝင်စားနေတတ်တာပဲ ဖြစ်ပါတယ်။ အင်ဂျင်နီယာ ပညာရပ်တွေ သင်နေရင်း ကွန်ပြူတာဘက်ကို စိတ်အရမ်းပါသွားခဲ့ပြီး တစ်နေ့ကို နာရီအများကြီး ပေးခဲ့မိပါတယ်။ လေ့လာပြီး တစ်နှစ်မပြည့်မီ ကွန်ပြူတာဂျာနယ်မှာ ဆောင်းပါးတစ်စောင် ရေးနိုင်ခဲ့ပေမယ့် အင်ဂျင်နီယာ ပညာရပ်ဘက်မှာ လစ်ဟင်းခဲ့ရပါတယ်။ နောက်ဆုံး Ciphercad2000 ဆိုတဲ့ cryptography software တစ်ခုရေးပြီး စာတမ်းတင်ကာ ဘီအီးဘွဲ့ကို ရယူဖြစ်ခဲ့ တဲ့ အထိ ရူးသွပ်ခဲ့ ပါတယ်။ ME ဆက်တက်တဲ့ ကာလ တစ်လျောက်လုံးမှာလဲ technical impact အရ အင်မတန်မှ စိတ်ဝင်စားဖို့ ကောင်းတဲ့ အိုင်တီ ပညာရပ်တွေနဲ့ ဆက်လက် လုံးပမ်းနေဖြစ်ခဲ့ပါတယ်။ အဲဒီ အချိန်အထိ ကျောင်းစာမှာ သာမာန်လောက် လုပ်ရုံနဲ့ လိုက်နိုင်နေတယ်လို့ ကိုယ့်ကိုယ်ကို အထင်ကြီးခဲ့ မိတာကြောင့် နောက်ပိုင်းမှာ အခက်အခဲနဲ့ ကြုံခဲ့ရပါတယ်။ PhD ဆက်တက်ဖြစ်တဲ့ အချိန်တွေမှာ မာစတာ တုန်းကနဲ့ အင်မတန် ကွဲပြားတဲ့ အခြေအနေမျိုးကို ကြုံတွေ့ရပါတော့တယ်။ အရင် က အပေါ်ယံလေး သိရုံနဲ့ ဆရာတွေကို ရွှီးလို့ ရခဲ့ပေမယ့် အခုတော့ သေသေချာချာသိဖို့ လိုနေတဲ့ အပြင် သီအိုရီ တိုင်းအတွက် solution များ approach များကို ပေါင်းစပ်ထားတဲ့ program များ ရေးသားထားဖို့ လိုအပ်နေကြောင်း အလန့်တကြား သိလာခဲ့ ရပါတယ်။ (မှတ်ချက်။ တစ်ပိုင်းချင်းစီက တော့ မာစတာတုန်းက ရေးခဲ့ ပြီးပါပြီ)။ အဲလို solution များကို ခုမှ ပြန်လည် ရေးသားနေရတဲ့ အတွက် PhD ကျောင်းသားတစ်ဦး ရဲ့ အဓိက ဖြစ်တဲ့ original idea ကို စဉ်းစားဖို့ အချိန်များစွာကို ဖဲ့ပြီး ပေးရပါတော့တယ်။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ မသိနားမလည်မှုတစ်ခုဟာ calculation တစ်ခု၊ စာတမ်းတစ်စောင်ကို သုံးလေး လ အထိ မပြီးနိုင်အောင် ဖြစ်စေခဲ့ပါတယ်။ လုပ်သင့်တာကို အဓိက မလုပ်ပဲ ဦးစားပေး မှားခဲ့တဲ့ ရလာဒ် ဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးတဲ့ လူငယ်များကို ကျွန်တော့်လို ရေလိုက်မလွဲ ကြရလေအောင် အဆဲခံပြီး ဒီဆောင်းပါးကို ရေးလိုက်ရပါတယ် ခင်ဗျား။

ဖိုရမ်တစ်ခုကို ဖတ်ရင်း ဘာမှန်း၊ ညာမှန်း မသိဘဲ ဟက်ကာဖြစ်ချင်နေကြတဲ့ မြန်မာလူငယ်များကို သွားတွေ့ပါတယ်။ ဟက်ကာ တကယ်ဖြစ်ချင်ပါသလား။ ဒါဆိုရင် ကိုယ့်ကိုယ်ကို အရင်ဆုံးမေးကြစေချင်ပါတယ်။ ဟက်ကာကို ဘယ်လို အဓိပါယ်ဖွင့်ဆိုကြမှာလဲ။ သူများတွေပြောတဲ့ ဟက်ကာမျိုးမဟုတ်ပဲ ကိုယ့်ဘာသာကိုယ် ဘယ်လို ဟက်ကာ အမျိုးအစား ဖြစ်ချင်တယ် ဆိုတာကို သတ်မှတ်ကြစေ ချင်ပါတယ်။ ဒီလိုပြောလို့ ကျွန်တော့်ကို ဆရာကြီးလုပ်တယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် စေတနာက ရိုးစင်းပါတယ်။ အမှားတေ၊ွ လမ်းပိတ်တွေ နဲ့ ပြည့်နေတဲ့ လမ်းကို အကြိမ်ကြိမ်လျောက်ခဲ့ ပြီးတဲ့ လူတစ်ယောက်အနေနဲ့ နောက်လူတွေကို ကျွန်တော့်လို မဖြစ်စေချင်လို့ပါပဲ။ ဘယ်အရာပဲ လုပ်လုပ် ရည်မှန်းချက် ရှိရှိ၊ စံနစ်တကျနဲ့ နည်းမှန်၊ လမ်းမှန် လုပ်စေ ချင်ပါတယ်။ ဘယ်ပညာရပ်မဆို အချိန်ပေးရပါတယ်။ အနည်းဆုံး ဆယ်နှစ်လောက်ပေးတာတောင် ပညာရပ်တစ်ခုကို ပိုင်သွားပြီလို့ မပြောနိုင်ပါဘူး။ ဖြတ်လမ်းနည်းနဲ့ ရတဲ့ ပညာဆိုတာ ဘယ်တော့မှ မခိုင်မြဲပါဘူး။
ဟက်ကာ တစ်ယောက်တစ်ယောက် တစ်ကယ် ပီပီပြင်ပြင် ဖြစ်ချင်တယ်ဆိုရင် ကွန်ပြူတာ ပညာရပ်တွေကို အခြေခံကနေ အကုန်စလေ့လာရပါမယ်။ ဟက်ကာ ဆိုတာ သာမာန် ယူဇာတစ်ယောက်မဟုတ်ဘဲ သူဖြစ်ချင်တာကို သူကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ သူ့မှာရှိတဲ့ ကန့်သတ်ချက်တွေကြားကနေ ရအောင် လုပ်နိုင်တဲ့ သူတွေပါ။ ဒီလိုမျိုး ဘယ်လို အခြေအနေမျိုးလာလာ ဖြေရှင်းပေးနိုင်တဲ့ အရည်အချင်းရဖို့ တစ်ပွဲတိုး နည်းလမ်းတွေကနေပြီး လုပ်မပေးနိုင်တာ အသေအချာပါ။ ပရိုဂရမ်းမင်း နဲ့ စစ်စတမ်ရဲ့ အခြေခံ အလုပ်လုပ်ပုံလေးကိုတောင်မှ သေချာ မသိသေးတဲ့ လူတစ်ယောက်အဖို့ဆိုရင် ပိုပြီး မဖြစ်နိုင်ပါဘူး။ ဥပမာပြောရရင် သာမာန်ယူဇာတစ်ယောက်က စက်တစ်လုံးကို သုံးနိုင်တဲ့ အော်ပရေတာဆိုရင် ဟက်ကာ တစ်ယောက်က အဲဒီလိုစက်မျိုးအကြောင်းကို ကောင်းကောင်းကြီး သိပြီး modify လုပ်နိုင် design အသစ် လုပ်နိုင်တဲ့ အင်ဂျင်နီယာ တစ်ယောက်နဲ့ တူပါတယ်။ တစ်ချို့ က ဆင်ခြေ ပေးကောင်းပေးပါလိမ့်မယ်။ ဒါတွေကို အပျော်လေ့လာတာပါဆိုပြီး။ အချိန်ကုန်တာခြင်း အတူတူ၊ ၀ါသနာ ပါတာခြင်း အတူတူဆိုရင် တကယ်တတ်ပြီး အသက်မွေးဝမ်းကျောင်း ပညာဖြစ်အောင် သင်သင့်ပါတယ်။ သူများအထင်ကြီးရုံလေး လုပ်ပြီး အချိန်တွေ ကုန်သွားရင် လက်တွေ့မှာ အသုံးမကျ ဖြစ်တတ်ပါတယ်။ ကျွန်တော့် ကိုယ်တွေ့ပါ။ တစ်ခုပြောပြချင်ပါတယ်။ ပြည်ပက ငယ်ငယ်နဲ့ ဟက်ကာလုပ်နေတဲ့ ကလေးတွေဟာ ကျန်တဲ့ အခြေခံတွေကို သေသေချာချာ သိပြီး၊ လေ့လာထားပြီသားဆိုတာပါပဲ။ hackers ဆိုတဲ့ ကားကို ကြည့်ဖူးကြမယ်ဆိုရင် ဇာတ်ဝင်ခန်းတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒီမှာ မင်းသားကို ကျန်တဲ့ ဟက်ကာတွေက ပညာစမ်းသလိုမျိုး ကွန်ပြူတာ စာအုပ်တွေထုတ်ပြပါတယ်။ သူက အဲဒါတွေကို အရည်ကျို သောက်ထားတဲ့ သူပါ။ ဒီလောက်ဆို သဘောပေါက်လောက်မယ်လို့ထင်ပါတယ်။ နောက်တစ်ခုက အဲဒီကားထဲမှာ သူတို့ ဟက်လို့ ရလာတဲ့ ဖိုင်အပိုင်းအစလေးကို ဘာလဲဆိုတာ လေ့လာတာ ပါပါတယ်။ တကယ်တော့ အဲဒါ reverse engineering လုပ်တာပါ။ ဒီလို ခက်ခဲ နက်နဲတဲ့ ပညာရပ်တွေကို ဘာမှ စံနစ်တကျ မသင်ထားပဲ မရဘူးဆိုတာ ပေါ်လွင်စေချင်ပါတယ်ခင်ဗျာ။
သူများလုပ်ထားတဲ့ tools လေးတွေသုံးပြီး သူများ အင်တာနက်မှာ ကျူတိုရီယယ်လုပ်တာလေးတွေကို နဲနဲ သိရုံနဲ့ ဟက်ကာထင်ပြီး လမ်းဆုံးသွားမှာ စိုးလို့ ပြောပြမိတာပါ။ အဲဒီ trick လေးတွေကို လေ့လာပါ။ ကောင်းပါတယ်။ လက်တွေ့မှာလဲ အသုံးကျပါတယ်။ ဒါပေမယ့် trick ကို trick လို့ မြင်ပါ။ ပညာကို ပညာလို့ ကွဲကွဲပြားပြား မြင်စေချင်ပါတယ်။ trick တွေက system တွေပြောင်းသွားရင် သုံးလို့ မရတော့ပါဘူး။ ပညာကတော့ system ပြောင်းလဲ သူက လိုက်ပြီး adapt ဖြစ်လာတဲ့ သဘောရှိပါတယ်ခင်ဗျာ။
နောက်တစ်ခုက မိမိလေ့လာတဲ့ ပညာရပ်ကို မိမိနေတဲ့ အသိုင်းအ၀ိုင်း၊ အဖွဲ့ အစည်းမှာ အကျိုးပြုဖို့ ဆိုတဲ့ စိတ်ထားနဲ့ လေ့လာစေချင်ပါတယ်။ မလေ့လာသင့်တဲ့ ပညာ မရှိပါဘူး။ အသုံးမချသင့်တဲ့ ပညာတော့ ရှိတယ်ဆိုတာ မမေ့စေချင်ပါဘူး။ အတွေးအခေါ်မှားမှာ ကိုလည်း စိုးရိမ်မိပါတယ်။ လက်နက်တစ်ခု၊ စွမ်းအင်တစ်ခုဟာ အင်အားကြီးမားလာတာနဲ့ အမျှ သူ့ကို ထိန်းချုပ်ဖို့ကလဲ ပိုမို အရေးကြီးလာပါတယ်။ အတတ်ပညာလေ့လာတဲ့ နေရာမှာ ဘာကြောင့် ဒီပညာကို လေ့လာတာလဲ၊ ဘယ်လို လေ့လာမလဲ၊ ဘယ်လို အသုံးချမလဲ ဆိုတဲ့ အမြော်အမြင်နဲ့ ယှဉ်တဲ့ သုံးသပ်မှုမျိုး လုပ်သင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။
နောင်အားရင် တကယ့် ဟက်ကာတစ်ယောက်ဖြစ်ဖို့ လိုတဲ့ အခြေခံ ပညာရပ်တစ်ချို့ကို ပြောပြပါ့မယ်။ ဟက်ကာဖြစ်အောင်တော့ ဘယ်သူမှ မလုပ်ပေးနိုင်ကြောင်းပါခင်ဗျာ။

ဆက်လက်ဖတ်ရှုရန်

Saturday, April 5, 2008

အတွေ့အကြုံများ ၂

ဘာရေးရမလဲ စဉ်းစားရင်း အကြံရလိုက်ပါတယ်။ ကျွန်တော်ရေးတာ တော်တော်များများ အတော်ပဲ ပျင်းစရာကောင်းပြီး ရေးရတာလဲ ခက်ခဲပါတယ်။ ဒါကြောင့် အဓိက အနေနဲ့ general concept နဲ့ ကျွန်တော်သိသမျှ လက်တွေ့ ဘ၀လေးတွေ လေ့လာပုံလေးတွေကို တင်ပြပေးလိုပါတယ်။
ကျွန်တော်အနေနဲ့ ကိုယ့်ကိုယ်ကို သိပ်တော်တယ်လို့ မထင်မိပါ။ သို့သော် ကျွန်တော်လေ့လာနေတဲ့ ဘာသာရပ်မှာ အတတ်နိုင်ဆုံး ကြိုးစား လေ့လာနေပါတယ်။ ကျွန်တော့် အနာဂါတ် ရည်ရွယ်ချက်ဟာ ကျောင်းဆရာ လုပ်ပြီး စာသင်ဖို့ ဖြစ်တဲ့ အတွက် အဲဒီ ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ လေ့လာမှုတွေ လုပ်ဖြစ်တာများပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မှာ ရည်မှန်းချက် မတူကြသလို ပညာရပ်တွေမှာလည်း သူ့ရည်ရွယ်ချက် နဲ့သူ ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ ဘာသာရပ်တွေကို ဘယ်လို ခွဲခြားပြီး သင်ကြသလဲ ဆိုတာကို နည်းနည်းလောက် ပြောပြချင်ပါတယ်။ ဆက်ရက် ကို ချိုး ထင်နေကြမှာ စိုးလို့ပါ။ နိုင်ငံတစ်ခုရဲ့ ပညာရေးဟာ အခြားနိုင်ငံတစ်ခုရဲ့ ပညာရေးနဲ့ မတူပါဘူး။ ချဉ်းကပ်ပုံခြင်း မတူကြသလို အားသာချက် အားနည်းချက်တွေလည်း ရှိကြပါတယ်။ မလေ့လာဘူးပဲ ရမ်းသမ်း ဆုံးဖြတ်ရင် မှားဖို့များပါတယ်။ အခြားနိုင်ငံ တော်တော်များများမှာ ပညာသင်နေတဲ့ မြန်မာတွေဟာ ရာစုနှစ် တစ်ဝက်ကျော်ကျော် လောက်ကထဲက စပြီး အမြောက်အများ ရှိခဲ့ပါတယ်။ ဒါကြောင့် မြန်မာ တော်တော်များများဟာ အဲဒီ နိုင်ငံတွေက ပညာရေးစံနစ်တွေ အကြောင်းကို သိကြတာများပါတယ်။ ခု ကျွန်တော်တို့ ဆီမှာတော့ ဒေါက်တာ မတင်ဝင်း အစရှိတဲ့ ပညာရှင်လက်တစ်ဆုပ်စာ လောက်သာ သင်ကြားဖူးပြီး အထိအတွေ့ အဆက်အဆံနည်းခဲ့တော့ တော်တော်များများ က ဒီက ပညာရေးကို မသိကြပါဘူး။ ခုဒီမှာ သင်နေကြတဲ့ ကျောင်းသားတွေထဲက တော်တော်များများကလဲ ဒီက ပညာရေး အကြောင်းတွေကို အသေအချာ ပြန်ပြောပြတဲ့ သူ အတော်ရှားပါတယ်။ ပြောပြတဲ့သူရှိရင်လည်း အဲဒီသူက အတော်လေး လေ့လာထားဖူးတဲ့ သူ ဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် နားစွန်နားဖျားကြားပြီး ရမ်းသန်းစွပ်စွဲတာတွေ၊ အထင်သေးပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ မကြာခဏဆိုသလို ကြားနေကြရပါတယ်။ အားလုံးရဲ့ အရင်းအမြစ်က တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေ လွဲနေကြတာပါပဲ။ လူဆိုတာ တကယ်တမ်း ပေါင်းကြည့်ရင် သိပ်ဆိုးတဲ့ သူ ရှားပါတယ်။ ကိုယ်က တကယ်သာ စိတ်ကောင်းထားပြီး ပေါင်းကြည့်ပါ။ တစ်ဘက်လူကလည်း ကိုယ့်ကို မေတ္တာ ထားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါက ဘုရားဟောတာပါ။ ကဲ ပညာရေးအကြောင်းလေး ပြန်ဆက်ရအောင်။ ဒီမှာက ပညာရပ်တွေကို အသေးစိတ်ခွဲခြားထားပြီး စိတ်ကြိုက် လေ့လာစေပါတယ်။ ကိုယ်ကြိုက်တဲ့ လိုင်းကို ရွေးရတာ လွယ်ပါတယ်။ ဥပမာ electrical machine နဲ့ ပက်သက်တာဆို အများကြီး ရှိပါတယ်။ electrical machine ဆိုရာမှာ motor, generator, transformer စတာတွေ အများကြီး ပါရှိပါတယ်။ အဲဒီ တစ်ခုချင်းစီမှာလည်း ဒီဇိုင်း၊ အနာလက်စစ်၊ ထုတ်လုပ်ခြင်း၊ လက်တွေ့ အသုံးချနယ်ပယ်များ စသဖြင့် အများကြီး ထပ်ပြီး ကွဲသွားပြန်ပါတယ်။ ကဲ ကျွန်တော်တို့ department အကြောင်းလေးပဲ စပြောကြရအောင်။ ဒီဇိုင်း၊ အနာလက်စစ် စတာတွေကို လေ့လာဖို့ ကျွန်တော်တို့ Electro-mechanical department က သင်ကြားပေးပါတယ်။ ဒီအပိုင်းကို လုပ်မယ်ဆိုရင် ကျွန်တော်တို့ ဆီမှာ သင်ရပါမယ်။ ကျွန်တော်တို့ ဆီက ဆင်းတဲ့ သူတွေဟာ ကွန်ထရိုးပိုင်းမှာ အားနည်းပါတယ်။ production ပိုင်းမှာလည်း သိပ်အဆိုးကြီး မဟုတ်ပေမယ့် သေချာ မသိပါဘူး။ လက်တွေ့ အသုံးချမှုပိုင်းလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ အဓိက အလုပ်က စားသုံးသူ လိုချင်တဲ့ electrical machine ကို ဒီဇိုင်း ထုတ်ပေးနိုင်ဖို့ နဲ့ ရှိပြီးသားမော်တာတွေကို efficiency ကိုကောင်းလာအောင်၊ အလေးချိန်နဲ့ အရွယ်အစား လျော့ချနိုင်အောင်၊ cooling system ပိုကောင်းလာအောင် တွက်ချက် လုပ်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီမှာ လဲ ထပ်ပြီး အမျိုးအစားတွေ ကွဲသွားပါတယ်။ motor မှာပဲ ဖြစ်ဖြစ် generator မှာပဲဖြစ်ဖြစ် asynchronous, synchronous, DC, servo,…. စတဲ့ အမျိုးအစားများစွာကွဲထွက်သွားပါတယ်။ အသေးစိတ် မော်တာအမျိုးအစားကွဲများကို ကျွန်တော် English လို မသိသေးပါခင်ဗျာ။ အဲဒီအမျိုးအစားများစွာကို ကိုယ်သန်ရာ သန်ရာလေ့လာကြပါတယ်။ အထူးသဖြင့် ဘွဲ့လွန် တန်းတွေ အတွက် ပိုပြီး အသေးစိတ်ပါတယ်။ ဥပမာ ကျွန်တော်ဆိုရင် အဲဒီ machine တွေထဲက မှ motor, အဲဒီ motor တွေထဲကမှ induction motor၊ အဲဒါကိုမှ တစ်ခါ single phase line ကနေ အင်ဗာတာနဲ့ frequency control လုပ်ပြီး သုံးဖို့ ရည်ရွယ်ထားတဲ့ မော်တာ ကို ဒီဇိုင်းနဲ့ အနာလက်စစ်လုပ်ရပါမယ်။ အဲလို analysis လုပ်ရာမှာလည်း သုံးတဲ့ သီအိုရီက circuit theory ကိုသုံးပါမယ်။ (စကားချပ်၊ field theory , circuit+field theory စသဖြင့် အကြမ်းဖျင်း ၃ မျိုး ဖြင့် လေ့လာလေ့ရှိပါသည်။ field theory ကိုလေ့လာရန် finite element analysis ကို အသုံးပြုရပါသည်။ ၄င်းတွင်လည်း 2 dimensional analysis နှင့် 3 dimensional analysis ဆိုပြီး ၂ မျိုးရှိပါတယ်။ 3 dimensional analysis လုပ်ရန် အလွန် စွမ်းအားမြင့်တဲ့ ကွန်ပြူတာများလိုပါတယ်။) ကဲဒီလောက်ဆို ကျွန်တော်တို့ ဘာတွေသင်ကြားနေကြတယ်ဆိုတာ အကြမ်းဖျင်းသိလောက်ပါပြီ။ ကျွန်တော်သင်ခဲ့ရတဲ့ မာစတာ ကို့စ် က ဘာသာရပ်တွေကို ပုံမှာ ကြည့်နိုင်ပါတယ်။
အဲဒီထဲက ဘာသာရပ်တွေနဲ့ ပက်သက်ပြီး မေးခွန်းထုတ်လာခဲ့ရင်ဖြင့် အတတ်နိုင်ဆုံးကြိုးစားပြီး ဖြေကြားပေးပါမယ်။ ကျန်တာတွေကိုတော့ သိပ်သေသေချာချာမသိဘူးဆိုတာ ၀န်ခံပါတယ်။ ကျန်တဲ့ ဘာသာရပ်များဖြစ်တဲ့ production နဲ့ control တွေကို အခြား department များမှာ သင်ကြားနေတာကို သိရပါတယ်။ အဓိက ပြောချင်တဲ့ point က ကွန်ပြူတာဆင်တဲ့ ပညာရှင်နဲ့ microprocessor ကို ဒီဇိုင်းထုတ်တဲ့ ပညာရှင်နဲ့ သဘောသဘာဝချင်း လုံးဝမတူပါ။ criteria မတူရင် နှိုင်းယှဉ်လို့ မရဘူးဆိုတာကို လည်း သိစေချင်လို့ပါ။ ဘယ်သူသာတယ်၊ ဘယ်သူ ဘယ်လောက် တတ်တယ် ဘယ်သူက ဘာအရောင်၊ ဘယ်သူက ဘယ်မှာနေတယ် ဆိုတာထက် လက်တွေ့မှာ ဘယ်သူက သူ့ပညာကို ဘာအတွက်သုံးနေတယ်၊ ပြည်သူတွေ ကို ဘယ်လောက်အထိ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်သော်၎င်း အကျိုးပြုနေတယ်ဆိုတာက အဓိက လိုရင်းဖြစ်ပါတယ်။
နောက်တစ်ခုက လောလောဆယ် အဝေဖန်ခံနေရတဲ့ transient analysis ကို Simulink modeling လုပ်ထားတဲ့ အကြောင်း အရင် ပြောပြလိုပါတယ်။ ကျွန်တော့်အဓိက ရည်ရွယ်ချက်က လေယာဉ်ကြီးတွေ၊ ဒုံးပျံကြီးတွေ လွှတ်ဖို့ မဟုတ်ဘူးဆိုတာပါပဲ။ ကိုယ်က စာပြန်သင်ပေးတဲ့ အခါမှာ တကယ့်ကို အခြေခံကျတဲ့ သီအိုရီတွေကို မြန်မာကျောင်းသားတွေကို အစကတည်းက ရှင်းလင်းသွားအောင်၊ မျက်စိထဲ မြင်လာအောင် ပြနိုင်ဖို့ ပိုအရေးကြီးတယ်လို့ထင်ပါတယ်။ ဒါကြောင့် အဲဒီလို ရှင်းပြနိုင်အောင် အထောက်အကူပြု ပရိုဂရမ်များ ရေးသားစုဆောင်းခြင်း၊ ရှင်းလင်းချက်များ ရေးသားရန် ကြိုးစားခြင်းများ ပြုလုပ်နေပါတယ်။ ခု ကျွန်တော်အနေနဲ့ အဲဒီပရိုဂရမ်ကိုသုံးပြီး မြန်မာပြည်မှာ 4th year ဒါမှမဟုတ် 5th year တွေကို transient analysis လက်တွေ့လုပ်ဖို့ စာအုပ် ပါးပါးလေးကို ရေးရင်း တင်ပေးနေတာပါ။ ပရိုဂရမ်တွေ ရိုးစင်းနေတာကိုယ်က တမင်လုပ်ထားတာပါ။ GUIDE သုံးပြီး motor type တွေ ရွေးပြီး ဒေတာလေး အသာလေးဖြည့်ထည့်လိုက်ရုံနဲ့ တွက်လို့ ရတဲ့ ပရိုဂရမ်တွေ ရှိပါတယ်။ ဆရာကို LAB သုံးဖို့ ပေးတော့ အဆဲခံရပါတယ်။ ဒါနဲ့ ခု ပရိုဂရမ်လေးကို ပြန်လုပ်ထားရတာပါ။ ကျောင်းသားကို စာသင်တဲ့နေရာမှာ ပညာပြလို့ မရပါဘူး။ ကိုယ်တစ်ယောက်တည်း မိုးပျံအောင် တော်နေတာထက် မတတ်သေးတဲ့ သူ ခပ်များများကို လယ်ဗယ်တစ်ခု အခြေခိုင်အောင် လုပ်ပေးပြီး ကိုယ်က ခုတုံးအဖြစ် အနင်းခံရတာကို ကျွန်တော်က ပိုလိုလားပါတယ်။ မြန်မာတွေထဲမှာ အင်မတန်တော်တဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သူတို့သေတော့ ပညာတွေ မြေကြီးထဲပါသွားတာများပါတယ်။ စာအုပ်စာတမ်းပြုစုတာနည်းတယ်လို့ ထင်မိပါတယ်။ ကိုယ်က ပြည်ပကို အကြောင်းကြောင်းကြောင့် ထွက်သွားရရင်တောင် ကိုယ့်ပညာကို ကိုယ့်လူမျိုးတွေ လေ့လာနိုင်အောင် တနည်းနည်းနဲ့ လုပ်ပေးသင့်တယ်လို့ မြင်ပါတယ်။ ဒါက မြန်မာပညာတတ်အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီလိုတာဝန်မျိုးဟာ ဘယ်သူကမှ အတင်းအကျပ်ပေးနိုင်တဲ့ တာဝန်မျိုးမဟုတ်ပါဘူး။ ဖီလိုဆော်ဖီနဲ့ ယှဉ်ပြီး လုပ်သင့်တယ်လို့ ကိုယ့်ဘာသာခံယူပြီး လုပ်ရမယ့် အလုပ်မျိုးဖြစ်ပါတယ်။
မြန်မာအချင်းချင်း စည်းစည်းလုံးလုံးနဲ့ ပြည်သူ့ အကျိုးစီးပွားများကို တကယ်လက်တွေ့ လက်တွဲ ဖေါ်ဆောင်နိုင်ဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါရစေခင်ဗျား။

ဆက်လက်ဖတ်ရှုရန်

ငြီးတွားခြင်း.....

နည်းပညာပိုင်းတွေကို ရေးရတာ အတော် လက်ပေါက်ကပ်ပါတယ်။ အဓိကက အချိန်အများကြီးပေးဖို့ လိုတာပါပဲ။ အီကွေးရှင်းတွေ ပုံတွေ လုပ်ရတာကလဲ မစားသာပါဘူး။ ကိုယ်လုပ်ထားသမျှကလဲ ရုရှဘာသာနဲ့ဆိုတော့ အကုန်ပြန်ပြန်လုပ်နေရတယ်။ နောက်တစ်ခုက ဘယ်လယ်ဗယ်ကို ရေးရင်ကောင်းမလဲ ဆိုတာ စဉ်းစားရတာ ခေါင်းစားပါတယ်။ အခု ဆောင်းပါးတွေ၊ စာတမ်းတွေ၊ စာမေးပွဲတွေ အတော်လေး ကိစ္စတွေ ပြတ်ပြီးလို့ သက်ပြင်း ချမလို့ ရှိသေး အကြိုစာတမ်းဖတ်ပွဲကို နောက်၂လ လောက်ဆို စမယ်ဆိုလို့ တစ်ခန်းလုံးရေးဖို့ လုပ်ဖို့ ကျန်နေသေးတာကြီးနဲ့တော့ သိပ်အားမယ် မထင်တော့ပါဘူး။ တကယ်ရေးချင်တာက သီအိုရီကို သီးစစ်လုပ်သလို အသေးစိတ် အတွက်အချက်တွေနဲ့ ရှင်းပြချင်ပါတယ်။ အဲဒါဆို တကယ်မလွယ်ဘူး။ ရေးလက်စတွေ ရှိတယ်။ ဒါပေမယ့် ပြီးမယ်မထင်ဘူး။ ဆောင်းပါး တွေကို ပြန်ရေးရင်လဲ ဘာတွေ က ဘယ်လိုဖြစ်လာတယ်ဆိုတာကို အတော်လေးပြောယူရမယ်။ သီးစစ် ထဲက အကြောင်းအရာတွေ တစ်ချို့ကို မရေးချင်သေးဘူး။ စာတမ်းမပြီးသေးပဲနဲ့ မို့ပါ။ basic လေးတွေ တစ်ချို့၊ ဗဟုသုတလေးတစ်ချို့ကို discovery video တွေကနေ နည်းနည်းချင်း ပြောပြ သွားရင် ကောင်းမလား စဉ်းစားမိပါတယ်။ ကျွန်တော်က စာရေးဖို့ ရေးကျင့် ကျင့်နေတုန်းဆိုတော့ ရေးတာတွေက ဘာတွေမှန်းမသိ ဖြစ်နေရင် တောင်းပန်ပါတယ်။ မော်တာဒီဇိုင်းကိုလဲ ဆက်ကို မရေးနိုင်တော့ဘူး။ တကယ်က အဲဒီ ဒီဇိုင်းလယ်ဗယ်က 4th year level ပါ။ ဒါပေမယ့် အဲဒါကိုပဲ နောက်ပိုင်း အသေးစိတ်လိုက်ပြီး ခြွင်းချက်တွေကို ထည့်စဉ်းစားသွားတာပါ။ ခုလုပ်နေတာက မော်တာကို အင်ဗာတာ (PWM) နဲ့ တွဲသုံးမယ်ဆိုရင် သာမာန် စီးရီး မော်တာတွေကို မသုံးပဲ optimize အဖြစ်ဆုံး မော်တာ ကို ဒီဇိုင်း အသစ်လုပ်ဖို့ပါ။ အသေးစိတ်ဒီဇိုင်းကို အောင်မြင်သွားရင် အဲဒီက ရလာတဲ့ physical size တွေသုံးပြီး transient နဲ့ thermal analysis ထပ်လုပ်မယ်။ ၂ လနဲ့ အသေအလဲ လုပ်ရမယ်ထင်ပါတယ်။ စာရေးကျဲရင် လာလည်ဖို့ မေ့မသွားကြပါနဲ့ဗျာ ။

ဆက်လက်ဖတ်ရှုရန်

အတွေ့အကြုံများ ၁

ကျွန်တော် ဒီရက်ပိုင်းတွေမှာ မာစတာနဲ့ ဘွဲ့လွန် စာတမ်းများ ပြုစု လုပ်ကိုင် ခဲ့တာကို ပြန်လည် သုံးသပ် နေမိပါတယ်။ ကျွန်တော်တို့ဟာ MPEI ကျောင်းမှာ ပထမဆုံး ဘွဲ့လွန် တက်နေရတာ ဖြစ်တဲ့ အတွက် အားနည်းချက်၊ ချွတ်ယွင်းချက်တွေ ရှိခဲ့ ရပါတယ်။ ဒါကြောင့် နောင်လာနောက်သား ညီငယ်ကျောင်းသားများ ကျွန်တော်တို့ ကဲ့ သို့ လိုအပ်ချက်များ မဖြစ်ရလေအောင် ပြောပြချင်စိတ်များ ဖြစ်လာမိပါတယ်။ ဒါ့ အပြင် တခြား အရပ်ဒေသများမှ ပညာရှာနေကြတဲ့ ကျောင်းသား၊ ကျောင်းသူများပါ လေ့လာနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် သိရှိပြီးသား ပညာရှင်များအနေနဲ့ သီးခံ ဖတ်ရှုပေးကြပါလို့ မေတ္တာ ရပ်ခံလိုပါတယ်ခင်ဗျား။
ပညာသင်ကြားတဲ့ နေရာမှာ နည်းလမ်း အသွယ်သွယ် ရှိပါတယ်။ ဘယ်နည်းကို သုံးမလဲ ဆိုရင် ကိုယ့် အနေနဲ့ အလွယ်ကူဆုံးနဲ့ ရေရှည်သုံးလို့ ဖြစ်မဲ့ နည်းလမ်းမျိုးကို ရွေးချယ်စေချင်ပါတယ်။ ကျောင်းသား တစ်ယောက်နဲ့ တစ်ယောက်ဟာ စွမ်းဆောင်မှုချင်း၊ စိတ်ပါဝင်စားမှုချင်