Showing posts with label study notes. Show all posts
Showing posts with label study notes. Show all posts

Tuesday, February 12, 2008

Translation ....

ဘာသာပြန်ဆိုကြရာဝယ်…
ကျွန်တော့်ကို ဘလော့ဂါ ကောင်ဆိုးလေး က Prompt သုံးနည်းအကြောင်း ရေးပါလားလို့ ဆိုတာနဲ့ ဒီပို့စ်လေးကို ရေးမိတာပါ။ ကျွန်တော့်မှာ ရေးဖို့ရည်ရွယ်ထားတဲ့ တော့ပစ် တစ်ခုရှိပါတယ်။ အဲဒါကတော့ ကျွန်တော် ရုရှားမှာ ပညာသင်ခဲ့ရတဲ့ ၆ နှစ်နီးပါး အချိန်ကာလ တစ်ခုအတွင်း ကျောင်းသားတစ်ယောက် အနေနဲ့ရော၊ သုတေသနသမား တစ်ယောက် အနေနဲ့ပါ ကြုံတွေ့ခဲ့ရတဲ့ အကောင်းအဆိုး အကျိုးအပြစ် အတွေ့အကြုံများရယ်၊ ကျွန်တော်ကျင့်သုံးခဲ့တဲ့ ပညာသင်ယူတဲ့ နည်းလမ်းများရယ် ကို ပြည့်စုံအောင် အသေးစိတ် ရှည်ရှည်လျားလျား ရေးဖို့ပါပဲ။ ဒါပေမယ့် အခုပို့စ်မှာတောု့ ဘာသာပြန်တဲ့ အခါ ကျွန်တော် ကျင့်သုံးတဲ့ နည်းလမ်းများရယ်၊ ကျွန်တော့် အတွေ့အကြုံအရ ကောင်းမယ်ထင်တဲ့ အရာများကို မျှဝေလိုက်ပါတယ်ခင်ဗျာ။
ကျွန်တော်တို့ ရုရှမှာ ပညာသင်တဲ့ အခါမှာ အရေး၊ အဖတ်၊ အပြော၊ လက်ချာ အားလုံးကို ရုရှဘာသာနဲ့ သာ အသုံးပြုကြရပါတယ်။ စစချင်းမှာ အင်မတန်ကို ခက်ခဲတဲ့ အတားအဆီးတစ်ခု လို ကို ဖြစ်နေခဲ့ပါတယ်။ များပြားလှတဲ့ ဘာသာရပ်ဆိုင်ရာ စာအုပ်များကို ပြန်ဆိုလေ့လာဖို့လဲ အဆောတလျင် လိုအပ်လာပါတယ်။ ဒီအခါမှာ အထောက်အကူပြု ဆော့ဖ်ဝဲများ၊ အဘိဓါန်များကို သန်ရာသန်ရာ၊ နီးစပ်ရာရာ အသုံးပြုခဲ့ကြရပါတယ်။ ဒီနေရာမှ တစ်ခု ပြောပြချင်တာလေး ရှိပါတယ်။ ဒါက ဘာလဲဆိုတော့ လူတိုင်းမှာ အားသာချက်၊ အားနည်းချက်၊ ပြီးတော့ sense ချင်း မတူကြတာပါ။ ဆိုလိုတာက ဘယ်နည်း၊ ဘယ်ဆော့ဖ်ဝဲဟာ အကောင်းဆုံးဆိုတာထက် မိမိနဲ့ သင့်တော်တဲ့၊ အဆင်ပြေမဲ့ နည်းလမ်းကို သုံးကြတာများပါတယ်။ တစ်ချို့က ရုရှ-မြန်မာ အဘိဓါန်များကို အသုံးပြုပါတယ်။ ၂ အုပ် လောက်တော့ ကျွန်တော် မြင်ခဲ့ဘူးပါတယ်။ အင်္ဂလိပ်-အင်္ဂလိပ်-မြန်မာ၊ အင်္ဂလိပ်-မြန်မာ စတဲ့ အဘိဓါန်များကိုလည်း သုံးစွဲကြပါတယ်။ ကွန်ပြူတာ မ၀ယ်နိုင်သေးတဲ့ သူများအဖို့ သင့်လျော်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့် ကွန်ပြူတာရှိပြီးသူများအနေနဲ့ အဓိက အသုံးပြုသင့်တာကတော့ ကွန်ပြူတာသုံး အဘိဓါန်များပဲဖြစ်ပါတယ်။ အားသာချက်များစွာ ရှိပါတယ်။
1. ရှာဖွေရလွယ်ကူပါတယ်။
2. စာလုံးရေ အလွန်များပြားပြီး အဘိဓါန်မျိုးစုံကို တစ်ချက်တည်းနဲ့ ရှာလို့ရပါတယ်။
3. မိမိရှာထားတဲ့ စာလုံးများကို ပြန်လည် ကြည့်ရှုမှတ်သားထားနိုင်ပါတယ်။ (history)
4. စာလုံးတစ်လုံးကိုရှာရင်း မသိသေးတဲ့ စာလုံးများ ကို လွယ်လင့်တကူ ဆက်လက် ရှာဖွေလို့ ရပါတယ်။
5. မိမိကိုယ်တိုင် ပြုစု-စုဆောင်း ထားတဲ့ စာလုံးများကို ကိုယ်ပိုင် အဘိဓါန်များ ပြုလုပ်၍ ထပ်မံ ပေါင်းထည့်နိုင်ပါတယ်။
6. အင်တာနက်တွင် ဖတ်ရှုခြင်း၊ အီးဘွတ်များ ဖတ်ရှုခြင်းကဲ့ သို့သော ကိစ္စများတွင် အသုံး အလွန်တည့်ပါတယ်။
အသုံးအများဆုံး ကွန်ပြူတာ အဘိဓါန်များကတော့ Lingvo dictionary ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ ခုဆို ဗားရှင်း 12 ထွက်ရှိနေပါပြီ။ ဘေဘီလုံ ကိုလဲ တစ်ချို့ က အသုံးပြုကြပါတယ်။ ဒါပေမယ့် လင်ဗိုလောက် မကြိုက်လှပါဘူး။
နောက်ထပ် နည်းလမ်းတစ်ခုမှာ translator software များကို အသုံးပြုခြင်း၊ သို့မဟုတ် online translator များကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ အသုံးအများဆုံးမှာ PROMPT ဖြစ်ပြီး အခြား translator များလည်း ရှိပါတယ်။ ဂူဂယ် မှလည်း အွန်လိုင်း ထရန်စလေတာ ဆားဗစ်ပေးထားပါတယ်။ အလျင်အမြန် ဖတ်ရှုရမည့် ကိစ္စရပ်များတွင် အလွန်အသုံးတည့်ပါသည်။ သို့သော်…..။ ကျွန်တော့် ကိုယ်ပိုင်အယူအဆအရ ထို translator များကို အလွန်အကျွံ အားကိုးအားထား ပြုနေကြသည်များကို မကြိုဆို နိုင်ပါ။ တကယ်တန်း ရေရှည် လေ့လာရမည့် ဘာသာရပ်များကို မိမိတို့ကိုယ်တိုင် အပင်ပန်းခံ ဘာသာပြန်ဆိုကြရန် အထူးအရေးကြီးသည်ဟု ကျွန်တော်ယုံကြည်ပါသည်။ အစတွင် ခက်ခဲမည် မှန်သော်လည်း အနည်းဆုံး ၃ နှစ်ကျော် လေ့လာရမည့် အတွက် ရေရှည်တွင် ကြာလေ ကျွမ်းကျင် ပိုင်နိုင်လေဖြစ်လာမည်မှာ သေချာပါသည်။ သုံးလေးလအတွင်း ဘာသာပြန်အား၊ စာဖတ်အား အလွန် လျင်မြန်စွာ တိုးတက်လာမည် ဖြစ်ပါသည်။
သို့သော် translator အားကိုးသူများအနေဖြင့် ထူးထူးခြားခြား တိုးတက်လာရန် ခဲယဉ်းပေသည်။ ထို့ပြင် translator များမှ ပြန်ဆိုပေးချက်များသည် ဘာသာရပ်နှင့် ဆီလျော်အောင် ပြန်ဆိုနိုင်ခြင်း မရှိသည်ကို လေ့လာတွေ့ရှိရပါသည်။ သာမာန် အရပ်သုံး စကားများ ပြန်ဆိုရာတွင် မဆိုးလှသော်လည်း နည်းပညာများပြန်ဆိုရာတွင် အဓိပါယ် ကွဲလွဲမှုများမှာ များပြားလာပေသည်။ တစ်ဘက်တွင်လည်း ကိုယ်တိုင် ပြန်ဆိုခြင်းကြောင့် ဘာသာစကားများ၏ အလေ့အထများကို တစ်ဖြည်းဖြည်း နားလည် သဘောပေါက် လာပေမည်။ စကားလုံး ဝေါဟာရများ ပိုမိုကြွယ်ဝလာကာ ဆီလျော်သော ဘာသာပြန်ဆိုချက်များကို ပြုလုပ်နိုင်လာမည် ဖြစ်သည်။ ထို့ပြင် မိမိတို့သည် သူတပါး ရေးသားထားသည်များကို ဘာသာပြန်ဆိုရန်အတွက် သာမက ကိုယ်တိုင် စာတမ်းများ၊ သီးစစ်များ မလွဲမသွေ ရေးသားပြုစုရမည့် သူများဖြစ်သည်ကိုလည်း မမေ့အပ်ပေ။ သို့ဖြစ်ပါ၍ ထိုသို့ ပြန်ဆိုရာတွင် အထောက်အကူ ရစေရန်မှာ စု၊တု၊ပြု ဆိုသကဲ့သို့ ဘာသာပြန်ဆိုရင်းမှ လေ့လာစုဆောင်းရမည်ဖြစ်ရာ မိမိတို့ ကိုယ်တိုင် အပင်ပန်းခံ၍ ဘာသာပြန်ဆိုခြင်းများ ပြုလုပ်ကြဖို့ လိုအပ်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်ခင်ဗျား။
ဘလူးဖီးနစ်
12-2-2008

ဆက်လက်ဖတ်ရှုရန်